NCA စာချုပ်တွင် NLD ဥက္ကဋ္ဌ လက်မှတ်မထိုးခြင်းမှာ လက်မှတ်မထိုးသည့် အဖွဲ့များအား ပိုမိုဖိအားပေး တိုက်ခိုက်လာမည်ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်၍ဟု NLD ကိုယ်စားလှယ်များ ဆွေးနွေး

NCA စာချုပ်တွင် NLD ဥက္ကဋ္ဌ လက်မှတ်မထိုးခြင်းမှာ လက်မှတ်မထိုးသည့် အဖွဲ့များအား ပိုမိုဖိအားပေး တိုက်ခိုက်လာမည်ကို ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်၍ဟု NLD ကိုယ်စားလှယ်များ ဆွေးနွေး
Published 8 December 2015

NCA စာချုပ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လက်မှတ်မရေးထိုးခဲ့ခြင်းမှာ လက်မှတ်ရေးထိုးသည့် အဖွဲ့များအား တရားဝင် အသိအမှတ်ပြုပြီး လက်မှတ်မထိုးသည့် အဖွဲ့များအား ပိုမိုဖိအားပေး တိုက်ခိုက်မည်ကို စိုးရိမ်သည့် အတွက်ကြောင့်ဟု NLD လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့သည်။ဒီဇင်ဘာ ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ကိစ္စနှင့် စပ်လျဉ်းပြီး ဆွေးနွေးစဉ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းဂျော်နီက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ဦးမန်းဂျော်နီက “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် NCA စာချုပ် လက်မှတ်ရေးထိုးနိုင်တဲ့ အပေါ်မှာ အသိအမှတ် ပြုပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မှတ်ရေးထိုးခြင်း မပြုတာကို အားလုံး သိကြပါတယ်။ အဲဒီလို မထိုးခဲ့တာကလည်း တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ စာချုပ် ဖြစ်ပေမယ့် လက်မှတ် မရေးထိုးတဲ့ အဖွဲ့တွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ ပါတီခေါင်းဆောင် ကိုယ်တိုင် လက်မှတ်ရေးထိုးမယ်ဆိုရင် လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ အဖွဲ့ကြားမှာ နားလည်မှု လွဲမှားသွားစေနိုင်ပါတယ်။ နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစိုးရိမ်ဆုံး၊ စိုးရိမ်မှု အရှိဆုံးကတော့ လက်မှတ်ထိုးတဲ့ အဖွဲ့တွေကို တရားဝင် အသိအမှတ်ပြုပြီးတော့ လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ပိုမိုဖိအားပေး တိုက်ခိုက်လာမည်ကို စိုးရိမ်တဲ့အတွက် ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။လောလောဆယ် ဖြစ်ပွားနေသည့် ကချင်ပြည်နယ် မိုးညှင်းဒေသ၊ ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီးဒေသများတွင် လက်နက်ကြီးများ သုံး၍ တိုက်ခိုက်နေသည့်အပြင် တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များသုံးကာ တိုက်ခိုက်မှုသည် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်သည့်အတိုင်း ဖြစ်လာသည်မှာ သာဓကဖြစ်ကြောင်း ဆက်လက်ဆွေးနွေးခဲ့သည်။ထို့အပြင် နောင်အနာဂတ် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တိုင်းရင်းသားများ ယုံကြည်သော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ခေါင်းဆောင်သွားမည်ဟု အတိအလင်း ကြေညာထားကြောင်း၊ NCA စာချုပ်ထဲတွင် ပါဝင်သည့် ကောင်းမွန်မှန်ကန်သည့် အချက်များအား ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။NLD မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အမျိုးသား ရင်ကြားစေ့ရေး မူကို ကိုင်စွဲထားကြောင်း၊ NCA စာချုပ်အား အသိအမှတ်ပြုကြောင်း၊ NCA စာချုပ် လက်မှတ်ရေးထိုးရာတွင်မူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လက်မှတ်မရေးထိုးခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား နားလည်မှု လွဲမှားနိုင်သည့်အပြင် စာချုပ်သည် တစ်နိုင်ငံလုံးနှင့် ဆိုင်နေသော်လည်း လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့များ ကျန်ရှိနေသောကြောင့် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ထို့အပြင် နိုင်ငံရေး ဆွေးနွေးပွဲများကို အချိန်ဇယား မူဘောင်ခတ်၍ ဆောင်ရွက်ခြင်းသည် ယနေ့ခေတ် အခြေအနေနှင့် လိုက်လျောညီထွေမှု အားနည်းနေခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ချမှတ်ခြင်း စသည်တို့သည် နောင်ဖွဲ့စည်းလာမည့် အစိုးရအတွက် ပြုလွယ်ပြင်လွယ်ဖြစ်ရန် လိုအပ်ကြောင်း၊ အားလုံးပါဝင် လက်မှတ်ရေးထိုးနိုင်သည့် စာချုပ်ဖြစ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်က ဆွေးနွေးခဲ့သည်။

Most Read

Most Recent