အနိုင်ရ ကျောက်တန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က အမှုဖွင့်တိုင်တန်းမှုများအပေါ် စတင်စစ်ဆေး

အနိုင်ရ ကျောက်တန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က အမှုဖွင့်တိုင်တန်းမှုများအပေါ် စတင်စစ်ဆေး
Published 9 December 2015
ဇာလီမြင့်ဦး

အနိုင်ရ ကျောက်တန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က အမှုဖွင့်တိုင်တန်းမှုများအပေါ် စစ်ဆေးမှုများ ဒီဇင်ဘာ ၈ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ကျောက်တန်းမြို့နယ် အနိုင်ရ NLD  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အပါအဝင်  မဲရုံစောင့် ဆရာ၊ ဆရာမများ၊ ကော်မရှင်အဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ် တစ်ဦးတည်းက အမှုဖွင့်ထားသည့်ဖြစ်စဉ် ၁၈ မှု အထိရှိကြောင်း သိရသည်။ 
 
“မနေ့က ကိုးမှု။ ဒီနေ့ သုံးမှု စုစုပေါင်း ၁၂ မှုတော့ ကျောက်တန်းတရားရုံးမှာ စပြီးစစ်ဆေးနေပါပြီ။ စစ်ဆေးဖို့အမှုတွေ ကျန်ပါသေးတယ်။ တချို့အမှုတွေက ဥပဒေအကြံပေးဆီမှာ တောင်းထားတုန်းပါ။ တရားရုံးကတော့ ၁၄ ရက်နေ့ ရုံးချိန်း ပြန်ချိန်းထားပါတယ်”  ဟု ကျောက်တန်းမြို့နယ်မှူး ရဲမှူးမင်းစိုးက ဒီဇင်ဘာ ၉ ရက်က ပြောကြားသည်။
 
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ် တစ်ဦးတည်းက အမှုဖွင့်ထားသည့်အမှုများတွင် အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးနှင့်အဖွဲ့အား လမ်းပိတ်ဆို့မှု ဖြင့် လည်းကောင်း၊ အခြားအမှုများတွင် မဲရုံအတွင်း ပေါင်မုန့်နှင့် ရေများပေးေ၀ မဲဆွယ်သည်ဟူ၍ လည်းကောင်း တိုင်တန်းမှုများ ပါဝင်ပြီး မဲရုံစောင့် ဆရာ၊ ဆရာမများနှင့် ကော်မရှင်အဖွဲ့ဝင်များအား အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။
 
“ ဒီအမှုတွေ အကုန်လုံးနဲ့ ပတ်သက်လို့ ၁၄ ရက်နေ့ ပြန်ချိန်းထားပါတယ်။ ဒီနေ့က အရင်တုန်းက တရားလိုက ရွာက မဲရုံစောင့်ပါ။ သူ့နာမည်နဲ့ ရဲစခန်းမှာ တင်ထားပြီးတော့ တရားရုံးရောက်တဲ့အခါကျတော့ တရားလိုက ဦးမျိုးချစ်ဖြစ်သွားပြီးတော့ အရင်တရားလိုက သက်သေဖြစ်သွားတယ်။ ဆိုတော့ အဲဒီကိစ္စကိုလည်း မေးစရာရှိတယ်ပေါ့။ အဲဒါက ဘာကြောင့် ဒီလိုဖြစ်သွားတာလဲဆိုပြီးတော့ပေါ့”  ဟု ကျောက်တန်းမြို့နယ် NLD အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက  ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားသည်။
 
ကျောက်တန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်အေးမြမြမျိုးသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၅၀၆၅ ရရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်က ၃၄၄၉၆ မဲ ရရှိခဲ့သဖြင့် မဲတစ်သောင်းကျော် အသာရကာ ဒေါ်အေးမြမြမျိုးက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ 
 

Most Read

Most Recent