မည်သည့် အစိုးရ တက်သည်ဖြစ်စေ မည်သည့်နိုင်ငံရေး စနစ်ကို သွားသည်ဖြစ်စေ နိုင်ငံတော် ကာကွယ်ရေး တာဝန်သည် အဓိကဖြစ်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

မည်သည့် အစိုးရ တက်သည်ဖြစ်စေ မည်သည့်နိုင်ငံရေး စနစ်ကို သွားသည်ဖြစ်စေ နိုင်ငံတော် ကာကွယ်ရေး တာဝန်သည် အဓိကဖြစ်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောကြား
Published 8 December 2015

မည်သည့် အစိုးရ တက်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေး စနစ်ကို သွားသည်ဖြစ်စေ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ပင် ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် ဥပဒေနှင့်အညီ တာဝန်ပေးထားသည့် အဖွဲ့အစည်းဖြစ်၍ ကျေကျေပွန်ပွန် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ ၇ ရက်က ကျိုင်းတုံတပ်နယ်နှင့် မိုင်းဆတ်တပ်နယ်များ၌ တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။တွေ့ဆုံပွဲများတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နယ်မြေဒေသ တည်ငြိမ်အေးချမ်း သာယာစေရန်အတွက် မိမိတို့တပ်များ အနေဖြင့် အလုပ်လုပ်ဖို့ လိုကြောင်း၊ ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တပ်များသည် တိုက်စွမ်းရည် တိုက်စွမ်းအားရှိသည့် တပ်များဖြစ်ရန် လိုကြောင်း၊ တိုက်စွမ်းရည်ရှိသည့် တပ်ဖြစ်ရန် လေ့ကျင့်သား ပြည့်ဝရန်လိုကြောင်း၊ ဆောင်ရန်၊ ရှောင်ရန် အချက်များကိုလည်း လိုက်နာကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူ့အကျိုးစီးပွားကိုလည်း ဖော်ဆောင်ပေးရန်လိုကြောင်း၊ ပြည်သူပါမှ စစ်နိုင်မည်ဖြစ်၍ ပြည်သူက ယုံကြည်မှုရှိရန် လိုကြောင်း၊ ထို့ကြောင့်  စစ်ဆင်ရေးများ ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးစီးပွားကို မထိခိုက်စေရန် ကာကွယ်ပေးဖို့လိုကြောင်း ပြောကြားခဲ့သည်။ယခုသွားနေသည့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းတွင် လက်နက်ကိုင် ပဋိပက္ခများ မရှိသင့်တော့ကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းမှ တိုင်းပြည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့သည်။ဆက်လက်ပြီး တပ်မတော်သည် စည်းကမ်းနှင့် သွားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ မိမိတို့သွားနေသည့် နိုင်ငံရေးစနစ်သည် စည်းကမ်းဥပဒေကို အလေးထားသည့် နိုင်ငံရေးစနစ် ဖြစ်ကြောင်း၊ ပါတီစုံ ဒီမိုကရေစီသည် အခြေခံဥပဒေနှင့်အညီ အခွင့်အရေးများ ပေးထားကြောင်း၊ လူ့အခွင့်အရေးဆိုပြီး လုပ်ချင်ရာလုပ်၍ မရကြောင်း၊ ဥပဒေနှင့်အညီ သွားရမည်ဖြစ်ကြောင်း၊ တပ်များသည်လည်း ဥပဒေစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent