ရန်ကုန်မြို့အတွင်း အမြန်ဘတ်စ်ကားလိုင်းများ ပြေးဆွဲမည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီက နှစ်ပတ်အတွင်း အများပြည်သူသို့ ရှယ်ယာ ကျပ်သိန်း ၆၀၀၀ ကျော်ဖိုး ရောင်းချထားကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီမှ သိရသည်။ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီအား အစိုးရ၏ မတည်ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက၏ ရင်းနှီးငွေ ကျပ် ၁၅ ဘီလျံဖြင့် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ပုဂ္ဂလိက၏ ရင်းနှီးငွေ ကျပ် ၁၅ ဘီလျံအတွက် ရှယ်ယာများကို နိုဝင်ဘာ ၃ ရက်မှ စတင်၍ ရှယ်ယာတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ရောင်းချခဲ့ရာ ဒီဇင်ဘာ ပထမပတ်အထိ ရှယ်ယာ သိန်း ၆၀၀၀ ကျော်ဖိုး ရောင်းချခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ရန်ကုန် ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ ရှယ်ယာများအနက် ကုမ္ပဏီ တည်ထောင်သူများအဖြစ် ပါဝင်ခွင့်ရသည့် ရွှေတောင်၊ ရွှေသံလွင်၊ ဒိုင်းမွန်းစတား၊ Zeya & Associate နှင့် Fish and Marine 2000 ကုမ္ပဏီများက ကုမ္ပဏီ တစ်ခုလျှင် ရှယ်ယာ ရှစ်ရာခိုင်နှုန်းစီ ဝယ်ယူခွင့် ရရှိခဲ့ကြောင်း၊ ကုမ္ပဏီငါးခုဖြစ်၍ ရှယ်ယာ ၁၅ ဘီလျံ၏ ရာခိုင်နှုန်း ၄၀ ဝယ်ယူခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန်ရှိသည့် ရှယ်ယာများအား အများပြည်သူအား ထုတ်ရောင်းခြင်း ဖြစ်ကြောင်း သိရသည်။အများပြည်သူအား ရှယ်ယာအစု ၁၀၀၀ အထိ ဝယ်ယူခွင့် ပြုထားပြီး လက်ရှိ ဝယ်ယူခဲ့သူများတွင် ရှယ်ယာအစု ၁၀၀ အထိသာ အများဆုံး ဝယ်ယူနေကြကြောင်း သိရသည်။ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်းများ ပြေးဆွဲရန် ပြည်ပမှ ကားအသစ်များ တင်သွင်းထားပြီး ဒီဇင်ဘာ လကုန်တွင် ရောက်ရှိမည်ဖြစ်ကာ ၂၀၁၆ ဖေဖော်ဝါရီတွင် အမြန်ဘတ်စ်ကားများ စတင် ပြေးဆွဲရန်အတွက် ယခုကဲ့သို့ ရှယ်ယာများ ရောင်းချခြင်း ဖြစ်ကြောင်း၊ ရှယ်ယာများကို ကျိုက္ကဆံ စူပါဝမ်း ကုန်တိုက်နံဘေးရှိ မထသ (မြို့တွင်း) ရုံးတွင် ရောင်းချနေခြင်း ဖြစ်ကြောင်း သိရသည်။ရန်ကုန်မြို့၏ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေးကို ခရီးသွားပြည်သူ ရာခိုင်နှုန်း ၈၀ ကျော် မှီခိုနေရပြီး ယင်းသို့ အချိန်ကုန်၊ သက်တောင့်သက်သာဖြင့် စီးနိုင်မည့် အမြန်ဘတ်စ်ကားလိုင်း ပြေးဆွဲပါက အကျိုးအမြတ် ရရှိမှု မလွဲနိုင်သည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့သော် ယခု ရောင်းချသည့် ရှယ်ယာများမှာ တစ်နှစ်မှ နှစ်နှစ်အတွင်း အကျိုးအမြတ် လုံး၀ မရရှိနိုင်ဘဲ ရေရှည်မှသာ ရရှိနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က တရားဝင် ပြောကြားထားသည်။ထို့ကြောင့် ယင်းရှယ်ယာများကို ငွေပိုငွေလျှံရှိသော ကာလရှည် ရင်းနှီးမြှပ်နှံနိုင်သူများသာ ဝယ်ယူနိုင်မည့် အနေအထားဖြစ်သည်။“တစ်နှစ်၊ နှစ်နှစ်အတွင်း အမြတ်အစွန်း မရနိုင်ဘူးလို့ သိထားပါတယ်။ ရေရှည်အတွက် ဘတ်စ်ကား လုပ်ငန်းက ကောင်းမယ်လို့ မှန်းထားလို့ ဝယ်ခဲ့တာပါ။ ရှယ်ယာအစု ၂၀၀ ဝယ်ခဲ့ပါတယ်။ နောက်ပိုင်း စတော့အိတ်ချိန်းမှာလည်း ဒီအများပိုင် ကုမ္ပဏီက စာရင်းဝင်မှာဆိုတော့ ဝယ်ဖြစ်ခဲ့တာပါ” ဟု ရှယ်ယာ ဝယ်ယူခဲ့သူ တစ်ဦးက ဆိုသည်။အမြန်ဘတ်စ်ကားလိုင်းများကို ပြည်လမ်းနှင့် ကမ္ဘာအေးစေတီ လမ်းတို့တွင် ပထမအဆင့်အနေဖြင့် ပြေးဆွဲမည်ဖြစ်ပြီး ဒုတိယ အဆင့်အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်မှ ဗိုလ်တထောင်အထိ၊ ဒဂုံတက္ကသိုလ်မှ ပါရမီ အထိနှင့် ရွှေပြည်သာမှ အောင်မင်္ဂလာ အဝေးပြေးအထိ ပြေးဆွဲရန် လျာထားကြောင်း သိရသည်။
အမြန် ဘတ်စ်ကားလိုင်းများ ပြေးဆွဲမည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ၏ ရှယ်ယာ ကျပ်သိန်း ၆၀၀၀ ကျော် အများပြည်သူသို့ ရောင်းချထား















