တရားခွင်အတွင်း တရားရုံးအား ဆူပူအောင်ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခံကျောင်းသားများ၏ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ကျော်အား သာယာဝတီမြိုု့နယ်တရားသူကြီးမှ စွဲဆိုထားသည့်အမှုကို သာယာဝတီ တွဲဘက်မြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၉ ရက်က ၈ ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးချိန်းခေါ်ယူခဲ့သည်။ထိုနေ့ရုံးချိန်းတွင် အမှုတွဲမှာ တိုင်းဒေသကြီးတရားလွှတ်တော်သို့ တင်ထားသဖြင့် စစ်ဆေးနိုင်ခြင်း မရှိဘဲ ရုံးချိန်းသာ ပြန်လည်ချိန်းဆိုခဲ့ကြောင်း ဒေါ်ခင်ခင်ကျော်က ပြောကြားသည်။၎င်းက“ဒီနေ့ ရုံးချိန်းခေါ်ပါတယ်။ ဒါပေမယ့် အမှုတွဲက တိုင်းတရားလွှတ်တော်ကို တင်ထားတော့ မစစ်ဖြစ်ဘူး။ ရုံးချိန်းပြန်ပေးပါတယ်။ ဒီဇင်ဘာ ၂၃ ရက်ကို ထပ်ချိန်းလိုက်ပါတယ်” ဟု ပြောကြားသည်။တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်ကျော်မှ ၎င်းအား ဘားကောင်စီ အက်ဥပဒေဖြင့် တရားမစွဲဘဲ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မဖြင့် တိုက်ရိုက်တရားစွဲဆိုခဲ့သဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ပယ်ဖျက်ပေးရန် တိုင်းတရားလွှတ်တော်သို့ လျှောက်ထားခြင်း ဖြစ်သည်။ထို့အပြင် အဆိုပါအမှုတွဲအား တိုင်းတရားလွှတ်တော်မှ ပြန်လည်ရောက်ရှိလာပါက သာယာဝတီတွင် မစစ်ဆေးတော့ဘဲ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တရားရုံးသို့ ပြောင်းလဲခေါ်ယူ စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။ဒေါ်ခင်ခင်ကျော်မှ ၎င်းအား တရားစွဲဆိုထားသည့်အမှုကို သာယာဝတီမြို့နယ် တရားသူကြီး၏ လက်အောက်ရှိ တွဲဘက်တရားသူကြီး ရုံးတွင် စစ်ဆေးနေခြင်းကြောင့် တရားမျှတမှု မရှိမည်ကို စိုးရိမ်သောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက ရုံးပြောင်းစစ်ဆေးပေးရန် ခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ခရိုင်တရားရုံးမှ မင်းလှမြို့နယ်တရားရုံးသို့ ပြောင်းလဲစစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးခံကျောင်းသားများ၏ရှေ့နေ ဒေါ်ခင်ခင်ကျော်ကို သာယာဝတီမြို့နယ် တရားသူကြီးမှ စက်တင်ဘာလ ၁၆ ရက်နေ့က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၂၈ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၂၂၈ သည် ပြစ်မှုထင်ရှားပါက ငွေဒဏ် ၁၀၀၀ ကျပ် (သို့) ထောင်ဒဏ် ၆လ ချမှတ်နိုင်ကြောင်း သိရသည်။
ဖမ်းဆီးခံကျောင်းသားများ၏ ရှေ့နေကို တရားသူကြီးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ ဖြင့် စွဲဆိုထားသည့်အမှုကို ၈ ကြိမ်မြောက် ရုံးချိန်းခေါ်ယူ















