ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှိုက်ကောက်လှုပ်ရှားမှုကို NLD ပါတီ ဦးဆောင်၍ ယနေ့ပြုလုပ်မည်

ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှိုက်ကောက်လှုပ်ရှားမှုကို NLD ပါတီ ဦးဆောင်၍ ယနေ့ပြုလုပ်မည်
Published 13 December 2015

ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အမှိုက်ကောက်လှုပ်ရှားမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်၍  ဒီဇင်ဘာ ၁၃ ရက် (ယနေ့) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
 
ပတ်ဝန်းကျင် သာယာလှပရေးစီမံချက်ကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်နှင့် တိုင်းအလုပ်အမှုဆောင်အဖွဲ့များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တို့ထံသို့ ဒီဇင်ဘာ ၇ ရက်က အကြောင်းကြားစာ ပေးပို့ထားရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့များ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ပြည်သူများ ပါဝင်ပူးပေါင်း၍ ဒီဇင်ဘာ ၁၃ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှိုက်ကောက်သိမ်းခြင်း စီမံချက်ကို မိမိတို့ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီများအား အကြောင်းကြား၍ စဉ်ဆက်မပျက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဆိုပါစာတွင် ရေးသားထားသည်။
 
NLD က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမှိုက်ကောက်လှုပ်ရှားမှု ပြုလုပ်ရာတွင်  ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမြို့နယ်သို့ သွားရောက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် လှုပ်ရှားမှုတွင် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
 
ကော့မှူးမြို့နယ် NLD က ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်လှုပ်ရှားမှုကို ဒီဇင်ဘာ ၁၂ ရက်မှ စတင်ကာ သုံးရက် ပြုလုပ်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၃ ရက် လှုပ်ရှားမှုတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည်ဖြစ်ကြောင်း ကော့မှူးမြို့နယ် NLD အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားထားသည်။
 
ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ကောက်လှုပ်ရှားမှုနှင့်အတူ  ပြည်သူများ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်နိုင်ရေး ပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
NLD အနေဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ဆောင်ရန်နှင့်ပတ်သက်ပြီး စီမံကိန်းတစ်ခု ရေးဆွဲထားကြောင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ကိုယ်စားလှယ်များကိုယ်တိုင် ကိုယ့်မြို့နယ်က အမှိုက်များကို ကောက်ကြရမည်ဖြစ်ကြောင်း NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားသည်။
 
ဒေါ်အောင်ဆန်းစုကြည်၏ ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ရန် လမ်းညွှန်မှုအပြီးတွင် ဒေသအသီးသီးရှိ NLD ပါတီဝင်များ၊ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများသည် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး ဒီဇင်ဘာ ၁၃ ရက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်ရန်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က “ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ပတ်သက်လို့ အမှိုက်ကောက်တဲ့ကိစ္စကို ကိုယ်စားလှယ်များ တာဝန်ယူပြီးတော့ လုပ်ရပါလိမ့်မယ်။ ကိုယ်တိုင်ကိုယ်ကျ ဆင်းပြီးတော့ ကိုယ့်မြို့နယ်က အမှိုက်တွေကို ကောက်ရပါလိမ့်မယ်။ ကျွန်မတို့ စီမံကိန်းတစ်ခု ဆွဲထားတယ်။ ကျွန်မတို့ ကိုယ်စားလှယ်တွေကို အသိပေးမယ်။ ဒီစီမံကိန်းကတော့ ကျွန်မတို့ ကော့မှူးမြို့နယ်ကို အခြေခံပြီးတော့ ဆွဲထားပါတယ်။ မြို့နယ်တိုင်း မြို့နယ်တိုင်း ကိုယ့်ရဲ့မြို့နယ်နဲ့ ဆီလျော်အောင်တော့ လုပ်ရမယ်။ ကော့မှူးမြို့နယ်အတိုင်း လုပ်ဖို့ မဟုတ်ဘူး။ အဲဒီဟာကတော့ အကြံပေးအနေနဲ့။ ကျွန်မတို့က ကျွန်မတို့ မြို့နယ်အတွက်ပဲ အသေးစိတ် စီစဉ်လို့ရပါတယ်။ ဒါတွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ညွှန်ကြားချက်ကို မကြာမီထုတ်ပါမယ်”ဟု ပြောကြားသည်။
 
ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ကောက်ရာတွင် NLD လွှတ်တော်ကိုယ်စားလှယ်အားလုံး ပါဝင်ရမည်ဖြစ်ပြီး မပါနိုင်ဘူးဆိုပါက စည်းမျဉ်းစည်းကမ်းအရ အရေးယူမည်ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
“ကိုယ်စားလှယ်တွေ အားလုံး ပါရပါလိမ့်မယ်။ ဘယ်ဆင်ခြေနဲ့မှ အမှိုက်ကောက်တဲ့နေ့မှာ မပါနိုင်ဘူးဆိုတာကို ကျွန်မတို့ လက်ခံမှာ မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းအရ ကျွန်မတို့ အရေးယူမှာပါ။ တကယ်ပဲ ဆေးရုံထဲမှာ အိပ်ရာပေါ်မှာ လဲနေတယ်ဆိုရင် ဒါမျိုးကျတော့ ကျွန်မတို့က ခွင့်ပြုရမှာပေါ့။ တခြား ဘာတာဝန်ပဲရှိရှိ ကိုယ့်ရဲ့မြို့နယ်ရဲ့ တာဝန်ထက် မကြီးဘူးဆိုတာကို အားလုံး သဘောပေါက်ကြပါ။ အဲဒီအတိုင်းပဲ အမှိုက်ကောက်တဲ့နေရာမှာ ကိုယ်စားလှယ်တွေက စပြီးတော့ အောက်ခြေကစပြီးတော့ လုပ်ပြ။ ကိုယ်စားလှယ်တွေ မလုပ်နိုင်တဲ့အလုပ်ကို ပြည်သူတွေလုပ်ပါလို့ ကျွန်မတို့ ခိုင်းပိုင်ခွင့် မရှိဘူး။ ကိုယ်မလုပ်နိုင်ဘဲနဲ့ ပြည်သူကတော့ လုပ်ပါ။ ပြည်သူကတော့ တာဝန်ကျေပါ။ ကျွန်တော်ကတော့ မြိန့်မြိန့်လေး ထိုင်နေမယ်။ ကျွန်မတို့ကတော့ သာသာလေးနေမယ်ဆိုတဲ့ စိတ်ဓာတ်တွေဆိုတာဟာ ကျွန်မတို့ လက်ခံနိုင်တဲ့ စိတ်ဓာတ်တွေ မဟုတ်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Most Read

Most Recent