မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းသည့် ဗကသ ကျောင်းသားနှင့် အဖွဲ့အား အမှုဖွင့်

မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူးက ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းသည့် ဗကသ ကျောင်းသားနှင့် အဖွဲ့အား အမှုဖွင့်
Published 8 December 2015
စိုးမိုးထွန်း (မုံရွာ)

မုံရွာမြို့ ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိ နေပူခံ ဘုရားရင်ပြင်တော်တွင်  ဖမ်းဆီး ထိန်းသိမ်းခံထားရသည့်  ကျောင်းသားများ  အမြန်ဆုံး လွတ်မြောက်ရေး၊ ကျန်းမာရေး အမြန် ပြန်လည် ကောင်းပါစေ၊ မင်းဆိုးမင်းညစ်များ ကျဆုံးပါစေ၊ မင်းဆိုးမင်းညစ်များ ပျောက်ပါစေဟု Free All PPs စာတန်းဖြင့် ဆီမီးခွက်များ နှင့် ဖယာင်းတိုင်ထွန်းပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့သဖြင့်  မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး  ဦးညွန့်စိုး  (ပ/၃၆၂၉) က  တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် မုံရွာမြို့ မြို့မရဲစခန်း မှတ်ပုံတင် (၂၅) ရဲအရေး မပိုင်မှု အမှတ်စဉ် ၇/၁၅ ပြစ်မှုပုဒ်မ ၅၀၅ (ခ) အရ အမှုရေးဖွင့်ပြီး မုံရွာမြို့နယ် တရားရုံးသို့ ဦးတိုက် လျှောက်ထားပြီး အမှုဖွင့် အရေးယူရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့ မြို့မ ရဲစခန်း စခန်းမှူး ဒုရဲမှူး ပြုံးလွင်ထံမှ သိရသည်။
မုံရွာမြို့ မြို့မစခန်းမှူး ဒုရဲမှူးပြုံးလွင်က “တရားလိုပြုလုပ်ပြီး တိုင်တန်းတာက မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်စိုးပါ။ ကျွန်တော်နဲ့ မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်မင်းကတော့ အသိသက်သေအနေနဲ့ လိုက်ပါဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမှုကတော့ ရဲအရေးမပိုင်လို့ တရားရုံးကို ဦးတိုက် လျှောက်ထားပါ တယ်” ဟု ပြောကြားသည်။
ဝတ်ပြု ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုနွေဦးကိုက “စပြီးဆုတောင်းပွဲလုပ်တာကတော့  ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလို နိုဝင်ဘာ ၆ ရက်က စလုပ်တာပါ။ အမှုဖွင့်တဲ့ ဒီဇင်ဘာ ၇ ရက် ညအထိပါ။ ဆက်တိုက်လုပ်ဖို့ အစီအစဉ် ရှိပါတယ်” ဟု ပြောကြားသည်။
အမှုဖွင့်ခံရသူများမှာ အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ နွေဦးကို အပါအဝင်   မုံရွာခရိုင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မှုံကြီး (ခ) ဖြိုးဇော်ဦး၊ လက်ပံတောင်းတောင် ကယ်တင်ရေး ကော်မတီမှ ဦးမြင့်အောင်၊ ဦးသန်းအေးနှင့် မုံရွာမြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုနိုင်ထွဋ်ဦး၊ ကိုရာဇာတို့ ပါဝင်ကြောင်းလည်း သိရသည်။

Most Read

Most Recent