သာသနာညှိုးနွမ်းေစေမှုဖြင့် တစ်နှစ်ခွဲကြာ တရားစွဲဆိုခံထားရသည့် လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရုံးက ချေဖျက်ကာ တရားရှင်လွှတ်ပေး

သာသနာညှိုးနွမ်းေစေမှုဖြင့် တစ်နှစ်ခွဲကြာ တရားစွဲဆိုခံထားရသည့် လန်ဒန်ဆရာတော်တို့၏ အမှုအား တရားရုံးက ချေဖျက်ကာ တရားရှင်လွှတ်ပေး
Published 10 December 2015

လန်ဒန်ဆရာတော်အပါအဝင် သံဃာငါးပါးအား ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်က စွဲဆိုထားသော ပုဒ်မနှစ်ခုအနက် အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ချမှတ်နိုင်သော ပုဒ်မ၂၉၅(က)ကို ချေဖျက်ကာ တရားရှင်လွှတ်ပေးလိုက်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းသာသနာရေးမှူး တရားလို ဦးစိန်မော်က ပုဒ်မ၂၉၅ (က)နှင့် သံဃာများဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ ဖြင့် တရားစွဲဆိုထားသည့် အမှု နှစ်မှုအနက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် (၂) နှစ်ချမှတ်နိုင်သည့် ၂၉၅ (က)အား ဒီဇင်ဘာ ၁၀ရက်တွင် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး အမှတ်(၄) ဦးငြိမ်းမြင့်က တရားရှင်လွှတ်ပေးခြင်းအမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
 
“ ပြစ်မှုဥပဒေပုဒ်မ ၂၉၅ကို ဦးဥတ္တရမှ ချေဖျက်ပေးရန် တင်သွင်းသော လျှောက်ထားမှုကို ခွင့်ပြုသည်။ ဦးဥတ္တရ(ခေါ်) ဦးမြင့်မောင်အား စွဲချက်မတင်မီ ပြန်လွှတ်ကြောင်း အမိန့်ချမှတ်သည်” ဟူ၍ တရားသူကြီးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ပီနန်ဆရာတော် ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ်အတွင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ၂၀၁၄ ဇွန်လ ၁၀ ရက်ည ၁၀နာရီခန့် တွင် သန္တိသုခကျောင်းတိုက်ကို   ဝင်ရောက်စီးနင်းခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ သံဃာတော် ၂၈၁ ပါး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကျောင်းတိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအဝင် သံဃာ ၂၁ ပါးအား သန္တိသုခကျောင်းတိုက်နှင့် ပါတ်သတ်ကာ အစည်းအဝေးရှိသည်ဟုဆိုကာ ကမ္ဘာအေးကုန်းမြေသို့ အဝေးပြေးယာဉ် ခြောက်စီးဖြင့် ခေါ်ဆောင်သွားခဲ့သည်။ ယင်းအနက်မှ သံဃာတော် ၁၆ပါးအား ညတွင်းချင်း လွှတ်ပေးခဲ့ကာ ပီနန်ဆရာတော် တပည့်ရင်း သံဃာငါးပါးအား ကမ္ဘာအေးကုန်းမြေတွင် ဆက်လက်ထိန်းသိမ်းထားခဲ့သည်။
 
ထို့နောက် ကမ္ဘာအေးကုန်းမြေတွင် ထိန်းသိမ်းထားသည့် သံဃာငါးပါးကို တာမွေတရားရုံးတွင် သာသနာရေးဦးစီးဌာနမှ တိုင်းသာသနာရေးမှုး ဦးစိန်မော်က တရားလိုပြုလုပ်ကာ ၂၀/၉၀၊ ပုဒ်မ၂၉၅(က) ဖြင့် တရားစွဲဆိုခဲ့ပြီး ဇွန်လ ၁၃ရက် နေ့လည် ၁၂ နာရီခန့်တွင် အဓမ္မ လူဝတ်လဲစေကာ  အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။
 
ယခု တရားရှင်လွှတ်ပေးသည့် ပုဒ်မ၂၉၅(က)သည် အမြင့်ဆုံးပြစ်ဒဏ် ၂နှစ် ချမှတ်နိုင်သည့် ပုဒ်မအား တရားရှင်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ သံဃာများဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ကိုမူ ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent