မကွေးတိုင်း မင်းဘူးခရိုင်အတွင်း မင်းဘူး၊ ငဖဲမြို့နယ်များအတွင်း ကျောက်မီးသွေး လုပ်ငန်းများအနက် အချို့သည် ရွှေစက်တော် ဘေးမဲ့တော ဧရိယာအတွင်း ပါဝင်နေပြီး ကျောက်မီးသွေး တူးရာတွင် ကျန်းမာရေးအတွက် မည်သည့် အကာအကွယ်မျှ မပါဘဲ တူးဖော်နေကြခြင်း၊ ကျောက်မီးသွေးကို မည်သည့်လိုင်စင်ဖြင့် မည်မျှပမာဏ ထုတ်လုပ်ခွင့် ရသည်ကို ပွင့်လင်းမြင်သာစွာ သိခွင့်မရခြင်း၊ ကျောက်မီးသွေး လုပ်ကွက်များကြောင့် စိုက်ပျိုးမြေနှင့် စားကျက်မြေများ လျော့နည်းလာခြင်းများအပေါ် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများက ဝေဖန်မှုများ ရှိနေကြာင်း သတင်းရရှိသည်။
မကွေးတိုင်းအတွင်း မင်းဘူး (စကု)၊ မင်းလှ၊ ငဖဲ၊ မင်းတုန်းမြို့နယ်များအတွင်း သတ္ထုတွင်း ဝန်ကြီးဋ္ဌာနမှ တရားဝင်ခွင့်ပြုချက်ရ ကျောက်မီးသွေး လုပ်ကွက် ၃၀ ကျော်ခန့်ရှိပြီး အချို့ဒေသများတွင် ခွင့်ပြုချက် မရှိဘဲ တူးဖော်မှုများလည်း ရှိနေကြောင်း ရွှေစက်တော် ဘေးမဲ့တော ဧရိယာအတွင်း ဘုရားကျေးရွာ အနီးတွင်ပင် ကျောက်မီးသွေး လုပ်ငန်းနှစ်ခု လုပ်ကိုင်နေကြောင်း မင်းလှမြို့နယ် ကန်နီကျေးရွာအနီး လုပ်ငန်းခွင်တစ်ခုတွင် တရုတ်လူမျိုးများလည်း လုပ်ကိုင်နေပြီး ရထားသံလမ်း ထော်လီများလည်း အသုံးပြုနေကြောင်း ထိုလုပ်ငန်းခွင်မှ မြေစာများကို အနီးရှိ ချောင်းထဲသို့ စွန့်ပစ်မှုကြောင့် ထိုချောင်းနံဘေးဝဲယာရှိ သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း အဆိုပါ မြို့နယ်များအတွင်း ကျောက်မီးသွေး လုပ်ကွက်ဝန်းကျင်များတွင် မြေကျွံခြင်း၊ သီးနှံစိုက်ပျိုး မရဖြစ်ခြင်းနှင့် ဆိတ်၊ ကျွဲ၊ နွားများအတွက် စားကျက်မြေ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လာ ကြောင်းသိရသည်။
“မင်းလှမြို့နယ် ကန်နီကျေးရွာနားမှာကျောက်မီးသွေး လုပ်ကွက်ရှိတယ်ဆိုလို့ ကျွန်တော်တို့ သွားရောက် လေ့လာတော့ တရုတ်လူမျိုးတွေချည်း အယောက် ၇၀ လောက် တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကျောက်မီးသွေး ထုတ်တာမဟုတ်ဘဲ သလင်းကျောက် ထုတ်တယ်လို့လည်း သိခဲ့ရတယ်။ အဲဒီမှာ ရထားသံလမ်းနဲ့ ထော်လီတွေပါ သုံးတော့ ဒါဟာ အသေးစား ထုတ်လုပ်မှုလောက် မကဘူးလို့ ခန့်မှန်းရပါတယ်။ ပြီးတော့ အဲဒီလုပ်ကွက်ကို သတ္ထုတွင်းဝန်ကြီးဋ္ဌာနက တိုက်ရိုက် လုပ်ကိုင်ခွင့် ချပေးတာလား။ မကွေးတိုင်း အစိုးရအဖွဲ့က ခွင့်ပြုတာလား ကွဲကွဲပြားပြား သိဖို့လိုပါတယ်။ ပြီးတော့ တရုတ်လူမျိုးတွေ အများကြီးရှိနေတာက လဝကကိုလည်း ကျွန်တော်တို့ မေးမြန်းရပါဦးမယ်။ မကွေးတိုင်းထဲက ကျောက်မီးသွေး လုပ်ကွက်တွေကို အသေးစားထုတ်လုပ်မှုအတွက် ခွင့်ပြုတာလား၊ အကြီးစားထုတ်လုပ်မှုလား၊ ဘယ်နှနှစ်စာ လုပ်ကိုင်ခွင့် ပြုတာလဲဆိုတာတွေကို သက်ဆိုင်ရာဋ္ဌာနတွေဆီ မေးမြန်းသွားပါမယ်။ ကျောက်မီးသွေး တူးတဲ့နေရာမှာ စိုက်ပျိုးမြေအတွက် ဆုံးရှုံးရတယ်။ ပြီးတော့ တွင်းတွေထဲက ကလိုင်တွေကို ထောက်ကန်ဖို့ သစ်လုံးတွေ အသုံးပြုတော့ သစ်ပင်တွေလည်း ခုတ်ကြပါတယ်”ဟု မကွေး EITI Watch အဖွဲ့မှ ကိုအိုလာက ပြောကြားသည်။
ဧရာဝတီမြစ် အနောက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မကွေးတိုင်း တာဝန်ခံ ဦးသန့်စင်က “မကွေးတိုင်းထဲက ကျောက်မီးသွေး လုပ်ကွက်တွေမှာ လုပ်ကိုင်နေကြသူတွေက နှာခေါင်းစည်းလို အလွယ်တကူ ရနိုင်တဲ့ ကာကွယ်မှုမျိုးတောင် မပါကြပါဘူး။ ပြီးတော့ ကျောက်မီးသွေးတွင်းတွေက မြေအောက်မှာ ဘယ်လောက်အနက်ထိ လိုက်ထားတယ်။ လှိုဏ်ခေါင်းတွေ ဘယ်လောက်ကျယ်တယ် ဆိုတာမျိုးတွေကို မသိကြရပါဘူး။ အဲဒီတော့ မြေကျွန်တာတွေ ဖြစ်ပါတယ်။ ကျေးရွာတွေမှာ လူဦးရေ တိုးလာတာနဲ့အမျှ စိုက်ပျိုးမြေတွေ ချဲ့ထွင်ဖို့အတွက်လည်း ဒီကျောက်မီးသွေး ထုတ်ထားတဲ့ ဝန်းကျင်တွေမှာ မဖြစ်နိုင်တော့ပါဘူး။ ဘေးမဲ့တောဆိုတာ ဘာလုပ်ငန်းမှ ခွင့်ပြုလို့မရပေမယ့် ဘေးမဲ့တော နယ်မြေမှာတင်မက ဘေးမဲ့တောကို ကာကွယ်ထားတဲ့ ကြိုးပြင် ကာကွယ်တောတွေထဲမှာလည်း ကျောက်မီးသွေး လုပ်ကွက်တွေ ရှိနေပါတယ်။ ကျောက်မီးသွေး လုပ်ကွက်တွေမှာ ကျောက်မီးသွေး အတုံးတွေပဲ အရောင်းအဝယ်ဖြစ်တော့ ကျောက်မီးသွေး အမှုန့်တွေကို ဘယ်လိုစွန့်ပစ်လဲ ဆိုတာတွေကအစ ပတ်ဝန်းကျင်ကို သက်ရောက်မှု ရှိပါတယ်”ဟု ဆိုသည်။
“ ကျွန်တော်တို့ဆီက ထွက်တဲ့ ကျောက်မီးသွေးကို နေပြည်တော် ဘိလပ်မြေစက်ရုံဆီ တင်ပို့ပါတယ်။ ကျွန်တော်တို့က သတ္ထုတွင်း ဝန်ကြီးဋ္ဌာနက ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပြီး ဘေးမဲ့တော နယ်မြေနဲ့လည်း လွတ် ကင်းပါတယ်။ ကျောက်မီးသွေးထုတ်တဲ့ နေရာတွေမှာ သစ်ပင်တွေလည်း ပြန်စိုက်ရပါတယ်”ဟု ပြောကြားသည်။
မကွေးတိုင်းအတွင်း သတ္ထုတွင်း ဝန်ကြီးဋ္ဌာန ခွင့်ပြုချက်ရ ကျောက်မီးသွေး လုပ်ကွက်များမှ ကျောက်မီးသွေးများ သယ်ယူခွင့်အတွက် မျောစာများကို မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပေးရကြောင်း လိုင်စင်မဲ့လုပ်ကွက်များမှ ကျောက်မီးသွေးများ သယ်ယူခွင့် ရရှိနေခြင်းအပေါ် ဝေဖန်မှုများ ရှိနေကြောင်း ကျောက်မီသွေး မှော်များအတွင်း လတ်တလော တစ်တန်လျှင် ကျပ် ၅၀၀၀၀ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံရှိ ကျောက်မီးသွေးကြောများတွင် ကလေးဝမှ အဆင့် ၁၊ မကွေးမှ အဆင့်၂၊ ရှမ်းပြည်နယ်မှ အဆင့် ၃ ရှိ ကျောက်မီးသွေးများ ထွက်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
မင်းဘူးခရိုင်အတွင်း ကျောက်မီးသွေး လုပ်ငန်းအချို့သည် ရွှေစက်တော် ဘေးမဲ့တော ဧရိယာအတွင်း ပါဝင်နေပြီး သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုအပေါ် ဝေဖန်မှုများရှိနေ















