အသက် ၈နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရသည့် အမှု ရဲတပ်ဖွဲ့မှ တင်ပြ သည့် ဆေးစာမပြည့်စုံသေးသောကြောင့် ဗဟန်းတရားရုံးတွင် မစစ်ဖြစ်သေး

အသက် ၈နှစ်အရွယ် မိန်းကလေး နှိပ်စက်ခံရသည့် အမှု ရဲတပ်ဖွဲ့မှ တင်ပြ သည့် ဆေးစာမပြည့်စုံသေးသောကြောင့် ဗဟန်းတရားရုံးတွင် မစစ်ဖြစ်သေး
Published 8 December 2015
ဝေလင်းအောင်

 
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နေအိမ်တွင် နှိပ်စက်ခံရသော အသက် ၈ နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ဗဟန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဗဟန်းမြို့နယ်တရားရုံးသို့ ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် အစီရင်ခံစာ တင်ပြခဲ့သည်။အဆိုပါ အသက် ၈ နှစ်အရွယ် မိန်းကလေးအမှုနှင့် ပတ်သက်၍ ရဲအရာရှိက တင်ပြသည့် ရန်ကုန်ပြည်သူ့ဆေးရုံဆေးစာမှ ကနဦး ဆေးစာဖြစ်၍ ဒီဇင်ဘာ ၂၁ ရက်တွင် ဆေးစာထင်မြင်ချက် အပြည့်အစုံတင်ရန်နှင့် စစ်ဆေးရန်ကျန်ရှိသူ အချို့ကို ဆက်လက်စစ်ဆေး၍ တရားရုံးသို့ တင်ပြရန် ဗဟန်းမြို့နယ် တရားသူကြီးက ညွှန်ကြားခဲ့သည်။ယင်းအကြောင်းအရင်းများ ပြည့်စုံမှသာ ဗဟန်းတရားရုံးတွင် အမှုကို စတင်စစ်ဆေးမည်ဖြစ်ကာ ဒီဇင်ဘာ ၇ ရက် ရုံးချိန်းတွင် တရားသို့ တရားလိုသာ လာရောက်ခဲ့ပြီး စွပ်စွဲခံရသူမှာ လာရောက်ခဲ့ခြင်းမရှိသည်ကို သိရှိရသည်။ပြီးခဲ့သည့်နိုဝင်ဘာ၁၈ ရက်က ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ခြံအမှတ် 25 (C-4)  နေအိမ်တွင် အသက်ရှစ်နှစ်အရွယ်  မိန်းကလေးသည် ထမင်းအိုးအတွင်းသို့ လက်မဆေးဘဲ နှိုက်ခဲ့သောကြောင့် အဆူခံရသဖြင့် အိမ်သာအတွင်းသို့ ဝင်နေပြီး တံခါးချက်ချ ပိတ်ထားခဲ့ခြင်းကြောင့် အိမ်အကူဖြစ်သူ မသန်းသန်းဝေက ပြူတင်းပေါက်မှ ဝင်ရောက်ကာ အသက်၈ နှစ်အရွယ် မိန်းကလေးအား ခေါ်ထုတ်၍ ရိုက်နှက်ဆုံးမခဲ့ပြီး မီးဖိုခန်းအတွင်း လက်အားထိုင်ခုံနှင့် ကြိုးချည်ထားခဲ့သည်။ထို့အပြင် နိုဝင်ဘာ ၁၉ ရက်တွင် ဒေါ်သန်းနွဲ့က အပြစ်ပေးသည့်အနေဖြင့် အသက် ၈နှစ်အရွယ် မိန်းကလေးအား ၎င်းင့်အတူ ကြမ်းတိုက်ခိုင်းရာ မလုပ်သဖြင့် နေအိမ်အရှေ့၌ အဝတ်မပါဘဲ ကြိုးတုတ်၍ထားခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ ဝါးခြမ်းပြားဖြင့် ရိုက်နှက်ခံခဲ့ခြင်း၊ ကြိုးဖြင့် တုတ်ခံခဲ့ရခြင်း၊ နေပူထဲတွင် ထားရှိခြင်းခံခဲ့ရသောကြောင့် ၎င်း၏ မျက်နှာ၊ ယာလက်ကောက်ဝတ်နှင့်လက်ခုံ၊ ရင်ဘတ်၊ ကျောပြင် နှင့် ဝဲ/ယာပေါင်တို့တွင် ပွန်းခြစ်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။  အဆိုပါ မိန်းကလေးနှိပ်စက်ခံခဲ့ရသည့် ဓာတ်ပုံမှာ အင်တာနက်နှင့် အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့ခဲ့ပြီးလူအများက ယင်းသို့ပြု လုပ်သူအား ဝေဖန်ရှုံ့ချမှုများ ပြုလုပ်ခဲ့ကြသည်။နှိပ်စက်ခံခဲ့ရသည့် မိန်းကလေးအား ၎င်း၏ မိဘထံမှ ဗိုလ်မှူးကျော်နုမော်တို့ မိသားစုက လွန်ခဲ့သော နှစ်လက စတင်၍ အမွေစားအမွေခံဖြင့် မဟုတ်ဘဲ မွေးစားခဲ့ပြီး လူမှုရေးအရ မစုဝေ၏ မိဘထံ ငွေကျပ် ဆယ်သိန်းထောက်ပံ့ခဲ့ကြောင်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။နှိပ်စက်ခံရသော မိန်းကလေး၏ ဖခင်မှာ တနသာၤရီတိုင်းဒေသကြီးရှိ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း (၉၁၈) မှ တပ်သားတစ်ဦးဖြစ်ကြောင်း ထပ်မံသိရှိရသည်။အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အိမ်အကူ ဒေါ်သန်းနွဲ့အား ဗဟန်းမြို့မရဲစခန်းမှ ကလေးသူငယ် ဥပဒေပုဒ်မ-၆၆(ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 

Most Read

Most Recent