မအူပင်မြို့နယ် ရေလဲကလေးကျေးရွာတွင် NLD ပါတီ အောင်နိုင်ရေးဥက္ကဋ္ဌတစ်ဦးအား ရိုက်နှက်ခဲ့သည့်အမှု တစ်လခွဲခန့်ကြာသည်အထိ တရားရုံးမတင်သေး

မအူပင်မြို့နယ် ရေလဲကလေးကျေးရွာတွင် NLD ပါတီ အောင်နိုင်ရေးဥက္ကဋ္ဌတစ်ဦးအား ရိုက်နှက်ခဲ့သည့်အမှု တစ်လခွဲခန့်ကြာသည်အထိ တရားရုံးမတင်သေး
Published 5 December 2015
မင်းသူဝင်းထွဋ် (မြောင်းမြ)

သမ္မတရုံးဝန်ကြီးနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသိန်းညွှန့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မအူပင်မြို့နယ် မဲဆန္ဒနယ်အတွင်းမှ ရေလဲကလေးကျေးရွာတွင် NLD ပါတီ အောင်နိုင်ရေးဥက္ကဋ္ဌတစ်ဦးအား  “မင်းလား ကွ NLD“ဟုမေးကာ ကျေးရွာထောက်ကူပြု ကော်မတီဥက္ကဋ္ဌတစ်ဦးက ရိုက်နှက်ခဲ့သည့်အမှုအား တစ်လခွဲခန့်ကြာမြင့်သည်အထိ နယ်မြေရဲစခန်းမှ တရားရုံးသို့ တင်ပို့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ဖြစ်စဉ်မှာ အောက်တိုဘာ ၂၂ ရက်တွင် ရေလဲလေးကျေးရွာ၏ NLD အောင်နိုင်ရေး ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ဒေါက်တာသန့်ဇင်လတ်မှာ အဆိုပါကျေးရွာတွင် ပြုလုပ်မည့် ဆွမ်းလောင်းလှူပွဲတွင် လမ်းမီးများ မလင်းသည်ကို သွားရောက်စစ်ဆေးပြီး မိတ်ဆွေဖြစ်သူ ဦးဖိုးဆူ၏ နေအိမ်တွင် ခေတ္တရပ်နားပြီး ပြန်အထွက်တွင် ကျေးရွာဖွံဖြိုးရေးနှင့် အထောက်အကူပြု  ကော်မတီဥက္ကဋ္ဌ ဦးစိန်လှိုင်ဆိုသူက နေအိမ်မှ တုတ်ဆွဲယူ၍ “မင်းလားကွ NLD” ဟုဆိုကာ ရန်ငြိုး တစ်စုံတစ်ရာမရှိဘဲ ရိုက်နှက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ရိုက်နှက်မှုကြောင့် ဒေါက်တာသန့်ဇင်လတ်မှာ ဘယ်လက်ညှိုးနှင့် လက်ခလယ်တွင် ပေါက်ပြဲဒဏ်ရာနှင့် ညာလက်ပြင်တွင် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါက်တာသန့်ဇင်လတ် က ရွှေတောင်မှော်ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း အမှုဖြစ်ပွားပြီး တစ်လခွဲခန့်ကြာမြင့်သည်အထိ တရားရုံးသို့ တင်ပို့တင်စွဲဆိုမှုများ မပြုလုပ်သေးကြောင်း သိရသည်။“ဖြစ်ခဲ့တာ တစ်လခွဲလောက်ရှိနေပြီ။ အခုအထိ တရားရုံးကို မရောက်သေးဘူး။ စခန်းမှူးကိုမေးရင် ဒီတစ်ပတ်ထဲ တရားရုံးတင်မယ်။ နောက်တစ်ပတ်ထဲ တရားရုံးတင်မယ်ဆိုပြီး ပြောတယ်။ သူမအားသေးလို့ပါလို့ သက်သေမစုံသေးလို့ပါလို့ ပြောတယ်။ အချိန်က အရမ်းကြာလာပြီ။ အခုအထိကို တရားရုံး မရောက်သေးတာ။ ကျွန်တော်ကတော့ ဥပဒေအတိုင်း ဆောင်ရွက်စေချင်ပါတယ်။ အချိန်သာ ဒီထက်ပိုကြာနေမယ်ဆိုရင် ကျွန်တော့်ရှေ့နေတွေနဲ့  တိုင်ပင်ပြီးတော့ အချိန်ကြာမြင့်နေတဲ့အပေါ်မှာ တရားစွဲဆိုမှုတွေကိုပါ လုပ်ဆောင်သင့်ရင် လုပ်ဆောင်သွားမှာပါ” ဟု ဒေါက်တာသန့်ဇင်လတ်က ပြောကြားသည်။တရားရုံးသို့ အမှုတွဲများ တင်ပို့တရားစွဲဆိုရန် အချိန်ကြာမြင့်နေမှုနှင့် ပတ်သက်၍ ရွှေတောင်မှော်စခန်းမှူး ဦးမြင့်သိန်းထံ ဆက်သွယ်မေးမြန်းရာတွင် “ကျွန်တော်တို့  သက်သေတွေ စစ်ဆေးနေဆဲဖြစ်နေလို့ မတင်သေးတာပါ။ လာမယ့်အပတ်မှာ ကျွန်တော် ဥပဒေအရာရှိနဲ့ တိုင်ပင်ပြီးတော့ အမှုကို ဆက်လက် လုပ်ဆောင်မှာပါ။ တရားခံကိုလည်း ဖမ်းဆီး ပြီးပါပြီ။ အခု အာမခံ ပြန်ပေးထားတာပါ။ အခု သက်သေတွေလည်း စုံပြီဆိုတော့ တရားရုံးကို ပို့တော့မှာပါခင်ဗျ” ဟု  ပြန်လည်ဖြေ ကြားခဲ့သည်။ယင်းအမှုဖြစ်စဉ်နှင့် ပတ်သက်၍  ရွှေတောင်မှော်ရဲစခန်းမှ (ပ)၄၅/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ 

Most Read

Most Recent