ကျောက်စိမ်းဆွဲပြား ခိုးမှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသား နှစ်ဦးအား လာမည့်ရုံးချိန်းတွင် ပန်းဘဲတန်းမြို့နယ် တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်

ကျောက်စိမ်းဆွဲပြား ခိုးမှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသား နှစ်ဦးအား လာမည့်ရုံးချိန်းတွင် ပန်းဘဲတန်းမြို့နယ် တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည်
Published 11 December 2015
ပြည့်ဖြိုးအောင်

 ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေး အတွင်းရှိ ကျောက်မျက် ရောင်းဝယ်ရေးဆိုင်မှ ကျောက်စိမ်းဆွဲပြား ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဒီဇင်ဘာ ၁၁ ရက်က ပန်းဘဲတန်းတရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ ရုံးချိန်းတွင် အမှုနှင့်ပတ်သတ်၍ နှစ်ဖက်ရှေ့နေများက စွဲချက်အတွက် လျှောက်လဲချက်ပေးမှုကို တရားသူကြီးက ကြားနာခဲ့ပြီး လာမည့် ဒီဇင်ဘာ ၂၁ ရက် ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့် အမိန့်ချမည် ဖြစ်ကြောင်း သိရသည်။
“ဒီနေ့က စွဲချက်နဲ့ပတ်သက်ပြီးတော့ နှစ်ဖက်ရှေ့နေတွေရဲ့ လျှောက်လဲချက်ကို တရားသူကြီးက ကြားနာခဲ့တယ်။ နောက်ရုံးချိန်းကျရင် စွဲချက်တင် မတင် အမိန့်ချမှာပါ” ဟု ပန်းဘဲတန်းမြို့နယ် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ဒီဇင်ဘာ ၁၁ ရက်ရုံးချိန်း အပြီးတွင် ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်းဆန်းဈေး၊ ဗဟိုရုံရှိ ကျောက်မျက် ရောင်းဝယ်ရေးဆိုင်သို့ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်နေ တရုတ်နိုင်ငံသား နှစ်ဦးဖြစ်သည့် Mr.Liu Jian Yue (၄၇ နှစ်) နှင့် Mr.Yang Jian Zhang (၅၁ နှစ်) တို့ ရောက်ရှိလာပြီး ကျောက်မျက်ရတနာများ ဝယ်ယူလိုကြောင်း ပြောသဖြင့် ဆိုင်ဝန်ထမ်းများက ကျောက်မျက် ရတနာများအား ထုတ်ပြခဲ့သော်လည်း မည်သည့် ပစ္စည်းမျှ ဝယ်ယူခြင်းမရှိဘဲ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။
၎င်းတို့နှစ်ဦး ပြန်လည် ထွက်ခွာသွားစဉ် ဆိုင်ဝန်ထမ်းများက မသင်္ကာ၍ ပြသခဲ့သော ကျောက်စိမ်းများအား စစ်ဆေးကြည့်ရာ ငွေကျပ် (၁၅ သိန်း) ခန့် တန်ဖိုးရှိ ကျောက်စိမ်းပြားတစ်ခု ပျောက်ဆုံးသွားသဖြင့် ပန်းဘဲတန်း မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ခိုးယူခဲ့သည့် တရုတ်နိုင်ငံသား နှစ်ဦးကို ခိုးယူသည့်နေ့  မွန်းလွဲပိုင်းတွင်ပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းမိခဲ့ပြီး   ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ပန်းဘဲတန်းမြို့နယ်တွင် တရားစွဲဆို စစ်ဆေးနေခြင်း ဖြစ်သည်။
ထို့ပြင် အလုံမြို့နယ် တရားရုံးတွင်လည်း တရုတ်နိုင်ငံ ကျန်ရှီးပြည်နယ် လင့်ထရံမြို့နယ် လွေ့ကျင်းမြို့ ချွမ်းထိုးရွာတို့တွင် နေထိုင်သည့် တရုတ်နိုင်ငံသား သုံးဦးမှာ ရန်ကုန်မြို့အတွင်း ရွှေအတုလိမ်လည် ရောင်းချမှုကြောင့် တရားစွဲခံထားရကြောင်း သိရှိရသည်။