ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များ၌ အုပ်စုဖွဲ့လုယက်မှု၊ လူသတ်မှုဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိပြီး ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် လမ်းဖယ်ပေးရန်ကိစ္စဖြင့် အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ဝိုင်းရိုက်မှု ဒီဇင်ဘာ ၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၉ ရက် ညပိုင်းက ဒဂုံမြောက်မြို့နယ် ၄၀ ရပ်ကွက် အောင်မင်္ဂလာလမ်း နေထိုင်သူ အမျိုးသားတစ်ဦးကို လမ်းဖယ်ပေးရန် ကိစ္စဖြင့် လူငါးဦးခန့်က အုပ်စုဖွဲ့ရိုက်နှက်ခဲ့ရာ အဆိုပါ အမျိုးသား တစ်ဦးမှာ ဦးနှောက်ကြေ၍ သေဆုံးခဲ့ကြောင်း သိရသည်။
“ဒဂုံမြောက်မြို့နယ်မှာ အမျိုးသားတစ်ဦးကို အုပ်စုဖွဲ့ဝိုင်းဝန်း ရိုက်နှက်ခဲ့တဲ့ သူတွေထဲမှာ ပါဝင်တဲ့သူ နှစ်ဦးကိုတော့ အခင်းဖြစ်နေ့ နောက်ရက်မှာပဲ ဖမ်းဆီးရမိ ထားပါတယ်။ ကျန်တဲ့သူတွေပါ ဖမ်းမိနိုင်ရေး အတွက် သူတို့ကို စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ စစ်ဆေးတွေ့ရှိချက်အရ ပါဝင်တဲ့သူတွေ အားလုံးကို ဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမှာပါ။ အရိုက်ခံရတဲ့ အမျိုးသား တစ်ဦးကတော့ သေဆုံးသွားခဲ့ပါတယ်” ဟု ဒဂုံမြောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှသန်းက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။
“ဦးလေးတူက ကားနဲ့ လမ်းထဲအဝင်မှာ လမ်းဝမှာ အရက်ထိုင်သောက်နေတဲ့ သူတွေကို ကားဟွန်းတီးပြီး ဖယ်ခိုင်းတယ်။ မဖယ်ပေးတဲ့ အတွက် ဦးလေးတူရဲ့ဇနီးက တခြားဘက်ကနေ ပတ်ဝင်ပြီး အိမ်ကိုသွားဖို့ ပြောတဲ့အတွက် တခြားကပတ်ပြီး အိမ်ပြန်တယ်။ အိမ်ရောက်တော့ ဆေးဝယ်ဖို့အတွက် နောက်တစ်ခေါက် ကားနဲ့အထွက်မှာ အခုလို ဝိုင်းရိုက်ကြတယ်လို့ ထင်တယ်။ ဦးလေးတို့လည်း သူအရိုက်ခံရတဲ့ နေရာရောက်တော့ ကားက စက်မသတ်ရသေး။ တံခါးက တစ်ဖက်ကလည်း ပွင့်နေတယ်။ ကားမီးတွေကလည်း ဖွင့်လျက်သား ဖြစ်နေတယ်။ ကားတံခါးဖွင့်ပြီး ဆွဲချခံထားရသလား။ အပြန်အလှန် ထွက်ပြောရင်း အရိုက်ခံ ရသလားတော့ မသိဘူးပေါ့။ ဦးတူကို စတွေ့တော့ နှာခေါင်းနဲ့ နားတွေကနေ သွေးတွေထွက်နေတယ်။ ဦးနှောက်ကြေပြီးတော့ ဆုံးသွားပါတယ်” ဟု သေဆုံးသူ၏ ဦးလေးက ပြောကြားသည်။
အလားတူ အုပ်စုဖွဲ့ လုယက်မှုဖြစ်စဉ်များ၊ လူသတ်လုယက်မှု ဖြစ်စဉ်များ ဒဂုံမြို့နယ်၊ ဗဟန်းမြို့နယ်၊ ဒဂုံမြောက်မြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဒဂုံတောင်မြို့နယ်တွင် ဆိုင်ကယ် လာပြုပြင်သည့် အမျိုးသား တစ်ဦးကို လူတစ်စုက လုံးထွေးထိုးကြိတ်ကာ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့သည်။ သေဆုံးခဲ့သူမှာ ဒဂုံတောင်မြို့နယ်ရှိ စက်မှုဇုန် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာန (ကညန) တွင် လူတစ်စုနှင့် စကားများခဲ့ရာမှ အဆိုပါ လူတစ်စု မကျေနပ်မှုဖြင့် အုပ်စုဖွဲ့ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူများ ဖြစ်သည့် နေမင်းနောင် (ခ) နေယု၊ ရဲထွန်းအောင် (ခ) ပြောင်ကြီး ဆိုသူနှင့် နိုင်သူဟိန်း (ခ) နားသေး ဆိုသူတို့ကို ဖမ်းဆီးရမိကာ ဒဂုံတောင်မြို့မ ရဲခန်းက(ပ) ၁၃၀၀/၁၅ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် နိုဝင်ဘာ၂၁ ရက် နံနက်၂ နာရီ ၄၅ မိနစ်ဝန်းကျင်က ဒဂုံမြောက် မြို့နယ် ၂၉ ရပ်ကွက် မောင်းမကန်လမ်း၊ သိုင်းသင်တန်း ကျောင်းရှေ့ အနီးတွင် Toyota Corola Van အမျိုးအစား အငှားယာဉ်မှာ လမ်းဘေးတွင် ထိုးကျလျှက် အသက် ၄၉ နှစ် အရွယ် အငှားယာဉ်မောင်း တစ်ဦးမှာ မြေပြင်ပေါ်၌ ပလက်လန် အနေအထားဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်အား ရဲတပ်ဖွဲ့က စစ်ဆေးရာ တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူများဖြစ်သည့် ကိုထက် (ခ) မှတ်ကြီး၊ နိုင်လင်းထွန်း(ခ) ကြွက်ပေါက်၊ ဖိုးသဲ(ခ) ဖိုးခွားနှင့် ကျော်ဇင်ထွန်း (ခ) အဖိုးကြီးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ အုပ်စုဖွဲ့၍ လူသတ်ကားလုယူရန် ကြိုးစားရန် စီစဉ်သူများ ဖြစ်ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
ထို့ပြင် ဒီဇင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ငါးထပ်ကြီး ရပ်ကွက်တွင် အငှားယာဉ်များပေါ်မှ လက်ကိုင်ဖုန်းနှင့် ပိုက်ဆံများအား အုပ်စုဖွဲ့ လုယက်မှုများ ပြုလုပ်နေသည့် ဆယ်ကျော်သက် လူငယ်ခြောက်ဦးအား ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အုပ်စုဖွဲ့၍ ရွှေထည်ပစ္စည်း လုယက်မှု ဖြစ်စဉ်မှာလည်း နိုဝင်ဘာလ အတွင်းက ဒဂုံမြို့နယ်၊ ပြည်သူ့ဥယျာဉ် အနီး၌ ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား လူငယ်လေးဦးက ထိုးကြိတ်ကာ ရွှေထည်ပစ္စည်းများ လုယက်ခဲ့ခြင်းဖြစ်ကာ ကျူးလွန်သူ တစ်ဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။
“မှုခင်းဖြစ်စဉ်တွေမှာ အုပ်စုဖွဲ့ ကျူးလွန်တာတွေ များပြားလာတာက စိုးရိမ်စရာပါ။ မြို့ထဲကနေ ဆင်ခြေဖုံး ရပ်ကွက်တွေကို ပြန်ရတဲ့သူတွေ လမ်းပိတ်၊ ကားပိတ်လို့ အိမ်ပြန် နောက်ကျရင် တစ်ဦးတည်းပြန်ဖို့ အဆင်မပြေ တော့ဘူး။ သုံးလေးဦး စုပြန်နေရတယ်” ဟု ဒဂုံတောင်မြို့နယ်နေ မအေးသီရိက ဆိုသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလအထိ ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်မှာ ၄၉ မှုအထိ ရှိလာပြီး လက်ရှိ အစိုးရလက်ထက် ငါးနှစ်တာ ကာလအတွင်း အများဆုံးဖြစ်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ၄၇ မှု၊ ၂၀၁၂ ခုနှစ်တွင် အမှု ၃၀၊၂၀၁၃ ခုနှစ်တွင် ၃၃ မှု၊ ၂၀၁၄ ခုနှစ်တွင် ၄၈ မှုတို့ ဖြစ်ပွားခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် အတွင်း အကျဉ်းသား ထောင်နှင့်ချီကာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး ယင်းတို့အနက် နိုင်ငံရေး အကျဉ်းသား အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ ရာဇဝတ် အကျဉ်းသားများ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၌ အုပ်စုဖွဲ့လုယက်မှု၊ လူသတ်မှုဖြစ်စဉ် အများအပြား ဖြစ်ပွားလျက်ရှိ၊ ဒဂုံမြောက်မြို့နယ်၌ လမ်းဖယ်ပေးရန် ကိစ္စဖြင့် အုပ်စုဖွဲ့ဝိုင်းရိုက်၍ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွား