မဲဆန္ဒနယ်တစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ပါက သုံးလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

မဲဆန္ဒနယ်တစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ပါက သုံးလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း
Published 8 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

မဲဆန္ဒနယ်တစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်ပါက သုံးလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒီဇင်ဘာ ၈ ရက်က ပြည်သူ့လွှတ်တော်၌ တင်သွင်းခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ (ဌ)၏ နောက်တွင် (ဍ)အဖြစ် ပြည်ထောင်စု လွှတ်တော်နာယကက ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ လစ်လပ်ကြောင်း အကြောင်းကြားပါက အကြောင်းကြားသည့် နေ့ရက်မှ သုံးလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပခြင်းဟု ဖြည့်စွက်ကာ လွှတ်တော်အခွင့်အရေး ကော်မတီက ပြင်ဆင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။
ထို့အတူ ဥပဒေကြမ်း ကော်မတီက လေ့လာစိစစ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)၏ နောက်တွင် ပုဒ်မခွဲ(က-၁)အဖြစ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် တစ်ခုခုတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌက အကြောင်းကြားသည့် နေ့ရက်မှ သုံးလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ          ကျင်းပခြင်းဟု ဖြည့်စွက် ပြင်ဆင်ခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကော်မရှင်က အခါအားလျော်စွာ သတ်မှတ် ကျင်းပနိုင်သည်ဟုသာ ပါရှိသဖြင့် လစ်လပ် မဲဆန္ဒနယ်မြေများအတွက် လွှတ်တော်ကိုယ်စားလှယ်များကို အမြန်ဆုံး ရွေးကောက် တင်မြှောက်ပေးနိုင်ရန် ရည်ရွယ်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ဖြည့်စွက်ပြင်ဆင်ပြီး လွှတ်တော် အခွင့်အရေးဆိုင်ရာ ကော်မတီက ဥပဒေကြမ်းကို တင်သွင်းခြင်း ဖြစ်ကြောင်း ဥပဒေကြမ်း ကော်မတီက အစီရင်ခံခဲ့သည်။
လွှတ်တော်တွင်း အရေးကြီးသည့် အရေးကိစ္စများ၊ ဥပဒေများ အတည်ပြုရာတွင် ကိုယ်စားလှယ် လိုအပ်ခြင်းနှင့် မဲဆန္ဒနယ်ရှိ ပြည်သူလူထု၏ အကျိုးအတွက် လွှတ်တော်တွင်း ဆောင်ရွက်ရန် လိုအပ်ခြင်းတို့ကြောင့် ယခုကဲ့သို့ အချိန်အကန့်အသတ် ထည့်သွင်းရေးဆွဲကာ ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ဥပဒေကြမ်းကော်မတီမှ ဆိုသည်။
“သက်ဆိုင်ရာ လွှတ်တော်အဆင့်ဆင့်က လွှတ်တော်ဥက္ကဋ္ဌကနေပြီးတော့ ကိုယ်စားလှယ် လစ်လပ်သွားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြား လိုက်တာနဲ့ သုံးလအတွင်းလို့ သတ်မှတ်လိုက်တဲ့အတွက် တစ်ယောက်ပဲရှိရှိ နှစ်ယောက်ပဲရှိရှိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမယ်”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ဦးသိန်းထွန်းဦးက ပြောကြားသည်။
အလားတူ ဒီဇင်ဘာ ၈ ရက်က ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို တတိယအကြိမ် ပြင်ဆင်ရန် ဥပဒေကြမ်းများ တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းများတွင် ရွေးကောက်ပွဲဆိုသည့် စကားရပ်၏ အဓိပ္ပာယ်ဖွင့် ဆိုရာတွင် ကြားဖြတ်ရွေးကောက်ပွဲလည်း ပါဝင်ကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့ကာ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူအား ကန့်ကွက်သော ကန့် ကွက်လွှာကို ယှဉ်ပြိုင် အရွေးခံသော မည်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းကမဆို သို့မဟုတ် မည်သည့် မဲဆန္ဒရှင်ကမဆို ပုဒ်မ ၅၃ အရ ကော်မရှင်က ဆုံးဖြတ်ပြီးဖြစ်သည့် ကိစ္စရပ်များမှအပ ယင်းမဲဆန္ဒနယ်မြေအတွက် ကျင်းပခဲ့သော ရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း ကန့်ကွက်လိုလျှင် ယင်းရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆီလျော်သော အကြောင်းပြချက်များကို ဖော်ပြပြီး ကော်မရှင်သို့ သတ်မှတ်ထားသည့်အတိုင်း တင်သွင်း လျှောက်ထားနိုင်သည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။

Most Read

Most Recent