နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက် ချယ်ရီမေ ကာရာအိုကေဆိုင်တွင် လူရှစ်ဦးမှ အုပ်စုဖွဲ့ကာ ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား

နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက် ချယ်ရီမေ ကာရာအိုကေဆိုင်တွင် လူရှစ်ဦးမှ အုပ်စုဖွဲ့ကာ ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား
Published 15 December 2015
နေရိုင်း၊ဇေယျာထွန်း

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ပေါင်းလောင်းရပ်ကွက် ချယ်ရီမေ ကာရာအိုကေဆိုင်တွင် ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၁ နာရီ အချိန်က လူရှစ်ဦးမှ အုပ်စုဖွဲ့ကာ ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်ခဲ့ကြောင်း ပျဉ်းမနား မြို့မရဲစခန်းမှ သတင်းရရှိသည်။အဆိုပါ ရဲအုပ်သုံးဦးအား လူငယ်အဖွဲ့ ၈ ယောက်မှ အုပ်စုဖွဲ့ကာ ကာရာအိုကေဆိုင် အတွင်းသို့ ဓားဖြင့် ဝင်ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘောဂဝတီ ရပ်ကွက် (၁၉) လမ်းရှိ ချယ်ရီမေ ကာရာအိုကေဆိုင်သို့ ရဲအုပ်သုံးဦး ရောက်ရှိနေစဉ် ရဲအုပ်သုံးဦးအနက် ရဲအုပ်တစ်ဦးနှင့် ယခင်ကတည်းက သိကျွမ်းခဲ့သော ရန်နောင်စိုး အသက် (၃၃) နှစ်သည် လာရောက်ကာ “မင်းဘာကောင်လဲ၊ ဘယ်လောက် မိုက်သလဲ” ဟုပြောကာ ရန်နောင်စိုးမှ ပုလင်းဖြင့် ရိုက်မည် ပြုလုပ်စဉ် အနီးရှိ ရဲအုပ်နှစ်ဦးက ဖျန်ဖြေပေးခဲ့ရာ ရန်နောင်စိုးမှ စိန်ခေါ်ကာ ထွက်သွားပြီး ခဏအကြာ ရဲအုပ်သုံးဦးရှိသည့် အခန်းအမှတ် ၂၁၄ သို့ ရန်အောင်စိုးနှင့် အမည်မသိ ခုနစ်ဦးတို့မှ ဓားဖြင့်ခုတ်၊ သံတုတ်များဖြင့် ရိုက်နှက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ယင်းကဲ့သို့ အုပ်စုဖွဲ့ ဓားဖြင့်ခုတ် သံတုတ်ဖြင့် ရိုက်နှက်ခံရသည့် ရဲအုပ်သုံးဦးမှာ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ပြီး နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ဆေးကုသ ခံယူလျက်ရှိကြောင်း သိရသည်။ပျဉ်းမနား မြို့မစခန်းမှူး ဦးတင်ဌေးက “ရဲအုပ် သုံးယောက် ပြင်းထန်စွာ ဒဏ်ရရှိပါတယ်။ အခု ကုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆေးကုသမှု ခံယူနေပါတယ်။ ဓားနဲ့ ခုတ်ပြီး တိမ်းရှောင်သွားတဲ့ တရားခံတွေကို ဖမ်းမိဖို့အတွက် လက်ရှိ ဆောင်ရွက် နေပါတယ်။ အဲ့ဒီလိုမျိုးက အရင်က တစ်ခါမှ မဖြစ်ခဲ့ဘူး။ အခုလို ရဲတွေကို တိုက်ခိုက်တာ ပထမဆုံးလို့ ပြောလို့ရတယ်။ နေပြည်တော်မှာ အုပ်စုဖွဲ့ပြီး အကြမ်းဖက်ချင်တဲ့ စိတ်တွေ ရှိနေတယ်။ ဖြစ်လိုက်ပြီ ဆိုရင်လည်း လူငယ်တွေ အုပ်စုလိုက်ဖြစ်တာ များတယ်” ဟု ပြောကြားသည်။အခင်း ဖြစ်ပွားခဲ့သည့် ချယ်ရီမေ ကာရာအိုကေဆိုင်မှာ တရားဝင်လိုင်စင် ရထားသည့် ဆိုင်ဖြစ်ကြောင်း စခန်းမှူး ဦးတင်ဌေးက ဆက်လက် ဆိုသည်။ရဲအုပ်သုံးဦးအား ဓားဖြင့်ခုတ်ခဲ့သည့် ရန်နောင်စိုးနှင့် ကျူးလွန်သူ ၇ ဦးအား ပျဉ်းမနား မြို့မရဲစခန်းတွင် (ပ) ၅၉၆/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။