ရွှေမိုးငွေမိုး

ရွှေမိုးငွေမိုး
Published 9 December 2015
ဒေါက်တာခင်မောင်ညို

သိပ္ပံပညာဖြင့် ဖြေရှင်းရခက်သော ပြဿနာများ
တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ကောင်းကင်မှ ထူးခြားစွာ ရွှေရောင်၊ ငွေရောင် အပိုင်းအစများ ကျဆင်းလာသတဲ့။
ရွှေမိုးရွာသောနိမိတ်၊
ငွေမိုးရွာသောနိမိတ်၊
ကောင်းသောနိမိတ်ပင် ဖြစ်ပါသည်။
သို့သော် ဒီအကြောင်းကို သိပ္ပံပညာက ဖြေရှင်းနိုင်ပါ့မလား။
အမှန်တော့ သိပ္ပံပညာက ဖြေရှင်းနိုင်မည်ဟု ကျွန်တော်တို့ ယုံကြည်ကြသည်။
သို့သော် လောလောဆယ်တွင် ကျွန်တောတို့ လက်လှမ်းမမီသေးသော အချက်များစွာ ပါဝင်နေပါလိမ့်မည်။
ဘယ်လိုဖြစ်တာလဲ
မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု တကူသံတိုက်တွင် ဒီဇင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ကောင်းကင်မှ ရွှေရောင်၊ ငွေရောင် အပိုင်းအစများ ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖြစ်အပျက် မဖြစ်ပွားမီ တကူသံတိုက် မူလွန်ကျောင်းဝင်းအတွင်း မိုးအုံ့နေပြီး ရွှေရောင်၊ ငွေရောင် အပိုင်းအစများမှာ ကျောင်းဝင်းအတွင်းသို့ အဓိက ကျဆင်းလာခြင်းဖြစ်ပြီး တနင်္သာရီ မြစ်ပြင်အတွင်းသို့လည်း အနည်းငယ် ကျဆင်းခဲ့ကြောင်း သိရသည်။
“ဖြစ်တာက ညနေ ၄ နာရီလောက်မှာ ဖြစ်တာပါ။ ညနေ ၃ နာရီ ကျောင်းဆင်း ပြီးတဲ့နောက်မှာ ကျောင်းသားတွေ ခဏနားပြီး အချိန်ပို သင်ပေးနေတဲ့အချိန်မှာ ကောင်းကင်ကနေ ရွှေရောင်၊ ငွေရောင် အပိုင်းအစတွေ ကျလာတာ ဖြစ်ပါတယ်။ ကျောင်းသားလေးတွေလည်း အပြင်ကိုသွားရောက်ပြီး လုံချည် တွေနဲ့ခံထားကြတယ်။ ကျွန်တော်တို့ ကျောင်းဝင်းအတွင်းကိုပဲ ကျလာတာ ဖြစ်ပါတယ်။ တနင်္သာရီမြစ်ထဲကို နည်းနည်းကျလာတယ်။ ၁၀ မိနစ်လောက်အထိ ဆက်တိုက်ကျလာနေပြီး နောက်ပိုင်းမှာ မိုးနည်းနည်းရွာလာတယ်။ မိုးကလည်း ငါးမိနစ်လောက်အထိရွာ ပြီး ပြန်တိတ်သွားတယ်။ ဘာကြောင့် ဒီလိုဖြစ်သလဲဆိုတာ အခုထိ မပြောနိုင်သေးပါဘူး။ ရွာအုပ်ချုပ်ရေးပိုင်းတွေလည်း လောလောဆယ် ဘာမှ မသုံးသပ်နိုင်ကြသေးဘူး။ အဖြစ်အပျက်က နည်းနည်းထူးဆန်းနေတယ်။ ကိုယ်တွေ့ကြုံလိုက်ရလို့ပဲ  ဘယ်လိုဖြစ်ပြီး  ဒီရွှေရောင်၊ ငွေရောင် အပိုင်းအစတွေ ကျလာလဲဆိုတာ မသိရှိနိုင်ဘူး ဖြစ်နေတယ်”ဟု တကူသံတိုက်မူလွန် ကျောင်းအုပ်ဆရာကြီး ဦးသိန်းဇော်က ပြောကြားသွားသည်။
မိုးပေါ်မှ ကျလာသလား
မိုးပေါ်ကကျလာတတ်သည့် ထူးခြားမှု ဖြစ်စဉ်အဖြစ် နိုင်ငံတကာမှာ ဖြစ်တာတွေ အများကြီးရှိပါသည်။ ဒေသတစ်ခုတွင် ငါးမိုး ရွာဖူးသည်။ ငါးများကောင်းကင်မှ ကျလာသည်။ နောက် သမ္မာကျမ်းစာထဲတွင် ကောင်းကင်မှ ဖားများ ကျလာကြောင်း ဖတ်ဖူးပါသည်။
အနောက်တိုင်းမှာ ရွှေမိုးငွေမိုး ရွာဖူးတဲ့အကြာင်း မှတ်တမ်းများ ရှိသည်။ ၁၉၅၇ ခုနှစ်က ပြင်သစ်နိုင်ငံ Bourges မြို့ကလေးတွင် ထောင်ပေါင်းများစွာသော ၁၀၀၀ ဖရန့် ငွေစက္ကူ များကျလာတာကို လူတချို့တွေ့ရကြောင်း မှတ်တမ်းတွင် ဖတ်ရသည်။ အလားတူပင် ၁၉၇၅ ခုနှစ်တွင် အမေရိကန်ပြည်  ထောင်စု ချီကာဂိုတွင် တစ်ဒေါ်လာတန် ပိုက်ဆံရွက်ရေ  ၅၈၈ ရွက် ကောင်းကင်မှ ကျလာသည်ကို လူအချို့ရရှိခဲ့သည်။ ထို့အပြင် ၁၉၆၈ ခုနှစ် အင်္ဂလန်နိုင်ငံ စတိုးဆိုင်တစ်ခု အပြင်ဘက် ပလက်ဖောင်းပေါ်တွင် ပဲနိ (Pennies) ငွေများကောင်းကင်မှ ၁၅ မိနစ်ကြာ ကျလာသည်ကို တွေ့ရသတဲ့။ ဘယ်ကနေ ကျလာသည်ကို မသိရပေမယ့် အဲဒီငွေအကြွေစေ့များသည် ပိန်ချိုင့်နေသည့်အတွက် အတော်မြင့်မြင့်မှ ကျလာသည်ဟု ခန့်မှန်းကြသည်။ အဆိုပါအရပ်တွင် အထပ်မြင့် အဆောက်အအုံမရှိသလို လေယာဉ်ပျံလည်း ဖြတ်သန်းပျံသန်းခြင်းလည်း မရှိပါဘူး။ ၁၉၈၁ ခုနှစ် မေလ ၂၈ ရက်က မိန်းကလေးငယ်တစ်ဦးသည် အင်္ဂလန်၊ ရက်ဒဟ်ချ်က စိန့်အယ်လီဇဘက် ဘုရားကျောင်းဝင်းထဲကို ဖြတ်အသွားတွင်  ပြား ၅၀ စေ့ (၅၀ pence coin) တစ်ခု သူ့ရှေ့ မှာ ကျလာတာကို တွေ့ရသည်။ အခြားကလေး အချို့သည်လည်း ထိုသို့ ပိုက်ဆံကျလာသည်ကို ကောက်တွေ့ရသည်။ သူတို့အားလုံး မုန့်ဆိုင်သွားပြီး မုန့်ဝယ်စားကြသည်။ ဆိုင်ရှင်က ဒီစကားကိုမယုံသဖြင့် ဘုရားကျောင်းကို ဖုန်းဆက်သည်။
“အလှူခံပုန်းက ပိုက်ဆံတွေ ပျောက်နေသလား” ဟုမေးရာ ဘုန်းတော်ကြီးက အလှူခံပုံးကို စစ်ဆေးကြည့်သည်။ အရာမယွင်းသည်ကို တွေ့ရသည့်အတွက် “မပျောက်ပါဘူး။ ဒီအတိုင်းပါပဲ” ဟု ဘုန်းတော်ကြီးက ဖြေပါသည်။ ကလေးအားလုံးကတော့ ကောင်းကင်မှ ကျလာသည်ဟု ဆိုကြသည်။
တနင်္သာရီက တကူကျေးရွာ
“ရွှေရောင်၊ ငွေရောင် အပိုင်းအစများ မကျရောက်လာမီ ကျောင်းဝင်းအပေါ် မိုးကောင်းကင်တွင် တစ်နေရာတည်းကွက်၍ မိုးအုံ့နေကြောင်း၊ ကျန်သည့်ကျေးရွာများနှင့် အနီးနားနေရာများတွင်မူ မိုးသား ကင်းစင်နေကြောင်း” တကူကျေးရွာမှ  ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။
“ဒီအနီးနား တစ်ဝိုက်မှာလည်း ဘာသတ္တုတူးဖော်ရေး လုပ်ကွက်မှလည်း မရှိပါဘူး။ လေပွေ တိုက်တာတွေလည်း မဖြစ်ပေါ်ဘူး။ မိုးနည်းနည်းအုံ့ပြီး ရွှေရောင်၊ ငွေရောင် အပိုင်းအစတွေ ကျလာတာပဲ။ ဒါပေမဲ့ နာရီပိုင်းလောက်ပဲ ခံပါတယ်။ ညပိုင်းနှင့် မနက်ပိုင်းမှာ အဲဒီရွှေပြားလေးတွေက မည်းသွားတယ်။ ကိုယ်ပေါ်မှာ လာကပ်နေတဲ့ အဲဒီအပြားလေးတွေကြောင့် ကလေးတွေရဲ့ အရေပြားတွေမှာလည်း ဘာမှမဖြစ်ခဲ့ပါဘူး” ဟု ကျောင်းအုပ်ကြီး ဦးသိန်းဇော်က ပြောကြားသည်။
တနင်္သာရီမြစ်ဖျားပိုင်းတွင် ပါဝင်သော တကူကျေးရွာမှာ မြစ်ကမ်းနံဘေးတွင် ရွာတည်ထားပြီး တကူကျေးရွာ အထက်ဘက် ဝေးလံသည့် နေရာများ ဖြစ်သော ကျောက်လုံးကြီး၊ ဘောလူးချောင်းနှင့် ထားဝယ်ဘက်ရှိ အောင်သာဝရ နေရာများတွင် ချောင်းအတွင်း ရွှေတူးဖော်ခြင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။ မည်သည့် အကြောင်းရင်းကြောင့် ကျဆင်းလာခြင်း ဖြစ်သည်ကို မသိရှိရသေးသော်လည်း ပြဒါးလို အပြားလေးများ ဖြစ်နိုင်ကြောင်း မြက်ခင်းပြင်တွင် ပြဒါးအရောင်လို ပုံစံမျိုး ကျန်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“ဒီကိစ္စက နည်းနည်းထူးဆန်းပြီး ရှုပ်ထွေးနေတယ်။ ကိုယ်တိုင်လည်း မကြုံတွေ့ခဲ့တော့ ပညာရှင်အဆင့် ရှိတဲ့သူတွေပဲ ပြောနိုင်လိမ့်မယ်။ မြိတ်မြို့မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောနိုင်တဲ့သူတွေလည်း မရှိနိုင်ဘူး။ အခုသတ္တုရုံးမှာကလည်း အရာရှိနှစ်ဦးစလုံးက တာဝန်နဲ့ ခရီးထွက်နေရတယ်။ အနီးနားမှာ သတ္တုသိုက် တချို့ရှိတယ်။ အထက်ဘက်မှာ ရွှေကျင်နေတဲ့သူတွေရှိတယ်။ အဲဒါတွေနဲ့ ဆက်စပ်နေမလား မသိဘူး” ဟု မြိတ်ခရိုင် သတ္တုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစိုးရီက ပြောကြားသည်။
“ရွာမှာတော့ ရွှေမိုးငွေမိုး ရွာတယ်ဆိုပြီး ပြောနေကြတာပဲ။ အဖြစ်အပျက်က နည်းနည်း ထူးဆန်းတယ်။ ကျွန်တော်ကတော့ ကိုယ်တွေ့ မကြုံလိုက်ရတဲ့အတွက် အသေးစိတ် မပြောနိုင်ဘူး ဖြစ်နေတယ်။ ဖြစ်ပွားတာကတော့ မှန်ပါတယ်” ဟု တနင်္သာရီမြို့နယ်မှ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ် တကူကျေးရွာသား ဦးအောင်သူရကဆိုသည်။
ကောင်းကင်မှ ထူးဆန်းသည့် အရာများ
ပြီးခဲ့သည့်ရက်ပိုင်းက မြန်မာနိုင်ငံ အထက်ပိုင်းတွင်လည်း ကောင်းကင်မှ ထူးဆန်းသည့် အရာများ ကျဆင်းလာခြင်း၊ ဟောင်ကောင်တွင် စိန်များ ကောင်းကင်မှ ကျဆင်းလာသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း၊ သြစတြေးလျတွင် ထူးခြားသည့် ရာသီဥတု ဖြစ်စဉ်များ ဖြစ်ပေါ်ပြီး မိုးကြိုး အကြိမ်ရေများစွာ ပစ်ချမှုများစသည့် ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ် တကူ ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော အဆိုပါဖြစ်စဉ်မျိုးမှာ ပထမဆုံး ဖြစ်စဉ်ဖြစ်ပြီး ကျဆင်းလာသည့် ရွှေရောင်၊ ငွေရောင် အပိုင်းအစများမှာလည်း နောက်ပိုင်းတွင် အမည်းရောင် ဖြစ်သွားကြောင်း သိရသည်။
“မိုးလေဝသနဲ့ ပတ်သက်ပြီး တနင်္သာရီဘက်မှာ ထူးထူးခြားခြား ဘာမှမတွေ့ရပါဘူး။ မိုးလေဝသဌာနလည်း တနင်္သာရီဘက်မှာ သီးသန့်မရှိပါဘူး။ တနင်္သာရီ တစ်တိုင်းလုံးရဲ့ ရာသီဥတု အခြေအနေနဲ့ ပတ်သက်ပြီး ဒီရက်ပိုင်းအတွင်းမှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ပဲ တွေ့ရှိရပါတယ်။ တခြားထူး ခြားမှုမရှိပါဘူး” ဟု မြိတ်မြို့နယ် မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာန (အထက်လေကြောင်းဌာန ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။           
ကောင်းသောနိမိတ်
ထိုနိမိတ်သည် ကောင်းသောနိမိတ်များ ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်အပြီးတွင် ပြည်သူအားလုံး တက်ကြွနေသည့်အချိန်တွင် ကောင်းနိမိတ် ဘောင်အတိတ် ဆောင်သည်ဟု ဗေဒင်ဆရာများက ယူဆသည်။
 အမှန်တော့ ၂၀၁၅  ရွေးကောက်ပွဲ၏ ရလဒ်သည် ငါးနှစ်တာအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး၏ အနာဂတ်အတွက် ဖြစ်သည့်အပြင် မိမိအတွက်သာမက မိမိ၏သားသမီး၊ မြေးမြစ်များအထိ သက်ရောက်နိုင်သည်ကို ပြည်သူများ သဘောပေါက်နေကြပါပြီ။
ခရစ်ယာန်တို့၏ သမ္မာကျမ်းစာအလိုအရ ဖားများ ကောင်းကင်ပေါ်မှ ကျဆင်းလာခြင်းကို ဖားမိုးရွာသည်ဟုဆိုသည်။ ဖားမိုးရွာလျှင် ကြီးစွာသော မကောင်းသည့်အကျိုး သက်ရောက်မှုရှိမည့် နိမိတ်ကို ပြသည်ဟုဆို ၏။ ဖားမိုးရွာခြင်းသည် ကျိန်စာသင့်နေသည်ကို ဖော်ပြသည်ဟုဆို၏။
ရွေးကောက်ပွဲ မတိုင်မီက မြန်မာပြည်တွင်း နေရာအချို့တွင် ဘုရားအချို့မှ ထီးတော် စိန်ဖူးတော်များ မြေခခြင်း၊ ဘုရားရှေ့ရှိ ခြင်္သေ့များ မြေကြီးထဲ နစ်ဝင်သွားခြင်း စသည့်နိမိတ်များ ဖြစ်ခဲ့ပါသည်။ ဖားမိုးရွာခြင်းကို သိပ္ပံနည်းကျကျ ဖြေရှင်းထားသည်ကို တွေ့ဖူးပါသည်။ ထိုဖားများသည် ရေထဲမှနေ၍ ရေထွက်ကို တိုးဝှေ့သွားစဉ် သဘာ၀ လေဖိအားနည်း ရပ်ဝန်းဒေသဖြစ်ကာ လေအစုပ်ခံရသည့် ပုံစံဖြင့် မိုးပေါ်ရောက်သွားကြသည်။ တစ်နေရာအရောက်တွင် မိုးပေါ်မှ  ပြန်လည်ကျရောက်ခြင်း ဖြစ်သည်ဟု သိပ္ပံက သဘာဝကျကျ မှန်ကန်စွာ ဖြေရှင်းထားပါသည်။
တနင်္သာရီမြို့နယ် တကူကျေးရွာတွင် ကောင်းကင်မှ ထူးခြားစွာ ရွှေရောင်၊ ငွေရောင် အပိုင်းအစများ ကျဆင်းလာသော သဘောတရားကို သိပ္ပံပညာက ဖြေရှင်းနိုင်ပါ့မလားဟု သူငယ်ချင်းတွေက မေးသည်။
အမှန်တော့ သိပ္ပံပညာက ဖြေရှင်းနိုင်မည်ဟု ကျွန်တော် ယုံကြည်ပါသည်။
ကျွန်တော့် ယူဆချက်ကတော့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံမှ ထွက်လာသော ဆာလဖာနှင့် ရွှေကျင်ရာတွင် စွန့်ပစ်သည့် ပြဒါးတို့ ကောင်းကင်တွင် ပေါင်းဆုံမိ ရာ မာကျူရီတူးဆာလဖိုဒ် (Mercury(II)Sulphide) အဖြစ် ဓာတ်ပြု ပေါင်းစပ်သွားနိုင်သည်။ Mercury(II)Sulphide သည် ဓာတ်ပြု အချိုးပေါ်လိုက်၍ အနီမှအဝါရောင် အဖြူရောင်အထိ အမျိုးမျိုးသော ပစ္စည်းကို ဖြစ်စေသည်။ ထိုပစ္စည်းပေါ်တွင် ပြဒါးနှင့်ဆာလဖာ (ကန့်) တို့ ထပ်မံကပ်ငြိကာ အရောင်အမျိုးမျိုးရှိသော ပစ္စည်းလေးများကို ရနိုင်ပါသည်။
စင်စစ် ထိုသို့ ဓာတ်ပြု တွေ့ထိ ပေါင်းစပ်နိုင်ခြေ အလွန်နည်းပါသည်။ ဖြစ်နိုင်ခြေ အပုံတစ်သိန်းတွင် တစ်ပုံထက် နည်းပါသေးသည်။
နိဂုံး
အမှန်တော့ ဒီကိစ္စမျိုးကို သိပ္ပံဖြင့် မဖြေ ရှင်းလိုပါ။
ရွှေမိုးရွာသောနိမိတ်၊
ငွေမိုးရွာသောနိမိတ်၊
မြန်မာပြည်သူတွေ ဆင်းရဲတွင်းမှ လွတ် ကာ ချမ်းသာကြမည့် နိမိတ်ဟု ယူဆလိုပါသည်။ ကြိုးစားသမျှ အကျိုးရှိမည့်နိမိတ်ပါ။
မည်သို့ပင်ဖြစ်စေ ရွှေမိုးငွေမိုးရွာသည်မှာ ကောင်းသောနိမိတ်ပင် ဖြစ်ပါတော့သည်။
ကျမ်းကိုး။
၁. Eleven Daily News
၂. Internet (10 Weird Things That
    Have Fallen From the Sky)
၃. Chemical Reactions

Most Read

Most Recent