ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် လေးမျက်နှာမြို့နယ် အိုင်သပြု ကမ်းနားတန်း တစ်လျှောက်ရှိ နေအိမ်များ အရေးပေါ် ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၄ ရက်၊ နံနက်အစောပိုင်းက မြစ်ကမ်းပါး ပြိုကျမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ကမ်းပါးတွင် အက်ကြောင်းများ ထပ်မံ၍ဖြစ် ပေါ်လာမှုကြောင့် ကမ်းနားတစ်လျှောက်ရှိ နေအိမ်များ ရွှေ့ပြောင်းနေရခြင်းဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတို့ စီမံပေးသည့် ပြောင်းရွှေ့ရမည့် မြေနေရာမှာ အဆင်မပြေသဖြင့် ရွေးကောက်ပွဲ အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ၎င်း၏ ခြံဝင်းအတွင်း ယာယီနေထိုင်ခွင့် ပေးထားကြောင်း သိရသည်။
“ညက အိမ်ခြောက်လုံးနေရာ ကမ်းပြိုသွားတယ်။ အဲဒီအိမ်တွေက ည ၁၁ နာရီလောက်မှာ လူတွေရော၊ အိမ်တွေရော အချိန်မီ ရွှေ့လိုက်နိုင်တယ်။ ရွှေ့ပြီး တစ်နာရီခွဲလောက် အကြာမှာ ကမ်းပါးက လုံးဝပြုတ်ကျ သွားတာ။ ဒီနေ့မနက်မှာလည်း ကမ်းက အက်ကြောင်းတွေ ထပ်ပေါ်လာလို့ နောက်ထပ် အိမ် ၂၆ လုံး ဖျက်ရွှေ့နေရပြီ။ ရဲတပ်ဖွဲ့ဝင်တွေကလည်း ကူညီပေးနေပါတယ်။ လမ်းမီးတိုင်တွေနဲ့ အန္တရာယ်ရှိတဲ့ ဟာတွေကိုတော့ မီးသတ်တပ်ဖွဲ့ဝင်တွေက ရွှေ့ပြောင်းပေးပါတယ်။ နှစ်တိုင်း ဒီလောက်မပြိုဘူး။ အရင်ကဆို တစ်အိမ်၊ နှစ်အိမ်ပဲရွှေ့ရတာ။ အခုဟာက အိမ်တွေအများကြီး ရွှေ့နေရတယ်”ဟု အိုင်သပြု ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးခင်ဇော်က ပြောကြားသည်။
“ကမ်းပြိုလို့ အိမ်ဖျက်ရွှေ့နေရတဲ့ မိသားစုတွေက သဲသယ်၊ ကျောက်သယ်၊ ကမ်းနားက ကုန်သယ် အဲဒီလို တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေပါ။ သူတို့ ပြောင်းရွှေ့နိုင်ဖို့ ရပ်ကျေးက စီစဉ်ပေးတဲ့ မြေနေရာက သူတို့ရဲ့ အလုပ်အကိုင်နေရာနဲ့ ဝေးတဲ့နေရာ ဖြစ်နေတယ်။ မြေကလည်း မရှင်းရသေးဘူး။ ရေအခက်အခဲလည်း ရှိလို့ လက်ရှိမှာ အစ်ကို့ရဲ့ ခြံဝန်းထဲမှာ ယာယီနေနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ကလေးတွေနဲ့ ကျန်းမာရေး မကောင်းတဲ့ သူတွေကိုတော့ ဗုဒ္ဓဟူး ဆွမ်းချက်ကျောင်းနေရာမှာ ယာယီထားဖို့ စီစဉ်နေပါတယ်။ သင့်လျော်တဲ့နေရာမှာ မြေနေရာ ချထားပေးရေးအတွက် ရပ်ကျေးနဲ့ မြို့နယ်က စီမံ ဆောင်ရွက်ပေးဖို့ကိုလည်း တင်ပြပေးထားပါတယ်” ဟု လေးမျက်နှာမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက ပြောကြားသည်။
မြစ်ကမ်းပါး ပြိုကျလာမှုကြောင့် နေအိမ်များ ဖျက်ရွှေ့နေရသည့် အိမ်အရေအတွက်မှာ ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင်ပင် အိမ်ခြေ ၃၀ ကျော် ရှိနေပြီဖြစ်ကာ ထိုသို့ရွှေ့ပြောင်းနေရသည့် မိသားစုများတွင် အသက် ၁၂ အောက်ကလေးဦးရေ ၄၀ ကျော်ပါဝင်ပြီး စုစုပေါင်း ရွှေ့ပြောင်းလူဦးရေ ၁၃၀ ကျော် ရှိနေကြောင်း သိရသည်။
ငဝန်မြစ်ကမ်းပါး ပြိုကျမှုကြောင့် လေးမျက်နှာမြို့နယ်၊ အိုင်သပြု ကမ်းနားတန်း တစ်လျှောက်ရှိ နေအိမ်များ အရေးပေါ်ရွှေ့ပြောင်းနေရ















