တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်လက်မှတ်ထိုးထားပြီး ဖြစ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ ဖွဲ့စည်းပြီးပါက ကရင်ပြည်နယ်၌ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်လာရေးကို ဦးစားပေးဖြေရှင်းသင့်ကြောင်း ကရင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များက အကြံပြု ပြောကြားသည်။
အဆိုပါဒုက္ခသည်များ ပြန်လာရေးအတွက် ဆွေးနွေးရန်အချက်ကို NCA စာချုပ်တွင် ထည့်သွင်းထားသော်လည်း ဆွေးနွေးပြီးစီးချိန်ထိ စောင့်မနေဘဲ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်လာရန်အတွက် မိုင်းရှင်းလင်းရေး၊ နေရာထိုင်ခင်းနှင့် အလုပ်အကိုင်များ ဖန်တီးပေးရမည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက အကြံပြုပြောကြားသည်။
“ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အဲဒါကတော့ NCA မှာ အပြည့်အစုံရေးထားတယ်။ သူတို့ဆွေးနွေးမယ်။ ဆွေးနွေးပြီးတဲ့အထိ စောင့်နေမလားပေါ့။ စစ်ပြေးတွေက တချို့ပြန်မလာချင်ဘူး။ ဟိုမှာပဲ အခြေကျနေတဲ့သူတွေ ရှိတယ်။ အဲဒါတွေကော ဘယ်လိုဆက်လုပ်မလဲ။ ထိုင်းအစိုးရကလည်း သိပ်လက်မခံချင်တော့ဘူး”ဟု ဦးမန်းအောင်ပြည် စိုးက ပြောကြားသည်။
ထို့အတူ ကရင်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ စောရဲဝင်းနိုင်ကလည်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စအား အကောင်အထည်ဖော်ရန် ဦးစွာဖြေရှင်းပြီးမှသာ အခြားကိစ္စရပ်များအား တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းသွားသင့်ကြောင်း အကြံပြုပြောဆိုသည်။
“အဲဒါတွေလုပ်ပြီးမှ တစ်ဆင့်ပြီးတစ်ဆင့် တရားဥပဒေ စိုးမိုးရေးလာမယ်။ နောက် မြေယာကဏ္ဍ မြေယာပြဿနာတွေလည်း ရှိတယ်။
ကရင်ပြည်နယ်မှာ ဖြေရှင်းရမယ့် ပြဿနာတွေများပါတယ်”ဟု စောရဲဝင်းနိုင် က ပြောကြားသည်။
ထို့ပြင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ မိသားစုဝင်များ ရေရှည်ရပ်တည်ရေးအတွက် စားဝတ်နေရေးကိစ္စများလည်း ထည့်သွင်းစဉ်းစား၍ အကောင်အထည် ဖော်ပေးရမည်ဖြစ်ကြောင်း ဦးမန်းအောင်ပြည်စိုးက အကြံပြုပြောကြားသည်။
“လတ်တလော ကရင်ပြည်နယ်မှာ အထူးသဖြင့်က လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သူတို့ရဲ့မိသားစုအတွက် ရေရှည် စားဝတ်နေရေးကို ဘယ်လိုလုပ်ပေးကြမလဲ။ အဲဒါ NCA မှာဘာမှမပါဘူး။ ဘာမှ မရေးထားဘူး။ NCA မှာ ဘာမှမရေးထားသည့်အတွက် ရေရှည်တောင့်ခံနိုင်ပါ့မလား။ ဆိုလိုတာက လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြည်သူတွေဆီမှာ အကောက်အခွန်တွေ ကောက်နေတုန်းပဲ။ အဲဒါကို တရားဝင်သလိုလို၊ မဝင်သလိုလို ပြည်သူတွေဘက်ကလည်း ဟို ငါတို့ငြိမ်းချမ်းရေး ရနေပြီ။ NCA ထိုးပြီးပြီ။ ဒီဟာက တောင်းရသေးလား။ ဘာညာ လေသံတွေ ထွက်လာတယ်လေ။ ဆိုတော့ အဲဒါကို အစိုးရက ဦးစားပေး ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ”ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
ထို့ပြင် NLD မှဖွဲ့စည်းမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ပီပြင်အောင် အကောင်အထည်ဖော်ရန် လိုကြောင်း၊ NLD အစိုးရမှ တာဝန်လွှဲပြောင်းရယူချိန်တွင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ စတင်ချိန်ဖြစ်၍ ပီပီပြင်ပြင် ဆောင်ရွက်ရန်လည်း အကြုံပြု ချက်များလည်း ရှိသည်။
“ဒီဟာကို သူ (ဒေါ်အောင်ဆန်းစုကြည်) ဆက်လက်ပြီးတော့ လွှဲပြောင်းရယူမယ်ဆိုရင် ပီပြင်အောင် အကောင်အထည်ဖော်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့အညီ အထူးသဖြင့် ကရင်ပြည်နယ်ဆိုတော့ ကရင်တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့အညီ ထာဝရငြိမ်းချမ်းသော ငြိမ်းချမ်းရေးရရှိဖို့အတွက် လုပ်ပေးဖို့ လိုတယ်လို့ ဒါ ပထမတစ်ချက်။ နောက်တစ်ချက်ကတော့ ဒို့တိုင်းရင်းသားတွေ အမြဲတမ်းတောင်းဆိုနေတဲ့ စစ်မှန်သော ဒီမိုကရေစီခိုင်မြဲသော ပြည်ထောင်စုဆိုတဲ့ဟာကို အကောင်အထည်ဖော်ဖို့ ဆက်လက်ဖော်ပေးဖို့ လိုမယ်။ သူ့လူတွေကို ဒါ တာဝန်ပေးမယ်ဆိုတဲ့ သူတွေကို အသေအချာလုပ်ပေးဖို့ လိုမယ်ဆိုတဲ့အကြောင်း အဓိက အဲဒီနှစ်ချက်ကိုတော့ တို့ကတော့လိုချင်တယ်ကွာ။ ပါတီအနေနဲ့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကောပေါ့”ဟု ဦးမန်းအောင်ပြည်စိုးက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကရင်ပြည်နယ်ရှိ ပြည်သူ့လွှတ်တော် ခုနစ်နေရာအနက် ခြောက်နေရာ၌လည်းကောင်း၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ၁၀ နေရာ၌ လည်းကောင်း၊ ပြည်နယ်လွှတ်တော် ၁၄ နေရာတွင် ၁၀ နေရာ၌ လည်းကောင်း၊ ကရင်ပြည်နယ် မွန်၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် သုံးနေရာ၌ လည်းကောင်း အသီးသီး အနိုင်ရရှိထားသည်။
NCA တွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ လက်မှတ်ထိုးထားပြီးဖြစ်၍ NLD အစိုးရ ဖွဲ့စည်းပြီးပါက ကရင်ပြည်နယ်၌ စစ်ဘေးဒုက္ခသည်များ နေရပ်ပြန်လာရေးကို ဦးစားပေးဖြေရှင်းသင့်ကြောင်း ကရင်ပါတီများ အကြံပြု















