ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လှုပ်ရှားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် အမှိုက်ကောက်

ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လှုပ်ရှားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် အမှိုက်ကောက်
Published 13 December 2015
အောင်ဇော်ထွန်း၊ ရှိုင်းလင်းအောင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး လှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၁၃ ရက် နံနက်က ကော့မှူးမြို့နယ်တွင် အမှိုက်များ လိုက်လံကောက်ယူမှု ပြုလုပ်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ပါတီဝင်များ၊ ကော့မှူးဒေသခံများ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် အမှိုက်ကောက်သည့် လှုပ်ရှားမှုအား သတင်းလာရောက်ရယူသည့် မီဒီယာ သမားများကိုပါ အမှိုက်ကောက် လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဦးဇွဲနန္ဒက “အန်တီ့ရဲ့ သဘောထားကတော့ အစ်ကိုတို့ တစ်ယောက်ချင်းစပြီး တာဝန်ယူပြီး တစ်ယောက်ချင်းစပြီး ရှင်းလင်းဖို့ပဲ။ ပြောင်းလဲမှု ဆိုတာ ခေါင်းဆောင်က စရမယ်။ ပြောင်းလဲမှုဆိုတာ ကျွန်တော်တို့ ပြည်သူက စရမယ်”  ဟု ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် ပတ်ဝန်းကျင် သာယာလှပရေး လှုပ်ရှားမှုတွင် ပါဝင်ပြီး အမှိုက်ကောက်နေသည့် ပြည်သူများကိုလည်း နှုတ်ဆက်စကား ပြောကြားခဲ့သည်။NLD ပါတီ အနေဖြင့် ပတ်ဝန်းကျင် သာယာလှပရေးအတွက် စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ကော့မှူးမြို့နယ် သာမက တစ်နိုင်ငံလုံးရှိ NLD ပါတီဝင်များက ပြည်သူများနှင့် ပူးပေါင်းကာ သက်ဆိုင်ရာ မြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး ကော်မတီများအား အကြောင်းကြား၍ ဒီဇင်ဘာ ၁၃ ရက်မှ စတင်ပြီး စဉ်ဆက်မပျက် ဆောင်ရွက်ကြရန် စီစဉ်ထားကြောင်း သိရသည်။ကော့မှူးမြို့နယ် NLD က ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ကောက် လှုပ်ရှားမှုကို မြို့နယ် တစ်ခုလုံး၌ ဒီဇင်ဘာ ၁၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အမှိုက်ကောက် လှုပ်ရှားမှုနှင့်အတူ ပြည်သူများ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်နိုင်ရေး ပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာများ ဖြန့်ဝေခဲ့သည်။“ဆက်လက်ဆောင်ရွက်မယ့် အပိုင်းကတော့ အမှိုက်ကောက်တယ်ဆိုတာ ဒီနေ့ ကောက်ပြီးတော့ နောက်နေ့ မကောက်ရင် ပြန်ပွမှာပဲ။ မကြာခဏ လုပ်ရုံတင် မဟုတ်ဘူး။ ကျွန်တော်တို့က အမြဲတမ်း လုပ်ရမှာ။ တစ်ခါလုပ်ပြီး ပျက်သွားရင် မထူးဘူးလေ။ အဲဒီတော့ ဒီအမှိုက်ကို ကိုယ့်မိသားစုတစ်ခု ကိုယ့်အိမ်တစ်ခုက ထွက်မယ့် အမှိုက်ကို ဘယ်လိုမျိုးခွဲသွားမလဲ။ အဲဒီထဲမှာ မြေသြဇာဖြစ်အောင် ဘယ်လိုပြန်သုံးမယ်။ နောက်ပြီးတော့ ပြန်သုံးလို့ရမယ့် အမှိုက်တွေကို ဘယ်လိုပြန်ပြီးတော့ ခွဲခြားသုံးမယ်။ နောက် ပြန်သုံးလို့မရတဲ့ ဥပမာ ကြွပ်ကြွပ်အိတ်လိုဟာမျိုး ဒါက တကယ့်ကို အန္တရာယ် နှစ်ရာနဲ့ချီပြီး ကျန်ခဲ့မှာ အဲဒါမျိုးကို တတ်နိုင်သလောက် လျှော့သုံးရမယ်။ အဲဒါမျိုးကို ကျွန်တော်တို့က ပညာလည်း ပေးရမယ်။ ပညာပေးရမယ် ဆိုတာက တကယ့်အခြေခံ ပြည်သူပြည်သား အားလုံးကို နားလည်အောင် လုပ်ရမှာ” ဟု ဦးဇွဲနန္ဒက ဆိုသည်။ကော့မှူးမြို့နယ် ပတ်ဝန်းကျင် သာယာလှပရေး လှုပ်ရှားမှု အဖွဲ့သည် ပြည်သူများအား ‘အမှန်တကယ် ပြောင်းလဲဖို့ အခြေခံမှ စ၍ပြုပြင်စို့’ ‘လျှော့သုံး၊ ပြန်သုံး၊ ပြုပြင်သုံး’ ဆိုသည့် ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များကိုလည်း လိုက်လံဝေငှခဲ့သည်။အဆိုပါ လက်ကမ်းစာဆောင်တွင် အိမ်တစ်အိမ်မှ ထွက်ရှိမည့် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး ရေးသားထားရာ အမှိုက်မှ မြေသြဇာအဖြစ် အသုံးပြုနိုင်ရေးအတွက် မီးဖိုချောင်မှ စွန့်ပစ် စားကြွင်းစားကျန်များ၊ ဟင်းသီးဟင်းရွက်၊ သီးနှံအကြွင်းအကျန်များ၊ သစ်ရွက်ခြောက်များကို ခြေမွ၍ မြေကျင်းထဲသို့ စွန့်ပစ်ရန်၊ လေကောင်းလေသန့်ရှိသော မြေနေရာတွင် တစ်တောင်ပတ်လည်ရှိ ကျင်းတစ်ခု ထားပြီး အထက်ပါ အမှိုက်များကို ကျင်းထဲသို့ မြေကြီးအနည်းငယ်နှင့် ရောစပ်၍ ထည့်ထားရန်၊ အထဲရှိမြေနှင့် အမှိုက်များ မခြောက်သွေ့စေရန် တစ်ခါတရံ ရေဖျန်းပေးရန်လိုကြောင်း၊ ကျင်းဝသို့ အမှိုက်ပြည့်ရန် နှစ်လက်မအလိုအထိပြည့်လျှင် ထပ်မထည့်ရန်၊ လိုအပ်ပါက ကျင်းနောက်တစ်ခု ထပ်တူးရန် ရေးသားထားပြီး အဆိုပါ ကျင်းထဲရှိ အမှိုက်များသည် လအနည်းငယ်အတွင်း ကောင်းမွန်သော မြေသြဇာဖြစ်ပြီး အပင်များ စိုက်ပျိုးရန် အသုံးပြုနိုင်သည်ဟု ရေးသားထားသည်။ပြန်လည် အသုံးပြုနိုင်သော အမှိုက်များနှင့် ပတ်သက်ပြီး လူသုံးကုန်၊ စားကုန် စွန့်ပစ်ပစ္စည်းများမှတစ်ဆင့် ထပ်မံ၍ လူသုံးကုန် ပစ္စည်းများ ထုတ်လုပ်နိုင်သော ဘူးခွံများ ဥပမာ-ဖန်ပုလင်းများ သံဘူးအလွတ်များ၊ ရေသန့်ဘူး အဟောင်းများကို သန့်စင်ပြီး ပြန်လည်အသုံးပြုနိုင်သော အမှိုက်ပုံးထဲသို့ စွန့်ရန် ရေးသားထားသည်။အထွေထွေ အမှိုက်များနှင့် ပတ်သက်ပြီး လူသုံးကုန်ပစ္စည်းဟောင်းများ ပလတ်စတစ်ပစ္စည်း၊ ကြွပ်ကြွပ်အိတ်များ စသည့် ကမ္ဘာမြေကြီးပေါ်တွင် နှစ်ပေါင်းရာနှင့်ချီ၍ မပျက်စီးဘဲ အမှိုက်အဖြစ် ကျန်ခဲ့မည့် ပစ္စည်းများကို တတ်နိုင်သမျှ လျှော့၍သုံးပြီး အထွေထွေ ပစ္စည်းများ စွန့်ပစ်သည့် အမှိုက်ပုံးထဲသို့ စွန့်ပစ်ရန် ရေးသားထားသည်။

Most Read

Most Recent