ဆေးရှိခဲ့ပါပြီ

ဆေးရှိခဲ့ပါပြီ
Published 10 December 2015
ကျွန်း

ဒီနှစ် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့က ဒီဇင်ဘာ (၁) ရက်မှာ ပြီးဆုံးသွားခဲ့ပါပြီ။ ကမ္ဘာ့အေအိုင်ဒီအက်စ် နေ့ အထိမ်းအမှတ် ဆောင်ရွက်ချက်တွေ၊ လှုံ့ဆော်မှု၊ ပညာပေးမှုတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကနဲ့ယှဉ်ရင် အလွန်ကို များပြားတယ်လို့ ပြောလို့ရတဲ့ အနေအထားပါ။ တစ်ချိန်က မြန်မာနိုင်ငံမှာ အိတ်ချ်အိုင်ဗွီ ပိုးပွားမှုကို ထိန်းချုပ်ပေးပြီး အေအိုင်ဒီအက်စ်ကို ကာကွယ်ပေးနိုင်တဲ့ အေအာရ်တီ (Antiretroviral Therapy) ဆေးတွေကို အလွယ်တကူ လက်လှမ်းမမီနိုင် ကြတဲ့အပြင် တရားဝင် ပေးခွင့်မရတဲ့အတွက် အဖွဲ့အစည်းအချို့က အလွန်လျှို့ဝှက်၊ နှုတ်လုံစွာ ပေးခဲ့ရတဲ့ အနေအထား ဖြစ်ခဲ့ဖူးပါတယ်။ အခုတော့ အစိုးရဆေးရုံတွေမှာ ရယူနိုင်တဲ့ အဆင့်အထိ ရောက်ခဲ့ပါပြီ။
သို့ပေမဲ့ ‘အေအိုင်ဒီအက်စ် ဖြစ်လျှင် မုချသေရမည်၊ ကုရာနတ္ထိ ဆေးမရှိ’ဆိုတဲ့ အစောပိုင်းက စေတနာအမှား ဖြစ်ခဲ့ဖူးတဲ့ ပညာပေး စာသားလေးက အခုအချိန်အထိ လူတွေ ရဲ့ရင်ထဲမှာ ကျန်ရှိနေဆဲ ဖြစ်ပုံရပါတယ်။ သုညအထိရောက်အောင် လုပ်မယ်ဆိုတဲ့ ခွဲခြား ဆက်ဆံမှုတွေကလည်း ဆက်လက်ရှိနေဆဲမို့ အဲဒီခွဲခြားခံရမှုတွေကြောင့် သေဆုံးနေတဲ့သူတွေ၊ ခံစားသင့်တာထက် ပိုမိုခံစားရတဲ့သူတွေ ရှိနေဆဲပါ။ ကိုယ့်မြို့မှာ၊ ကိုယ့်အိမ်နားမှာ အေအာရ်တီဆေးတွေ ထုတ်လို့ရနိုင်ပေမယ့် လူသိမှာစိုးလို့ ဝေးလံလှတဲ့ အရပ်ဒေသတွေမှာ သွားရောက် ဆေးထုတ်နေဆဲလူတွေ၊ လူသိမခံရဲသေးသူတွေ အများအပြားရှိနေဆဲ ပါ။ မိခင်ထံက အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခြင်း ခံခဲ့ရပြီး အိတ်ချ်အိုင်ဗွီပိုးနဲ့ နေထိုင်နေရတဲ့ ကလေးတွေ၊ အိတ်ချ်အိုင်ဗွီပိုး မကူးစက်ခဲ့ပေမယ့် မိဘမှာ အိတ်ချ်အိုင်ဗွီပိုးရှိခြင်းကို ပတ်ဝန်းကျင်က သိထားတဲ့ ကလေးတွေ ရင်ဆိုင်ရတဲ့ အခက်အခဲ၊ ပြဿနာတွေထဲမှာ ခွဲခြားခံရမှုတွေ ပါနေဆဲပါ။
ဒီနှစ်ရန်ကုန်မြို့မှာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်နဲ့ ပြုလုပ်တဲ့ပွဲတစ်ခုရဲ့ ဆိုင်းဘုတ်မှာ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ကို ‘ကမ္ဘာ့ခုခံကျ ရောဂါကူးစက်မှု တိုက်ဖျက်ရေးနေ့’လို့ ဘာသာပြန်ထားတာ တွေ့လိုက်ရပါတယ်။ အိတ်ချ်အိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ကို ရောထွေးပြန်ဆိုထားခြင်းပါ။ အိတ်ချ်အိုင်ဗွီနဲ့ အေအိုင်ဒီအက်စ်ကို ရှင်းလင်းစွာ ခွဲခြားပြောဆိုခြင်းက လူတစ်ယောက်ရဲ့ အသက်ရှင်ချင်စိတ်အတွက် အရေးပါသလို ခွဲခြားဆက်ဆံမှု တွေအတွက်လည်း အရေးပါပါတယ်။
ဘာကြောင့်ပါလဲ။ အရှေ့မှာ ပညာပေး ဆောင်းပါးရေးသူ၊ ပညာပေးသူတွေ အကြိမ်များစွာ ပြောခဲ့ပြီးသားဖြစ်မယ်လို့ ယူဆတဲ့ အကြောင်းအရာကလေးတွေကိုပဲ ထပ်ပြောချင်ပါတယ်။  အိတ်ချ်အိုင်ဗွီက လူရဲ့ခုခံအားကို တစ်စထက်တစ်စ ကျဆင်းလာစေတဲ့ ဗိုင်းရပ်စ်ပိုးပါ။ သူက နည်းလမ်း (၃)မျိုးနဲ့ အဓိက ကူးစက်တတ်ပါတယ်။
■        ရောဂါပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တယ်။
■        ရောဂါပိုးရှိသူရဲ့ သွေးကတစ်ဆင့် ကူးစက်တတ်တယ်။ (ဆေးထိုးအပ်၊ ချွန်ထက်တဲ့ ပစ္စည်းတွေက ကူးတာက သွေးကြောင့်ပါ။)
■        ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သန္ဓေသား၊ နို့တိုက်မိခင်ကနေ ကလေးကို ကူးစက်တတ်ပါတယ်။
အေအိုင်ဒီအက်စ်ဆိုတာက အိတ်ချ်အိုင်ဗွီပိုးကြောင့် လူရဲ့ခုခံအား အလွန်အမင်း ကျဆင်းလာတဲ့အချိန်မှာ ဝင်လာတဲ့ရောဂါတွေကြောင့် ဖြစ်တဲ့ရောဂါလက္ခဏာစုပါ။ဒါကြောင့် အေအိုင်ဒီအက်စ် ကူးစက်မှုကို တားဆီးကာ ကွယ်နေကြတာ မဟုတ်ပါဘူး။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုမဖြစ်အောင်သာ တားဆီးကာကွယ်နေကြခြင်း ဖြစ်ပါတယ်။
အေအိုင်ဒီအက်စ်က မကူးစက်တတ်လို့ လားဆိုတော့ အေအိုင်ဒီအက်စ်ဆိုတာက ရောဂါတစ်ခု သက်သက်မဟုတ်ဘဲ ရောဂါလက္ခဏာစု ဖြစ်တဲ့အတွက် အဲဒီအထဲမှာ ကူးစက်နိုင်တာတွေရော၊ မကူးစက်နိုင်တာတွေပါ ပါဝင်ပါတယ်။ ဥပမာ-အေအိုင်ဒီအက်စ် ရောဂါလက္ခဏာစုတွေထဲမှာ ပါဝင်တဲ့ တီဘီ ရောဂါဆိုရင် ကူးစက်နိုင်ပါတယ်။ ကင်ဆာဆိုရင် မကူးစက်နိုင်ပါဘူး။ အေအိုင်ဒီအက်စ်ရဲ့ နောက်ဆုံးစာလုံး အက်စ်က ရောဂါလက္ခဏာစုလို့ အဓိပ္ပာယ်ရတဲ့  Syndrome ကို အတိုကောက် ယူထားတာပါ။  
ထပ်မံသိထားသင့်တာက အိတ်ချ်အိုင်ဗွီပိုးရှိတိုင်း အေအိုင်ဒီအက်စ် မရှိပါဘူး။ အိတ်ချ်အိုင်ဗွီပိုးက လူရဲ့ ခုခံအားတွေကို ဖျက်ဆီးပစ်တာက တစ်ရက်၊ တစ်မနက်တည်း မဟုတ်တာကြောင့် နှစ်များစွာ ဘာရောဂါ လက္ခဏာမှ မပြဘဲ နေနိုင်ပါတယ်။ သွေးစစ်ကြည့်မှသာ သေသေချာချာ သိနိုင်တာပါ။ မျက်စိအမြင်နဲ့ သံသယလေးတောင် မဝင်နိုင်တဲ့ အခြေအနေမှာ နှစ်များစွာ ရှိနိုင်ပါတယ်။ ခုခံအား အတိုင်းအတာ တစ်ခုအထိ ကျဆင်းသွားတဲ့ ကာလကျမှသာ ခုခံအားကျဆင်းမှုကို အခွင့်အရေးယူပြီး ဝင်လာတဲ့ ရောဂါတွေကို စတင်ခံစားရပြီး၊ အလွန်ဆိုးရွားတဲ့ အခြေအနေမှာ အေအိုင်ဒီအက်စ်ဆိုတဲ့ အဆင့်ကို ရောက်ခြင်းပါ။
အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရရင် ပျောက်ကင်းအောင် ကုသလို့မရသေးပါဘူး။ ဒါပေမဲ့ အေအိုင်ဒီအက်စ်ထဲက ရောဂါများစွာကို ကုသလို့ရနေပါပြီ။ အေအိုင်ဒီအက်စ် မဖြစ်အောင်လည်း အိတ်ချ်အိုင်ဗွီပိုး ရှိသူတွေကို အေအာရ်တီဆေးတွေ ပေးခြင်းအားဖြင့် ကာကွယ်တားဆီးနိုင်ခဲ့ပါပြီ။ အိတ်ချ်အိုင်ဗွီပိုးရှိရုံနဲ့ အေအိုင်ဒီအက်စ်ဖြစ်ပြီး သေဆုံးဖို့၊ အိပ်ရာထဲလဲဖို့ မလိုအပ်တော့ပါဘူး။ မသိနားမလည်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကသာ အေအာရ်တီကို မရယူဖြစ်အောင်၊ လက်လှမ်းမမီအောင် တားဆီးရင်း အေအိုင်ဒီအက်စ်နဲ့ သေဆုံးစေမှာဖြစ်ပါတယ်။ မိမိမှာ အိတ်ချ်အိုင်ဗွီပိုးရှိနိုင်တဲ့ အခြေအနေရှိတယ်လို့ သံသယရှိရင် စောစောစီးစီး သွေးစစ်ကြည့်တာ အကောင်းဆုံးပါပဲ။
အိတ်ချ်အိုင်ဗွီပိုး မကူးစက်အောင် ဆောင်ရွက်သင့်တာတွေကို ပညာပေးကြရမှာ ‘လိင်အပျော် အပါးလိုက်စားမှုကို ရှောင်ကြဉ်ပါ’ဆိုတာမျိုး မြင်ဖူး၊ ကြားဖူးပါတယ်။ အဲဒီလိုဆိုတဲ့အခါ မိမိက လိင်အပျော်အပါး လိုက်စားသူ မဟုတ်ဘဲ ဒီယောက်ျားနဲ့ပဲ ချစ်သူဖြစ်၊ ဒီယောက်ျားနဲ့ပဲ အိမ်ထောင်ကျဆိုတဲ့ အမျိုးသမီးတွေက သူတို့မှာ အန္တရာယ် မရှိတော့ဘူးလို့ ယူဆတတ်ကြပါတယ်။
၂၀၁၅ ဇွန်လမှာ မြန်မာနိုင်ငံက ထွက်ရှိထားတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အိတ်ချ်အိုင်ဗွီပိုးရှိသူတွေက လူဦးရေစုစုပေါင်းမှာ ၀ ဒသမ ၅၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လူတစ်ထောင်မှာ ငါးယောက်ပတ်ဝန်းကျင် ဖြစ်ပါတယ်။ သို့ပေမဲ့ အန္တရာယ်များတဲ့ အပြုအမူတွေရှိသူလို့ သတ်မှတ်ထားတဲ့ လိင်အလုပ်သမတွေ၊ လိင်တူချစ်သူ အမျိုးသားတွေ၊ မူးယစ်ဆေးသွေးကြောထဲ ထိုးသွင်းသူတွေထဲမှာ ရာခိုင်နှုန်းက မြင့်မားနေဆဲပါ။ ပျမ်းမျှအားဖြင့် လိင်အလုပ်သမတွေထဲမှာ ၆ ဒသမ ၃ ရာခိုင်နှုန်း၊ မူးယစ်ဆေး ထိုးသွင်းသူတွေထဲမှာ ၂၃ ဒသမ ၁ ရာခိုင်နှုန်း၊ လိင်တူချစ်သူ အမျိုးသားတွေထဲမှာ ၆ ဒသမ ၆ ရာခိုင်နှုန်း အိတ်ချ်အိုင်ဗွီပိုးရှိတယ်လို့ တွေ့ရှိရပါတယ်။
၂၀၁၄ ခုနှစ်ထဲ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ လူသစ်တွေရဲ့ ရာခိုင်နှုန်းကို ကြည့်လိုက်တော့ အဲဒီလူတွေနဲ့ ရာခိုင်နှုန်း မတိမ်းမယိမ်း အနေအထားမှာ ရောက်ရှိနေတာက အန္တရာယ်ရှိတဲ့ အပြုအမူနည်းပါးသူ အမျိုးသမီးတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ မူးယစ်ဆေး ထိုးသွင်းသူတွေမှာ ၃၉ ရာခိုင်နှုန်း၊ လိင်တူချစ်သူ အမျိုးသားတွေမှာ ၁၈ ရာခိုင်နှုန်း အသစ်ကူးစက်မှု ကြုံရချိန်မှာ သူတို့က ၂၇ ရာခိုင်နှုန်း ရှိပါသတဲ့။ ဒါက လူ ၁၀၀ အိတ်ချ်အိုင်ဗွီပိုး ထပ်မံ ကူးစက်ခံရတိုင်းမှာ ၂၇ ယောက်က အန္တရာယ်ရှိတဲ့ အပြုအမူ နည်းပါးသူ အမျိုးသမီးတွေ ဖြစ်နေခြင်းပါ။ (စာ-၁၉၊  Global AIDS Response Progress Report Myanmar, 15 June 2015))
သူတို့ ဘယ်ကကူးစက်မလဲ။ သူတို့ရဲ့ ခင်ပွန်းသည်တွေထံက ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒါက ရန်တိုက်ပေးတဲ့ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ လူတိုင်းနီးပါးမှာ အန္တရာယ်ရှိနိုင်ကြောင်းကို သတိပြုမိစေဖို့ပါ။
အိတ်ချ်အိုင်ဗွီပိုးရှိမှန်း စောစောသိရင် လိုအပ်တဲ့ ကုသမှုတွေ စောစောခံယူပြီး အေအိုင်ဒီအက်စ် အဆင့်ကို မရောက်အောင် တားဆီးကာကွယ်လို့ ရပါတယ်။ အေအိုင်ဒီအက်စ် အဆင့်ကို မရောက်တဲ့အခါ အေအိုင်ဒီအက်စ်ကြောင့် စောစီးစွာသေဆုံးရခြင်း၊ ရောဂါဝေဒနာတွေ ဖိစီးတဲ့အတွက် ရုပ်ပျက်ဆင်းပျက် ဖြစ်ရခြင်းတွေကနေ ရှောင်ရှားနိုင်ပါတယ်။ မိမိကနေ သူတစ်ပါးကို ထပ်မံ မကူးစက်အောင်လည်း သတိပြုနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေမှာ မိမိသန္ဓေသားကို မကူးစက်အောင် ကာကွယ်လို့ ရနိုင်ပါတယ်။ မိမိကိုယ်မိမိ ကျန်းမာအောင် နေထိုင်ရင်း မိသားစုအကျိုး၊ အများအကျိုးတွေကို ဆက်လက် ဆောင်ရွက်နေနိုင်ပါတယ်။

Most Read

Most Recent