ယခုရက်ပိုင်း နံနက်အစောပိုင်း အချိန်များ၌ မြူများ ကျဆင်းမှုကြောင့် ရန်ကုန်လေဆိပ်အား ခေတ္တ ပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ် ထွက်ခွာချိန် နောက်ကျမှုများဖြစ်ပေါ်ခဲ့

ယခုရက်ပိုင်း နံနက်အစောပိုင်း အချိန်များ၌ မြူများ ကျဆင်းမှုကြောင့် ရန်ကုန်လေဆိပ်အား ခေတ္တ ပိတ်ထားခဲ့ရပြီး လေကြောင်းခရီးစဉ် ထွက်ခွာချိန် နောက်ကျမှုများဖြစ်ပေါ်ခဲ့
Published 14 December 2015
ရွှန်းလဲ့ဝင်း

ယခုရက်ပိုင်းအတွင်း နံနက်ပိုင်း၌  မြူများ ကျဆင်းမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရပြီး လေကြောင်းခရီးစဉ် ထွက်ခွာချိန် နောက်ကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း Aviation Police-YGN ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဒီဇင်ဘာလ ၁၃ရက်နေ့နှင့် ၁၄ ရက်နေ့ နံနက်အစောပိုင်းအချိန်များ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မြူများကျဆင်းနေသဖြင့် လေယာဉ်အတက်အဆင်းများ ပြုလုပ်ခြင်းမရှိဘဲ ကွင်းအား ယာယီပိတ်ထားခဲ့ရခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၁၃ရက်နေ့ နံနက်က မြူများ ကျဆင်းမှုကြောင့် နံနက် ၆နာရီ ၁၀မိ နစ်အချိန်မှ စတင်ကာ လေယာဉ်ကွင်းအား ပိတ်ထားခဲ့ရပြီး နံနက် ၈နာရီ ၁၅မိနစ်အချိန်တွင်မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့ရသည်။ ဒီဇင်ဘာ ၁၄ရက်နေ့ နံနက်တွင်လည်း  မြူများ ကျဆင်းနေမှုကြောင့် နံနက် ၆နာရီ ၃၀ မိနစ်မှ စတင်ကာ လေယာဉ်ကွင်းအား ပိတ်ထားခဲ့ပြီး နံနက် ၇ နာရီ ၄၅မိနစ်အချိန်တွင်မှ လေယာဉ်ကွင်းအား ပြန်လည်ဖွင့် လှစ်ပေးခဲ့သည်။
ယင်းသို့ ရန်ကုန်လေဆိပ်အား ယာယီပိတ်ထားခဲ့မှုကြောင့် ရန်ကုန်လေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်း လေကြောင်းခရီးစဉ်များ ထွက်ခွာမှု နောက်ကျခဲ့ရကြောင်း သိရသည်။
“မနက် ၅နာရီခွဲ လောက်ကတည်းက မြူတွေကျနေတာ မြင်ကွင်းက မီတာ ၅၀ လောက်အထိပဲ မြင်ရတယ်။ ဒါကြောင့် လေယာဉ်တွေ အတက်အဆင်း ပြုလုပ်ရင် အန္တရာယ်ရှိနိုင်တာမို့ ရန်ကုန်လေဆိပ်ကို ပိတ်ခဲ့တာပါ။ နံနက် ၈ နာရီလောက်မှ မြူတွေ ရှင်းသွားလို့ လေဆိပ်ပြန်ဖွင့်ခဲ့ပါတယ်။ လေကြောင်းလိုင်းတွေအားလုံး ခရီးစဉ် ထွက်ခွာချိန် ၂နာရီလောက် နောက်ကျခဲ့ပါတယ်”ဟုရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးကဆိုပါသည်။
ပြည်တွင်းခရီးစဉ်ပျံသန်းမည့် ပြည်တွင်းလေကြောင်းများသည် နံနက် ၅နာရီ မိနစ ်၃၀ ခန့်မှ နံနက် ၆နာရီ မိနစ်၃၀အတွင်း ပြည်တွင်းခရီးစဉ်များ ပျံသန်းရန်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာရာ ယခုကဲ့သို့ ရန်ကုန်လေဆိပ်အား ခေတ္တပိတ်ထားခဲ့ရမှုကြောင့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ထွက်ခွာချိန် ၂ နာရီမှ ၃ နာရီခန့်အထိ အသီးသီး နောက်ကျခဲ့ကြောင်း သိရသည်။                               
 

Most Read

Most Recent