ပြည်သူတွေအတွက် မတော်မတည့်တာတွေ ရှင်းရမယ် . . .

ပြည်သူတွေအတွက် မတော်မတည့်တာတွေ ရှင်းရမယ် . . .
Published 7 December 2015
ကျော်ဇောလင်း

မကြာမီ ပြည်သူတွေက ဆန္ဒပြု ရွေးချယ်ထားတဲ့ အရပ်သား အစိုးရသစ်တစ်ရပ် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေက တင်မြှောက်ထားတဲ့ အစိုးရဖြစ်လို့ နောင်တက်လာမယ့် အစိုးရသစ်ဟာ ပြည်သူတွေကို မျက်နှာမူပြီး ပြည်သူတွေရဲ့ အရေးကိစ္စ ပြည်သူတွေရဲ့ အခွင့်အလမ်း လူမှုဘ၀ တိုးတက်ဖွံ့ဖြိုးဖို့ လုပ်ကြရတော့မှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုဝင်ဘာ ၈ ရက်မှာ သူ့ရဲ့ပါတီ အပြတ်အသတ် အနိုင်ရပြီး နိုင်ငံနဲ့ပြည်သူအတွက် အလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။ နိုင်ငံရေး တည်ငြိမ်မှုအရ အရေးပါတယ်လို့ ထင်ရတဲ့   Dialogue တွေကို သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လည်းဖြစ် လက်ရှိ အစိုးရအကြီးအကဲတွေနဲ့ တပ်မတော်အကြီးအကဲတွေအပေါ် သြဇာရှိနေဆဲလို့ ယူဆခံရသူ ဦးသန်းရွှေတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား တွေ့ဆုံမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။
ဒီလို တွေ့ဆုံ စကားပြောမှုတွေကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ အခြေအနေ ကောင်းနိုင်တယ်လို့ ယူဆမှုတွေ ရှိနေသလို တစ်ဖက်ကလည်း နိုင်ငံရဲ့ ရှုပ်ထွေးနေဆဲဖြစ်တဲ့ အခြေအနေတွေ အတွက် သတိနဲ့ စောင့်ကြည့်မှုတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ တင်မြှောက်လိုက်တဲ့ NLD ပါတီက အစိုးရတာဝန်တွေကို ရယူနိုင်ခဲ့ပြီ ဆိုရင်တောင် ပြုပြင် ပြောင်းလဲရေးအတွက် လုပ်ရမယ့် အလုပ်တွေက အများကြီး ရှိနေတယ်ဆိုတာ သေချာပါတယ်။ ပြည်သူတွေကလည်း NLD ပါတီကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသား ထောက်ခံလိုက်ကြပြီးနောက်မှာ သူတို့ဘယ်လို ပါးပါးနပ်နပ်နဲ့ ထက်ထက်မြက်မြက် လုပ်ဆောင်မလဲဆိုတာကို အဓိက စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ပါတီက ကိုယ်စားလှယ်လောင်းတွေကို တွေ့ဆုံတဲ့ အခါမှာ အပြောင်းအလဲကို ဘယ်လိုစိတ်မျိုးနဲ့ လုပ်ရမယ်၊ အာဏာရတဲ့အခါ လက်စားချေမှုမျိုး မပြုလုပ်ကြဖို့၊ မှားတဲ့သူကို ပြောင်းလဲခွင့် ပြင်ဆင်ခွင့်ပေးမယ်၊ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးတွေကို အုပ်ချုပ်ရေးပိုင်းကစပြီး လုပ်ဆောင်မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ပြည်သူ့ကိုယ်စားလှယ်လောင်းတွေကို ပြည်သူနဲ့ တစ်သားတည်းဖြစ်အောင် စံပြဖြစ်အောင် ပထမဆုံး လုပ်ဆောင်မှုတစ်ခုအနေနဲ့ အမှိုက်ကောက်မှုတွေကို ကိုယ့်ဒေသအတွင်းမှာ လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ သူကိုယ်တိုင်လည်း ဒီလို အခြေခံကစပြီး ကိုယ်တိုင် လုပ်ဆောင်ပြမယ်၊ အပြောင်းအလဲကို ပြည်သူနဲ့ လက်တွဲပြီး လုပ်ဆောင်မယ်ဆိုတဲ့ Message ကို လူထုခေါင်းဆောင်က ပြည်သူတွေကို ချပြလိုက်ပါတယ်။
တကယ်တော့ အမှိုက်တွေ မဟုတ်ဘူး။ NLD အစိုးရသစ် ဖြစ်လာရင် ရှင်းရမယ့်ကိစ္စတွေ အများကြီးပါပဲ။ ဒီထဲမှာ အားလုံးရဲ့ စောင့်ကြည့်မှုကို ခံရမှာက လာဘ်ပေးလာဘ်ယူမှုကို အုပ်ချုပ်ရေးပိုင်းကနေစပြီး ဘယ်လိုတိုက်ဖျက်မလဲ။ ဘယ်လိုကိုင်တွယ်မလဲ။ တကယ် လုပ်နိုင်မလားဆိုတဲ့ အချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြည်သူတွေအတွက် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့် အဝန်းအဝိုင်း သန့်ရှင်းဖို့ အမှိုက်ကောက်တာဟာ လုပ်သင့်တဲ့ကိစ္စ ဖြစ်သလို အရင်ခေတ် အဆက်ဆက် ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေတာကို ပြန်လည်ရရှိအောင် လုပ်ပေးရမယ့် ကိစ္စကလည်း အရေးပါပါတယ်။ အထူးသဖြင့် ပြည်သူပိုင်ပစ္စည်းတွေ ပြည်သူတွေရဲ့ အနားယူ အပန်းဖြေစရာ နေရာတွေ ခေတ်အဆက်ဆက် မတန်တဆ ဈေးနှုန်းတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့လက်ထဲမှာ ရောက်နေတာတွေကို ပြန်လည် စီမံ ခန့်ခွဲပေးရပါမယ်။ ကရဝိက်ဥယျာဉ်၊ မျှော်စင်ကျွန်း အပါအဝင် ကန်တော်ကြီးအတွင်း မြေ ၂၅ ဧကကို ဇေကမ္ဘာ ကုမ္ပဏီကို တစ်နှစ် ကျပ်သိန်း ၃၀၀ နဲ့သာ  ငှားရမ်းထားတာဖြစ်လို့ နိုင်ငံအတွက် များစွာနစ်နာတယ်လို့ စာရင်းစစ်ချုပ် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
ဒီတစ်ပတ် သတင်းသုံးသပ်ချက် ကဏ္ဍမှာ အခုလို ပြည်သူပိုင် နေရာတွေ ဈေးပေါပေါနဲ့ နှစ်ရှည်လုပ်ဆောင်ခွင့် ပေးထားလို့ နိုင်ငံနစ်နာရမှုနဲ့ ပတ်သက်တာတွေကို သုံးသပ်တင်ပြမှာဖြစ်ပြီး  NLD အစိုးရ ဖြစ်လာရင် ပြည်သူအတွက် ဒါတွေကို အလျင်အမြန် ဖြေရှင်း လုပ်ဆောင်ပေးရမယ်ဆိုတာကို တင်ပြလိုပါတယ်။
ဒါဟာ လာဘ်ပေး လာဘ်ယူမှု တစ်ခုလား
ကရဝိက်ဥယျာဉ်၊ မျှော်စင်ကျွန်း အပါအဝင် ကန်တော်ကြီးအတွင်း မြေ ၂၅ ဧကဆိုတဲ့ ပမာဏဟာ  ရန်ကုန်မြို့လို နေရာမျိုးမှာ တန်ဖိုးဖြတ်ဖို့တောင် အင်မတန်ခက်ပါတယ်။ ဒီလောက်ပမာဏကို တစ်နှစ် ကျပ်သိန်း ၃၀၀ ပဲ နိုင်ငံတော်က ရရှိတယ်ဆိုတော့ တစ်လမှ သိန်း ၃၀ တောင်မရှိဘူး။ ရန်ကုန်မြို့ အချို့မြို့နယ်တွေမှာ မြေညီထပ် တိုက်ခန်းတစ်ခန်း ငှားမယ်ဆိုရင်တောင် သာမန် အခန်းတစ်ခန်းဟာ တစ်လ ကျပ်သိန်း ၃၀ မက ပေးရနိုင်တယ်။
ဒီတော့ အခုလို ပြည်သူပိုင်ပစ္စည်းတွေကို လွှဲပြောင်းငှားရမ်းရာမှာ နိုင်ငံအတွက် ဘယ်လောက်တောင် နစ်နာခဲ့နိုင်သလဲဆိုတာ စဉ်းစားရင်တောင် စိတ်မချမ်းသာစရာပါပဲ။ ဒီလို ကရဝိက်ဥယျာဉ်၊ မျှော်စင်ကျွန်း အပါအဝင် ကန်တော်ကြီးအတွင်း မြေ ၂၅ ဧက ငှားရမ်းမှုမှာ ချုပ်ဆိုထားတဲ့ စာချုပ်ကိုကြည့်ရင် ၂၀၁၀ ပြည့်နှစ်ကစပြီး နှစ် ၃၀ ငှားရမ်းခဲ့တယ်။ ပထမ ငါးနှစ်အထိ ငှားရမ်းခက တစ်နှစ်ကို တစ်ဧက ကျပ် ၁၂ သိန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၃၀၀ ဖြစ်ပါတယ်။ နှစ်စဉ် တိုးမြှင့်လာတဲ့ ကာလပေါက်ဈေးနဲ့ ဆီလျော်တဲ့ ငှားရမ်းခ နှုန်းထားကို ချိန်ထိုးပြီး တိုးမြှင့်သင့်သော်လည်း ဒုတိယငါးနှစ်မှာ မူလငှားရမ်းခရဲ့ ၅ ရာခိုင်နှုန်းထက် မနည်း ၁၀ ရာခိုင်နှုန်းထက် မများသော ဈေးနှုန်း၊ တတိယငါးနှစ်မှာ ဒုတိယငါးနှစ်နှုန်းရဲ့ ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းထက် မများသောနှုန်းကို သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီတော့ ကုမ္ပဏီအနေနဲ့ ကန်တော်ကြီးအတွင်း လူဝင်ကြေး တစ်ဦး ကျပ် ၃၀၀၊ ယာဉ်တစ်စီး ကျပ် ၃၀၀ ကောက်ခံပြီး ဆိုင်ခန်းငှားခတွေကို စာချုပ်ထဲမှာ သတ်မှတ် ဖော်ပြမှုမရှိလို့  စိတ်တိုင်းကျ ကောက်ခံခွင့် ရရှိသလို ဖြစ်နေတယ်ဆိုပြီး စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ရန်ကုန်မြို့မှာ အခုလို ပြည်သူတွေ အပန်းဖြေ အနားယူမယ့် နေရာကောင်းတွေကို စီးပွားရေးလုပ်ငန်းရှင်တွေ လက်ထဲ အံ့အားသင့်စရာကောင်းတဲ့ ပမာဏနဲ့ ခေတ်အဆက်ဆက် လုပ်ကိုင်ခွင့်ပေးခဲ့တာ စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါတွေကို သေချာစိစစ်ရင် လာဘ်ပေးလာဘ်ယူမှုရဲ့ အခြေခံ အကြောင်းတရားတွေ၊ ခေါင်းစဉ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ Corruption တွေ ဘယ်လောက်တောင် ရှိခဲ့သလဲ၊ ရှိနေဦးမလဲဆိုတာကို သိနိုင်ပါတယ်။ ဒါကြောင့် NLD အစိုးရအနေနဲ့ အမှိုက်တွေ ရှင်းသလို ပြည်သူတွေအတွက် မတော်မတည့်တဲ့ အရာတွေအားလုံးကို မကြာမီ ရှင်းဖို့ လိုလာတော့မှာ ဖြစ်ပါတယ်။

Most Read

Most Recent