ရွေးချယ်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များအား အစိုးရ/လွှတ်တော် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် သင်တန်းများ ရက်ပိုင်းအတွင်း စတင်ပို့ချမည်

ရွေးချယ်ခံ NLD လွှတ်တော်ကိုယ်စားလှယ်များအား အစိုးရ/လွှတ်တော် တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် သင်တန်းများ ရက်ပိုင်းအတွင်း စတင်ပို့ချမည်
Published 13 December 2015
ငြိမ်းကို

၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးချယ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များကို အစိုးရ/လွှတ်တော် တာဝန်များအား ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် သင်တန်းများကို ရက်ပိုင်းအတွင်း စတင်ပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရွေးချယ်ခံ NLD ပါတီ ကိုယ်စားလှယ်များကို သင်တန်းပို့ချမည့် သင်တန်းမှူးတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ဒီဇင်ဘာ ၁၆ ရက်မှ စတင်၍ သင်တန်းများကို ငါးသုတ်ခွဲကာ နေပြည်တော်၊ ရန်ကုန်၊ ပြည် မြို့သုံးမြို့တွင် ပို့ချသွားမည်ဖြစ်ကြောင်း  ပြောကြားသည်။ 
 
“လွှတ်တော်အမတ်အဖြစ် ထမ်းဆောင်မယ့် ပုဂ္ဂိုလ်တွေ လတ်တလော သိထားရမယ့် အကြောင်းအရာတွေ၊ ဥပဒေတွေ အဲဒါတွေကို ကျွန်တော်တို့က သင်မှာပါ။ သင်တန်းကလည်း ရက်အရှည်ကြီး မဟုတ်ဘူး။ သုံးရက် သင်မယ်။ သုံးရက်ကို လူက သိပ်များတော့ Section တစ်ခုကို  လူ ၁၅၀ အများဆုံး ၁၇၀ လောက်ပဲ လျာထားတယ်။ သိပ်များရင် သင်မယ့် ဆရာအတွက် နည်းနည်း အခက်အခဲရှိတယ်။ ဆိုတော့ အမတ် ၈၀၀ ကျော်လောက်ကို ငါးသုတ်လောက်ခွဲပြီး သင်သွားမယ်။ ဒီဇင်ဘာ ၁၆၊ ၁၇၊ ၁၈ သုံးရက်ကို မန္တလေးတိုင်းရယ်၊ ရှမ်းရယ်၊ ကချင်ပြည်နယ်ရယ်က နေပြည်တော်မှာ သင်သွားမယ်။ ၁၉  ရက်နားပြီးရင် ၂၀ ရက်ကစပြီး သုံးရက်ကို စစ်ကိုင်းတိုင်း နာဂဒေသ ပါမယ်။ ချင်းရယ် ကယားရယ်။ အဲဒီ သုံးခုလည်း နေပြည်တော်မှာ သင်မယ်။ အဲဒါပြီးရင် ခရစ္စမတ်၊ လွတ်လပ်ရေးနေ့တွေရှိလို့ နားမယ်။လွတ်လပ်ရေးနေ့အပြီး ၆ ရက်နေ့မှာ ပြန်စမယ်။ ၆၊ ၇၊ ၈ က ရန်ကုန်အပါအဝင် အောက်မြန်မာပြည်တစ်သုတ်ကို ရန်ကုန်မှာ သင်မယ်။  ၉ ရက် နားပြီးရင် ၁၀၊ ၁၁၊ ၁၂ ရက်တွေကို  ရန်ကုန်မှာ နောက်တစ်သုတ် ထပ်သင်မယ်။ 
ရန်ကုန်က နှစ်သုတ်ကို ဒီလိုခွဲမယ်။ ရန်ကုန်ရယ် ပဲခူးအရှေ့ခြမ်းရယ် နောက်တစ်သုတ်က ဧရာဝတီရယ် ကရင်ရယ် မွန်ရယ်။ နောက်ဆုံး တစ်သုတ်က ၁၃၊ ၁၄ နားပြီးတော့ ၁၅၊ ၁၆၊ ၁၇ ရက်တွေက ပြည်မှာ လုပ်မယ်။ အဲဒါကတော့ မကွေးတိုင်းရယ် ရခိုင်ပြည်နယ်ရယ် ပဲခူးအနောက်ခြမ်းရယ် သင်တန်းပေးမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း သွားရေးလာရေး သက်သာသွားအောင် ကျွန်တော်တို့ ဆရာတွေက သုံးနေရာခွဲသွားပြီး သင်တန်းတွေပေးဖို့ စီစဉ်ထားတာပါ”ဟု ဦးကိုနီက ပြောကြားသည်။
 
သင်တန်းများတွင် လွှတ်တော်အမတ်များ သိသင့်သိထိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများ၊ ရေးရာကော်မတီများ၏ လုပ်ငန်းတာဝန်များ၊ နိုင်ငံတကာဆက်ဆံရေးများကို ပို့ချသွားမည်ဟုလည်း ဦးကိုနီက ပြောကြားသည်။
 
“လွှတ်တော်အမတ် လုပ်ပြီဆိုရင် လွှတ်တော်အမတ်ရဲ့လုပ်ငန်းတွေက ဘာတွေတုန်း။ လွှတ်တော်အမတ်တွေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေက ဘာတွေတုန်း။ လွှတ်တော် အမတ်တွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေက ဘာတွေတုန်း ဒီဟာတွေကို ကျွန်တော်တို့က သူတို့တွေကို သင်တန်းပို့ချပေးဖို့ အရေးပေါ်လိုတယ်။ ပြီးတော့ ဒီလွှတ်တော်ဆိုတာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အောက်မှာ လုပ်ရတဲ့ အဖွဲ့အစည်းဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း သိဖို့လိုတယ်။ နောက်တစ်ခါ လွှတ်တော်မှာ ရေးရာကော်မတီတွေ ရှိတယ်။ ရေးရာကော်မတီတွေရဲ့ လုပ်ငန်းတွေ၊ တာဝန်တွေမှာ သူတို့က ပါဝင်ပြီးတော့ လုပ်ရတော့မယ်။ အဲဒီတော့ သူတို့ပါဝင် အလုပ်လုပ်ရမယ့် နေရာဌာနရဲ့အနေအထား၊ လုပ်ပိုင်ခွင့်တာဝန်တွေ သိဖို့လိုတယ်။ နောက်တစ်ခါ လွှတ်တော်မှာ ဘတ်ဂျက်တွေ ဘာတွေကို ရေးရတဲ့အခါကျတော့ ဘတ်ဂျက်ရေးတယ်ဆိုတာ ဘယ်လိုရေးရတယ်။ ဘယ်လိုဆွဲတယ်။ ဘတ်ဂျက်နဲ့ ပတ်သက်တဲ့ ဥပဒေတွေက ဘာဆိုတာ သိရမယ်။ နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာ နိုင်ငံရေးရာထူးတွေကို တာဝန်ထမ်းဆောင်မယ့်သူတွေ ဖြစ်တဲ့အတွက် သူတို့မှာ Protocol လို့ ခေါ်တဲ့ အဆင့်သတ်မှတ်ချက်တွေ ရှိတယ်။ နိုင်ငံတကာနဲ့ ဆက်ဆံရမှာတွေ ရှိလာမယ်။ ဒါကြောင့် နိုင်ငံတကာဆက်ဆံရေးဆိုတာကို ယေဘုယျသဘောတို့ သိဖို့လိုမယ်ပေါ့ဗျာ”ဟု ၎င်းက ပြောကြားသည်။
 
ထို့ပြင် သင်တန်းပို့ချမည့် သင်တန်းမှူးများနှင့် ပတ်သက်ပြီး ဦးကိုနီက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်အမတ်များ သိသင့်သည့် ဥပဒေများကို  ၎င်းကိုယ်တိုင် ပို့ချမည်ဖြစ်ကြောင်း၊ ပါတီ၏ စည်းမျဉ်းမူဝါဒများ၊ လွှတ်တော်ရှိ ရေးရာကော်မတီများ၏ လုပ်ငန်းတာဝန်များကို အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က ပို့ချမည်ဖြစ်ကြောင်းနှင့် ဘတ်ဂျက်ရေးဆွဲမှုများ၊  ဘတ်ဂျက်ဥပဒေများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ စီးပွားရေးနှင့် ပတ်သက်သည့်ကဏ္ဍများကို နိုင်ငံခြားတက္ကသိုလ်များတွင် ဘွဲ့ရရှိထားသည့် မြန်မာနိုင်ငံသား ပညာရှင်များက ပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 
 
NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးချယ်ခံ ပါတီလွှတ်တော် ကိုယ်စားလှယ်များနှင့်  နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်၊ သီရိခန်းမ၌ တွေ့ဆုံခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များအတွက် သင်တန်းများ အမြန်ဆုံးစတင်မည်ဖြစ်ပြီး တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးကိစ္စသည် အရေးကြီးသည့်အတွက် တိုင်းရင်းသားကိုယ်စားလှယ်များ ဦးစွာသင်တန်းပေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကျေညက်အောင် လေ့လာထားရန် မှာကြားခဲ့သည်။   

Most Read

Most Recent