ဆေးလိပ် တစ်လိပ်ချင်းနှုန်းအတွက် သုံးကျပ်မှ ရာခိုင်နှုန်း ၁၂၀ အထိ၊ အရက် တစ်လီတာ နှုန်းအတွက် ၆၆ ကျပ်မှ ရာခိုင်နှုန်း ၆၀ အထိ အခွန်ကောက်ခံရန် လျာထားချက် ပါဝင်သည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း

ဆေးလိပ် တစ်လိပ်ချင်းနှုန်းအတွက် သုံးကျပ်မှ ရာခိုင်နှုန်း ၁၂၀ အထိ၊ အရက် တစ်လီတာ နှုန်းအတွက် ၆၆ ကျပ်မှ ရာခိုင်နှုန်း ၆၀ အထိ အခွန်ကောက်ခံရန် လျာထားချက် ပါဝင်သည့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း
Published 15 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။
အဆိုပါ အခွန်အကောက် ဥပဒေကြမ်းအရ အထူးကုန်စည်များနှင့် ပတ်သက်၍ ပြည်ပမှ တင်သွင်းသည့် အထူးကုန်စည်ဖြစ်လျှင် အခွန်ကို ကုန်းပေါ်ရောက် တန်ဖိုးအပေါ်တွင် လည်းကောင်း၊ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် အထူးကုန်စည်ဖြစ်လျှင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသော ရောင်းဈေးတန်ဖိုး သို့မဟုတ် ဈေးကွက်ပေါက်ဈေးအပေါ် အခြေပြု၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းသတ်မှတ်သည့် ရောင်းဈေးတန်ဖိုး ယင်းတန်ဖိုး နှစ်ရပ်အနက် များရာတန်ဖိုးငွေ အပေါ်တွင် အခွန် ကျသင့်စေရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ အထူးကုန်စည်များ အခွန်စည်းကြပ်မှုတွင် စီးကရက် အမျိုးမျိုးအတွက် အလိပ် ၂၀ ပါ တစ်ဘူးရောင်းဈေး ကျပ် ၃၀၀ အထိဖြစ်လျှင် တစ်လိပ်လျှင် သုံးကျပ်နှုန်း၊ ၃၀၁ ကျပ်မှ ၅၀၀ ထိ ဖြစ်လျှင် တစ်လိပ်လျှင် ၈ ကျပ်နှုန်း၊ ၅၀၁ ကျပ်မှ ကျပ် ၁၀၀၀ ထိဖြစ်လျှင် တစ်လိပ်လျှင်  ၁၄ ကျပ်နှုန်း၊ ၁၀၀၁ ကျပ်မှ ကျပ် ၂၀၀၀ ထိဖြစ်လျှင် တစ်လိပ်လျှင် ၂၉ ကျပ်နှုန်း၊ ၂၀၀၁ ကျပ်မှ ကျပ် ၃၀၀၀ ထိ တစ်လိပ်လျှင် ၄၈ ကျပ်နှုန်းနှင့် ရောင်းဈေး ၃၀၀၁ ကျပ်နှင့် အထက်ဖြစ်လျှင် တန်ဖိုး၏  ရာခိုင်နှုန်း ၁၂၀ ကျသင့်စေရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုး၏ ရာခိုင်နှုန်း ၁၂၀ အခွန် ကျသင့်စေရမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီး ဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ သောက်ဆေးများနှင့် ကွမ်းစားဆေး အမျိုးမျိုးတို့အတွက် ရာခိုင်နှုန်း ၆၀ အခွန် ကျသင့်စေရမည်ဖြစ်ကြောင်း ဥပဒေကြမ်းအရ သိရသည်။
အရက် အမျိုးမျိုးအတွက်လည်း တစ်လီတာ တန်ဖိုး ကျပ် ၅၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၆၆ ကျပ်နှုန်း၊ ၅၀၁ ကျပ်မှ ကျပ် ၁၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၁၉၇ ကျပ်နှုန်း၊ ၁၀၀၁ ကျပ်မှ ကျပ် ၂၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၃၉၄ ကျပ်နှုန်း၊ ၂၀၀၁ ကျပ်မှ ကျပ် ၃၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ကျပ် ၆၅၆ ကျပ်နှုန်း၊ ၃၀၀၁ ကျပ်မှ ကျပ် ၄၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၉၁၉ ကျပ်နှုန်း၊ ၄၀၀၁ ကျပ်မှ ကျပ် ၅၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၁၁၈၁ ကျပ်နှုန်း၊ ၅၀၀၁ ကျပ်မှ ကျပ် ၇၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၁၅၇၅ ကျပ်နှုန်း၊ ၇၀၀၁ ကျပ်မှ ကျပ် ၁၀၀၀၀ ထိဖြစ်လျှင် တစ်လီတာလျှင် ၂၂၃၁ ကျပ်နှုန်း၊ ၁၀၀၀၁ ကျပ်နှင့် အထက်ဖြစ်လျှင် တစ်လီတာ တန်ဖိုး၏ ၆၀ ရာခိုင်နှုန်း အခွန်ကျသင့် စေရမည်ဖြစ်ပြီး ပြည်ပမှ တင်သွင်းခြင်းဖြစ်လျှင် ကုန်းပေါ်ရောက်တန်ဖိုး၏ ရာခိုင်နှုန်း ၆၀ ကျသင့် စေရမည်ဖြစ်ပြီး ဘီယာ အမျိုးမျိုးအတွက် ရာခိုင်နှုန်း ၆၀၊ ဝိုင်အမျိုးမျိုးအတွက် ရာခိုင်နှုန်း ၅၀ အခွန် ကျသင့်စေရမည် ဖြစ်ကြောင်း သိရသည်။
“တစ်မျိုးသားလုံး၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်စေနိုင်သော အရက်၊ စီးကရက် အစရှိသော ကုန်စည်များကို ပြည်သူပြည်သားများ အလွန်အကျွံသုံးစွဲခြင်းမှ လျှော့ချနိုင်ရန်အတွက် လည်းကောင်း၊ ကုန်စည်ထုတ်လုပ်သူ၊ လက်လီရောင်းချသူ၊ လက်ကားရောင်းချသူနှင့် စားသုံးသူများအကြား ဈေးနှုန်း အပြောင်းအလဲ ပြုလုပ်ခြင်း၊ ဈေးနှုန်း လျှော့ချသတ်မှတ်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အခွန်ရှောင်တိမ်းမှုအား တားဆီး ကာကွယ်နိုင်ရန်အတွက်လည်းကောင်း ထုတ်လုပ်ရောင်းချသည့် စီးကရက် အရေအတွက်နှင့် အရက်ပမာဏအလိုက် ရောင်းချသည့် ဈေးကွက်ပေါက်ဈေးအတိုင်း သတ်မှတ်ကောက်ခံရန် ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဆိုသည်။
အခြား အထူးကုန်စည်များဖြစ်သည့် ကျွန်း၊ သစ်မာသစ်လုံးနှင့် အခြေခံအဆင့်သာ ခွဲစိတ်ထားသော သစ်ခွဲသားများအတွက် ၂၅ ရာခိုင်နှုန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့်အခြား အဖိုးတန် ကျောက်မျက် ရတနာ အရိုင်းထည်များအတွက် ၁၅ ရာခိုင်နှုန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များနှင့် လက်ဝတ်ရတနာများအတွက် ငါးရာခိုင်နှုန်း၊ Four Door double Pickup မှအပ ၁၈၀၀ CC အထက် ဗင်ကားများ၊ ဆလွန်၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး(Coupe) ကားများအတွက် ၂၅ ရာခိုင်နှုန်း၊ ရေနံ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီများအတွက် ၁၀ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့အတွက် ရှစ်ရာခိုင်နှုန်း အခွန်ကျသင့်စေရမည်ဟု ဥပဒေကြမ်းတွင် ပါရှိသည်။

Most Read

Most Recent