နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ဒီဇင်ဘာလ ၂ ရက်တွင် နိုင်ငံတော် သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရာတွင် ယခင်က အစဉ်အလာ မရှိခဲ့သေးသည့် နိုင်ငံတော် အကြီးအကဲ တာဝန်များ စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတစ်ခု ထူထောင်ရန်ကိစ္စကို နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး အဆိုပါ ဆွေးနွေးချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော် အစိုးရဘက်မှ နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ MOI Webportal Myanmar facebook တွင် ဖော်ပြခဲ့သည်။ယင်းကော်မတီတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ ပါဝင်ကြောင်း သိရသည်။ယင်းအထောက်အကူပြု ကော်မတီနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အသွင်ကူးပြောင်းရေး အဖွဲ့ကို ဖွဲ့စည်းထားရှိပြီး ယင်းအဖွဲ့တွင် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နှင့် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာ အောင်သူတို့အား တာဝန်ပေးအပ်ထားကြောင်း သတင်းရရှိသည်။















