အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက် စံကျော်စု အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်အား မီးရထား ဝန်ကြီးဌာနက ခြံစည်းရိုးခတ်မှုကို နေထိုင်သူများက အသနားခံစာ တင်မည်ဖြစ်ကြောင်း ယင်းနေရာတွင် နေထိုင်သူများထံမှ သိရသည်။အဆိုပါ ဈေးကုန်း အရှေ့ရပ်ကွက် စံကျော်စုကို ဒီဇင်ဘာ ၁၄ ရက်က မီးရထား ဝန်ကြီးဌာန၏ တာဝန်ပေးမှုအရ မြို့ပြ အင်ဂျင်နီယာ ဌာနမှ ခြံစည်းရိုးခတ်ခြင်းနှင့် ခြံစည်းရိုး တိုင်စိုက်ခြင်းများ လာရောက် ပြုလုပ်ခဲ့ကြောင်း သိရသည်။“အခု ခြံစည်းရိုးခတ်တာကို မီးရထားကနေ မြို့ပြ အင်ဂျင်နီယာ ဌာနကို လုပ်ခိုင်းတာလို့တော့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အနေနဲ့ မြို့ပြ အင်ဂျင်နီယာဌာန (နေပြည်တော်) ရယ်၊ မြန်မာ့မီးရထား (အောက်မြန်မာပြည်) တို့ကို စာတင်သွားဖို့ ရှိပါတယ်။ သူတို့က ပြောတာတော့ တိုင်စိုက်ရုံလောက်ပဲ။ အဟန့်အတား သဘောမျိုး လောက်ပါပဲလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ လာတိုင်စိုက်တဲ့ အထိလည်း လက်သင့် မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ခြံစည်းရိုး ခတ်ပြီဆိုရင် သူတို့ လိုချင်တဲ့ပုံစံ ဆွဲယူသွားမှာ။ သူတို့ ပိုင်နက်ထဲ ကျူးကျော်နေတယ် ဆိုပြီးတော့ ခေါင်းစဉ်တပ် ဆိုင်းဘုတ်တပ်လိုက်ပြီး ဖယ်ရှားခံရမှာကို ဒီမှာနေတဲ့ လူအကုန်လုံးက စိုးရိမ်နေကြတယ်။ ဘယ်နေရာမှလည်း မပြောင်းချင်ဘူး။ ဒီမှာ နေတာကလည်း ကြာနေပါပြီ” ဟု ယင်းနေရာတွင် နှစ် ၂၀ ကျော်ခန့် နေထိုင်လာသည့် ဦးသိန်းဇော်က ပြောကြားသည်။ဆက်လက်၍ ၎င်းက “ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က သက်ဆိုင်ရာ ဌာနတွေကို အသနားခံစာ တင်သွားပါမယ်။ ကျွန်တော်တို့ တောင်းဆိုမှုတွေကတော့ နှစ်တွေ အကြာကြီး နေထိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီလိုမျိုးတော့ မလုပ်စေချင်ပါဘူး။ အဲဒါကြောင့် အခုလိုမျိုး ကျွန်တော်တို့က အသနားခံစာတင်ပြီး တောင်းဆိုတာပါ” ဟု ဆိုသည်။ယင်းသို့ ခြံစည်းရိုးခတ်ခြင်းနှင့် ပတ်သက်၍ မြို့ပြ အင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ် မေးမြန်းရာ “မီးရထား ဝန်ကြီးဌာနကနေ ခတ်ခိုင်းတာပါ။ မီးရထား နယ်မြေကို လောလောဆယ် သိရုံလောက်ပဲ ခတ်ထားတယ်ဆိုတဲ့သဘောပါပဲ” ဟု ပြောကြားသည်။ယင်းနေရာတွင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၁၆၀၀ ကျော် နေထိုင်လျက်ရှိပြီး နေထိုင်သူ အချို့မှာ နှစ် ၃၀ ခန့် နေထိုင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။
အင်းစိန်မြို့နယ် ဈေးကုန်း အရှေ့ရပ်ကွက် စံကျော်စု အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်အား မီးရထား ဝန်ကြီးဌာနမှ ခြံစည်းရိုးခတ်မှု နေထိုင်သူများက အသနားခံစာ တင်မည်















