သင် ဆင်းဆင်းရဲရဲ ဘဝနဲ့ မွေးဖွားလာရတာဟာ သင့်ရဲ့အပြစ် မဟုတ်။ ဒါပေမဲ့ ဆင်းဆင်းရဲရဲနဲ့ သေသွားရမယ် ဆိုရင်တော့ ဒါသင့်အပြစ်ပဲ။
ဘီလ်ဂိတ်
တစ်ခါတစ်ခါ တွေးကြည့်တယ်။ တချို့ များ ဆင်းရဲကြတယ်။ ဘာပဲလုပ်လုပ် အဆင်ကိုမပြေဘူး။ ဒါလည်း ရှေ့က ကိုယ်ပြုခဲ့တဲ့ဒါန အမှုနည်းခဲ့လို့ပေါ့လေ။ သည်လိုပဲ ပြောရမှာပဲ။ တချို့ကျတော့လည်း ဘာမှကို အပန်းတကြီး လုပ်တာ ကိုင်တာ မတွေ့ရဘူး။ ချမ်းသာလိုက်တာ။ ဟော တော်ကြာ တိုက်တစ်လုံး တော်ကြာ ကားတစ်စီးနဲ့။ တယ်ပြီး မုဒိတာပွားဖို့ ကောင်းတယ်။
အဲဒီတော့ ချမ်းသာတဲ့ သူတွေက ဘာကြောင့် ချမ်းသာတာလဲလို့ ဆန်းစစ်ကြည့်တယ်။ ဗုဒ္ဓစာပေတွေမှာတော့ သမ္ပဒါ တရားလေးပါးနဲ့ ပြည့်စုံတဲ့ သူတွေဟာ ပစ္စုပ္ပန်ချမ်းသာနဲ့ ပြည့်စုံတတ်တယ်လို့ ဆိုတယ်။ အဲဒီ အကြောင်းတရား လေးပါးကတော့
(၁) ဥဋ္ဌာနသမ္ပဒါ = ထကြွလုံ့လ ဝီရိယရှိခြင်း။
(၂) ကလျာဏမိတ္တ = မိတ်ဆွေကောင်းရှိခြင်း။
(၃) အာရက္ခသမ္ပဒါ = ထိန်းသိမ်း စောင့်ရှောက်မှုရှိခြင်း
(၄) သမဇီဝိတသမ္ပဒါ = မှန်သောအသက်မွေးမှု ရှိခြင်းလို့ဆိုတယ်။ ဒါလည်း ဟုတ်တာပဲ။ တချို့ က ကိုယ့်အသက် မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းမှာ အားစိုက်ခွန်စိုက် ထထကြွကြွနဲ့ ဝီရိယရှိရှိ လုပ်ကြကိုင်ကြတာ တွေ့ရတယ်။ တစ်လောက ကိစ္စတစ်ခုနဲ့ ခရီးသွားရင်း မနက်စောစော ဗိုက်ဆာတာနဲ့ လက်ဖက်ရည်ဆိုင်လေး၊ နံနက်အဆာပြေ ရောင်းတဲ့ ဆိုင်လေး လိုက်ရှာလိုက်တာ ကိုယ့်လူမျိုးတွေ ရောင်းတဲ့ဆိုင်ကို အားပေးမလို့ ဝင်လိုက်ပါတယ်။ ခုမှ မီးမွှေးတုန်းရှိသေး၊ တစ်ခုခုများ ရမလား မေးမယ်ကြံတော့လည်း ကိုယ့်ကို ဂရုတစိုက်နဲ့ ဆေးဖော်ကြောဖက် လုပ်မယ့် လူတောင် မရှိဘူး။ ကိုယ့်လူမျိုးတွေက သူများ လူမျိုးတွေနဲ့စာရင် စီးပွားရေးမှာတယ် ဝီရိယ နည်းကြတယ်။ ဆန်အိုးထဲမှာ ဆန်လက် တစ်ဆုပ်လောက်ရှိ ရင်ကို ကျေနပ်နေတော့တာပဲ။ ဒီကနေ့ခေတ်မှာ သူများနည်းတူ စီးပွားရှာတဲ့ နေရာမှာ ထကြွလုံ့လ ဝီရိယမရှိရင် ကိုယ်က အမြဲနောက်မှာ ကျန်နေတော့မှာပဲ။ ဒါလေး သတိထားကြစေချင်တယ်။
နောက်တစ်ခါ ကလျာဏမိတ္တဆိုတဲ့ မိတ်ဆွေကောင်းကလည်း ရှိဖို့လိုသေးတယ်။ ဒါလည်း ပြောသာပြောရတယ် မိတ်ဆွေကောင်းက အတော်သိရခက်တယ်။ လူများ ချမ်းသာနေချိန် တယ်မိတ်ဆွေပေါတာပဲ။ အဲ ဆင်းလဲဆင်းရဲရော အိမ်ကို လာလည်တဲ့သူ တစ်ယောက်မှတောင် မရှိတော့ဘူး။ လမ်းတွေ့ ရင် နှုတ်ဆက်ဖို့တော့ ဝေးရော။ သည်နေရာမှာ မိတ်ဆွေကောင်းဆိုတာ ဘယ်လိုလူမျိုးလဲ ဆိုတာကလည်း သိဖို့လိုသေးတယ်။ ကျမ်းဂန်တွေမှာ ပြဆိုထားတဲ့ မိတ်ဆွေကောင်း အင်္ဂါ ခုနစ်ပါးကတော့
(၁) ဒုဒ္ဒဒံဒဒါတိ = ပေးနိုင်ခဲသော အရာကို ပြုပေးခြင်း။
(၂) ဒုက္ကရံကရောတိ = ပြုနိုင်ခဲသော အရာကို သည်းခံခြင်း။
(၃) ဒုက္ခမံခမတိ = သည်းခံနိုင်သော အရာကို သည်းခံခြင်း။
(၄) ဂုယှဿအာဝိကရောတိ = လျှို့ဝှက်ရမည့် အရာကို မိမိအားပြောပြခြင်း။
(၅) ဂုယှဿပရိဂူဟတိ = မိမိ၏ လျှို့ဝှက်ချက်များကို အခြားသို့ မပေါက်ကြားခြင်း။
(၆) အပဒါဒုနဇဟတိ = အရေးကြံလျှင် ရှောင်ဖယ် စွန့်ပစ်မထားခြင်း။
(၇) ခိဏေနနာတိမညတိ = မိမိဆင်းရဲသောအခါ ဒုက္ခရောက်သောအခါ အထင်မသေးခြင်း၊ မထီလေးစားခြင်းပြုခြင်း စတဲ့အချက် ခုနစ်ချက်နဲ့ ပြည့်စုံသူကို မိတ်ဆွေကောင်းလို့ ဆိုပါတယ်။
ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတော့ အသောက်အစားကို အတော်လေး ခုံမင်တယ်။ သူ့ကြည့်လိုက်ရင် မိတ်ဆွေ သူငယ်ချင်းတွေကို ဝိုင်းဝိုင်းလည်နေတာပဲ။ ဒါပေမဲ့ အားလုံးက သူ့လို အသောက်သမားတွေချည်း ဖြစ်နေတာက ခက်တယ်။ သည်လိုမျိုးနဲ့ မိတ်ဆွေကောင်း ရှာတာကတော့ မဟုတ်သေးဘူး ထင်တာပဲ။ ကြာရင် လူပျက်စီးတာပဲ အဖတ်တင်လိမ့်မယ်။ ဒါကြောင့် မိတ်ဆွေကောင်း ရှာတဲ့အခါ ကိုယ်ကိုယ်တိုင်ကလည်း သူတစ်ပါးရဲ့ မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားဖို့တော့ လိုတယ်။ ဒါမှလည်း ရနိုင်ပါလိမ့်မယ်။ မရတော့လည်း ကံပေါ့လေ။ ဘာတတ်နိုင်မလဲ။
နောက်တစ်ခါ “အာရက္ခသမ္ပဒါ” ဆိုတဲ့ ထိန်းသိမ်း စောင့်ရှောက်မှုကလည်း ရှိဖို့လိုသေးတယ်။ မကြီးပွားရခြင်းမှာ သူ့အကြောင်းနဲ့ သူရှိတယ်။ “နှိုးမှထ၊ ခိုင်းမလုပ်၊ ကျတာမကောက်၊ ပျောက်တာမရှာ၊ ပျက်တာမပြင်၊ ဗရပွသုံး၊ အကြံဉာဏ်တုံး၊ လုံ့လမထား” သူတွေကတော့ လောကမှာ ကြီးပွားဖို့ ခက်တတ်ပါတယ်။ သည်လိုလူမျိုးတွေမှာ လောကလူတို့ရအပ်တဲ့ ဥစ္စာလေးမျိုးနဲ့ ပြည့်စုံဖို့ မလွယ်လှဘူး။ ဥစ္စာလေးမျိုး ဆိုတာကတော့
(၁) ထာဝရဥစ္စာ = ရွှေ့ပြောင်းမရသည့် အိုးအိမ်၊ လယ်ယာ။
(၂) ဇင်္ဂမဥစ္စာ = ရွှေ့ပြောင်း၍ ရသော ဥစ္စာ၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား၊ ဆန်စပါး၊ ပရိဘောဂ။
(၃) အင်္ဂမဥစ္စာ = သင်ကြား တတ်မြောက်ထားသော နှုတ်မှု၊ လက်မှုအတတ်ပညာ။
(၄) အနူဂါမိကဥစ္စာ = ဒါန၊ သီလ၊ ဘာဝနာ အစရှိသည့် သံသရာတိုင် အကျိုးပေးသည့် ဥစ္စာမျိုးတွေပဲ ဖြစ်ပါတယ်။ အထက် သုံးမျိုးကတော့ မခိုင်မြဲတဲ့ ဥစ္စာမျိုးဖြစ်ပြီး နံပါတ် (၄) ဥစ္စာက မိမိအတွက် ခိုင်မြဲတဲ့ ထာဝရဥစ္စာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
သည်နေရာမှာ ရှာဖွေလို့ရတဲ့ ဥစ္စာကို သုံးတဲ့နေရာမှာလဲ စည်းနဲ့ကမ်းနဲ့ အချက်ကျကျ သုံးတတ်စွဲတတ်ဖို့က လိုပါသေးတယ်။ ဘုရားရှင် ဟောတော်မူတဲ့ ဥစ္စာသုံးနည်းကတော့ တစ်ဖို့ကိုစား၊ တစ်ဖို့ကိုလှူ၊ တစ်ဖို့ကို စုဖို့ပဲ ဖြစ်ပါတယ်။ အမှန်လည်း ဥစ္စာပစ္စည်း ရှာတယ်ဆိုတာ စားဖို့ချည်း ရှာနေရတာမျိုး ကလည်း မဟုတ်သေးဘူး။ တချို့လည်း မတ်တတ်စာပဲ ရှိတယ်။ တုံးလုံးစာမရှိတော့ မရှာနိုင် မဖွေနိုင်တဲ့အခါ ဒုက္ခရောက်တော့တာပဲ။
ဒါကြောင့် တတ်နိုင်သမျှ ရှာနိုင်ဖွေနိုင်တဲ့ အချိန်မှာ ရတဲ့အထဲမှာ အရင်းအနှီး အဖြစ် အသုံးချလို့ရအောင် စုတတ် ဆောင်းတတ်ဖို့ လိုပါတယ်။ ပြီးတဲ့အခါ သံသရာမှာ ကိုယ့်နောက်ပါမယ့် ဒါနအထုပ် ကလေးကလည်း ထုပ်ဖို့လိုသေးတယ်။ မရှိလို့ မလှူ၊ မလှူလို့မရှိ နဲ့ သံသရာကို လည်နေရပြန်ရင်လည်း မကောင်းသေးဘူး။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်ရဲ့ နည်းကတော့ တယ်ကောင်း။ အဆင်ပြေလို့ ရလာတဲ့အခါ ဘုရားကို ရည်မှန်းပြီး အလှူခံ ပုံးကလေးထဲကို တတ်နိုင်သမျှ ထည့်ပြီး စုထားလိုက်တယ်။ နှစ်ကုန်တဲ့ အခါ ရလာသမျှ ပိုက်ဆံနဲ့ ဆွမ်းကပ်တယ်။ သင်္ကန်းလှူတယ်။ နှစ်တိုင်းလုပ်နိုင်တယ်။ ကျွန်တော်တို့တောင် သူ့လို မလှူနိုင်ဘူး။ ဒါကလည်း ထိန်းသိမ်း စောင့်ရှောက်မှု နည်းကောင်းရထားလို့ လှူနိုင်တာပေါ့လေ။
နောက်တစ်မျိုးက “သမဇီဝိတသမ္ပဒါ” မှန်သော အသက်မွေးမှုရှိခြင်းလို့ ဆိုတယ်။ အသက်မွေးတယ်ဆိုတဲ့ နေရာမှာ ကိုယ့်အသက်ကိုပဲ မွေးနေလို့လည်း မဖြစ်သေးဘူး။ ကိုယ့်လိုပဲ အသက်ကို တန်ဖိုးထားနေတဲ့ သတ္တဝါတွေရဲ့ အသက်ကိုလည်း တန်ဖိုးထားတတ်ဖို့ လိုသေးတယ်။ သည်လိုနည်းနဲ့ အသက်မွေးမှသာ မှန်သော အသက်မွေးမှု ဖြစ်နိုင်ပါလိမ့်မယ်။ ဒါက ကိုယ်ချင်းစာတရားနဲ့ ပြည့်စုံမှသာ ဖြစ်နိုင်ပါလိမ့်မယ်။
တစ်ခါက ဝယ်နေကျ မုန့်ဆိုင်မှာဝင်ပြီး ကျွန်တော့် သားစားဖို့ မုန့်တစ်ထုပ် ဝင်ဝယ်ပါတယ်။ အိမ်ရောက်လို့ ဖွင့်ကြည့်တော့ မှိုတွေ တက်နေတာနဲ့ ဆိုင်ကို ပြန်ပြီးလဲပေးဖို့ ပြောတဲ့အခါ ဆိုင်ရှင် အမျိုးသမီးက လဲမပေးပါဘူး။ ပြောလိုက်သေးတယ်။ ဒီလိုသာ လဲပေးနေရရင် ရှုံးပြီပေါ့တဲ့။ ဒါဖြင့် ဒီမှိုတက်နေတဲ့ မုန့်တွေကို ကျွန်တော်တို့က စားရမှာလားဆိုတော့ မစားချင် လွှင့်ပစ်လိုက်ပေါ့တဲ့ ပြောပုံက သူ့ကြည့်ရတာ ဒီမုန့်တွေ မှိုတက်နေတာကို သိသိကြီးနဲ့ မှိန်းပြီး ရောင်းနေတဲ့ပုံပါ။ ဒါနဲ့ အဲဒီဆိုင်က မိန်းမကြီးရဲ့ မသမာအာဇီဝကို သဘော မကျတာနဲ့ မဝယ်တော့ဘူး။ နောက်တစ်ဆိုင်ကတော့ မုန့်လာဝယ်ရင် အသေအချာ စစ်ပေးတယ်။ မှိုတက်နေတယ် ထင်ရင် မယူပါနဲ့လို့ ပြောပြီး နောက်တစ်မျိုးနဲ့ လဲပေးတယ်။ တချို့မုန့်တွေကတော့ သက်တမ်းကုန်တဲ့ ရက်ကို မုန့်ထုပ်မှာ ကပ်ထားပေးလို့ အလွယ်နဲ့ သိနိုင်ပေမယ့် နယ်မှာလုပ်တဲ့ မုန့်တွေကတော့ မပါတာ များပါတယ်။
သည်လိုပဲ မူးယစ်ဆေးဝါး ရောင်းဝယ်တာ၊ စားသောက်ကုန်တွေထဲမှာ အမျိုးအစား ညံ့တဲ့ ပစ္စည်းတွေနဲ့ ရောနှော ရောင်းချတာ၊ သစ်သီးတွေကို ရင့်မှည့်ချိန် မတန်သေးဘဲနဲ့ ဆေးထိုးပြီး ရောင်းချတာမျိုးတွေကလည်း မလုပ်သင့်၊ မလုပ်အပ်တဲ့ အသက်မွေးမှုမျိုးတွေပါ။ တကယ်လို့ အဲဒီ ပစ္စည်းတွေကို ကိုယ်ကိုယ်တိုင် စားရမယ်။ ဒါမှမဟုတ် ကိုယ့်သားသမီး စားရမယ်ဆိုရင် ကျွေးချင်ပါ့မလား၊ စားချင်ပါ့မလား၊ သည်လို စိတ်ကောင်းမျိုးမှ မရှိဘဲနဲ့ ဘယ်နှယ့်လုပ် ဒီလူတွေ ချမ်းသာမှာလဲ လူကတော့ ချမ်းသာချင် ချမ်းသာမယ်။ စိတ်ကတော့ ဆင်းရဲပြီး စုတ်ပြတ်နေမှာ သေချာပါတယ်။
အမှန်တော့ လောကမှာ ဆင်းရဲတယ်။ ချမ်းသာတယ်ဆိုတာ လောဘရဲ့ အလိုအရ သတ်မှတ်ကြတာမျိုးပါ။ တကယ့် စစ်မှန်တဲ့ ချမ်းသာဆိုတာကတော့ အလိုလောဘနဲ့ ကင်းပြီး အရာအားလုံးကို မေတ္တာနဲ့ ဆက်ဆံနိုင်ခြင်းမျှသာ ပါပဲ။ လောဘနဲ့ ရှာသမျှ ဘယ်တော့မှ ချမ်းသာကို မရနိုင်ပါဘူး။ အဲ လောဘကို သိမ်းနိုင်လို့ မလိုချင်တောဘူးဆိုတဲ့ အခါမှသာ အမှန်တကယ် ချမ်းသာနိုင်ကြတော့ မှာပါပဲ။ ဒါကြောင့် ငွေပေါ်မှာ သာယာတဲ့ လောဘရုပ်နာမ် အပေါ်မှာ သာယာတဲ့ လောဘကို တစ်စတစ်စ လျှော့ချပြီး ဆင်းရဲခပ်သိမ်း ကင်းငြိမ်းရာ နိဗ္ဗာန်ကို ရနိုင်မှသာလျှင် တကယ့်ချမ်းသာ အစစ်ဖြစ်လိမ့်မယ်ဆိုတာ သိစေချင်တာပါပဲ။
ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း
Most Read
Most Recent
17 hours ago










