ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၌ လက်တွေ့တွင် ပြည်သူလူထုနှင့် အံဝင်ခွင်ကျ မဖြစ်တော့သည့် ဥပဒေများ ရှိနေကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ လွှတ်တော်သို့ တင်ပြ

ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၌ လက်တွေ့တွင် ပြည်သူလူထုနှင့် အံဝင်ခွင်ကျ မဖြစ်တော့သည့် ဥပဒေများ ရှိနေကြောင်း ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ လွှတ်တော်သို့ တင်ပြ
Published 4 December 2015
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့တွင် ပြည်သူလူထုနှင့် လက်တွေ့ဘဝတွင် အံဝင်ခွင်ကျ မဖြစ်တော့သည့် ဥပဒေများ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာနှင့် စီမံခန့်ခွဲမှုကော်မတီက တင်သွင်းသော အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံရှိ ကျူးကျော်များသည် သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ မရှိဘဲ အကြောင်းအမျိုးမျိုး ပျောက်ဆုံးနေ၍ ၎င်းတို့ မှတ်ပုံတင် သန်းခေါင်စာရင်း ရရှိရန် ဥပဒေတွင် လိုအပ်ချက်များ ရှိနေကြောင်း ဥပမာပြု၍ အဆိုပါ ဥပဒေများကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကော်မတီအနေဖြင့် ပြည်သူလူထု၏ ကြုံတွေ့နေရသော အခြေအနေများအရ  ပြင်ဆင်ဆောင်ရွက်ရမည့် ဥပဒေများ ရှိသော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တို့၏ ပြင်ဆင်ဆောင်ရွက်လိုမှု၊ ကော်မတီဝင်များ၏ စိတ်ပါဝင်စားစွာ ဆောင်ရွက်လိုမှု၊ အချိန်ကာလ အခက်အခဲစသည့် အားနည်းချက်တို့ကြောင့် ပြင်ဆင်မှု မပြုနိုင်ခဲ့သော ဥပဒေများ ရှိခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ထည့်သွင်းကာ လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ကော်မတီသို့ အဆိုပါဥပဒေများကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်ကြောင်းနှင့် ခွဲဝေသတ်မှတ် ပေးထားသော ဥပဒေ ၅၈ ခု ရှိသည့်အနက် ပြည်ထဲရေး ဝန်ကြီးဌာနတွင် လက်ရှိကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေ ၂၃ ခု၊ ပြင်ဆင်ရန် ဆောင်ရွက်ဆဲ ၁၄ ခု၊ ပြဋ္ဌာန်းပြီး ဥပဒေရှစ်ခု၊ ရုပ်သိမ်းပြီး ဥပဒေနှစ်ခု၊ အသစ်ရေးဆွဲပြီး ဥပဒေနှစ်ခု၊ စုစုပေါင်း ၄၉ ခုတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတွင် လက်ရှိကျင့်သုံး ဆောင်ရွက်လျက်ရှိသော ဥပဒေတစ်ခု၊ ပြင်ဆင်ရန် ဆောင်ရွက်ဆဲ ဥပဒေခုနစ်ခု၊ ပြဋ္ဌာန်းပြီး ဥပဒေတစ်ခု၊ စုစုပေါင်းကိုးခု ဆောင်ရွက်လျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
ထို့အပြင် ဥပဒေများကို ခေတ်နှင့်လျော်ညီရန် ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်း၊ ရုပ်သိမ်းခြင်းများကို ဆောင်ရွက်ရာတွင် လွှတ်တော်တွင် ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ၊ ဥပဒေနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်း ပြည်ပ အသင်းအဖွဲ့များ၊ ဥပဒေနှင့် သက်ဆိုင်သော လူပုဂ္ဂိုလ် အဖွဲ့အစည်းများမှ စုပေါင်းဆွေးနွေး ရေးဆွဲအတည်ပြုသော ဥပဒေမျိုးသာလျှင် ရေရှည်တည်တံ့သော ဥပဒေအဖြစ် ရပ်တည်နိုင်မည် ဖြစ်ကြောင်းလည်း သုံးသပ်အကြံပြုခဲ့သည်။
ဥပဒေကြမ်းများ ပြင်ဆင်ရေးဆွဲခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ (သို့မဟုတ်) လွှတ်တော်ကော်မတီ၊ ကော်မရှင်မှ စတင်တင်သွင်းသည့် ဥပဒေများသည် ပြည်ထောင်စု အစိုးရအဖွဲ့၊ ဝန်ကြီးဌာနများမှ တင်သွင်းသော ဥပဒေထက် ပိုမိုပြည့်စုံ ကောင်းမွန်ခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ လိုအပ်ချက်များကို ပိုမိုဆောင်ရွက်ပေးနိုင်ခြင်း၊ အချိန်တိုအတွင်း ဥပဒေကောင်းတစ်ရပ် အနေဖြင့် ထွက်ရှိလာနိုင်ခြင်းစသည့် အကျိုးတရားများ ရရှိနိုင်ကြောင်း တွေ့ရှိရသည်ဟု ကော်မတီက အစီရင်ခံခဲ့သည်။
 

Most Read

Most Recent