အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေသည့် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရသည့်အမှု လာမည့် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်

အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေသည့် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရသည့်အမှု လာမည့် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမည်
Published 3 December 2015
ဝေလင်းအောင်၊နေမျိုးဝင်း

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေသည့် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံခဲ့ရသည့်အမှု ဒီဇင်ဘာ ၁၇ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။မော်ဒယ်အေးချမ်းမြတ်မိုးအား သတ်ခဲ့သည်ဟု ယူဆရသောကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီး တရားစွဲ ခံထားရသော ဒဂုံမြို့နယ်နေ အံ့ဖြိုးပိုင်အား ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အနောက်ပိုင်ခရိုင် တရားရုံး၊ ခရိုင်တရားသူကြီး တရားခွင်၌ ဆက်လက် ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် အမှုနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်များ တရားရုံးသို့ တင်ပြခဲ့ကြပြီး စွပ်စွဲခံရသူ၏ ရှေ့နေဖြစ်သူက ၎င်း၏ လျှောက်လဲချက်အား တရားခွင်အတွင်း နှုတ်ဖြင့်လည်း တင်ပြခဲ့ကာ တရားလို ရှေ့နေဘက်မှ စာဖြင့်သာ တင်ပြခဲ့သည်။စွပ်စွဲခံရသူ၏ ရှေ့နေဖြစ်သူက ၎င်း၏ အမှုသည်မှာ အခင်းဖြစ်ပွားသည့်နေ့တွင် ကုမ္ပဏီတစ်ခုသို့ အင်တာဗျူး သွားရောက် ဖြေဆိုနေခြင်း၊ အခင်းဖြစ်နေရာသို့ သေဆုံးသူ ခေါ်ဆိုသဖြင့် သွားရောက်ခြင်းသာ ဖြစ်သည့်အပြင် သေဆုံးသူနှင့် စွပ်စွဲခံသူတို့မှာ သမီးရည်းစား ဖြစ်သည့်အတွက် တင်ကူး (ကြိုတင်) ရည်ရွယ်ချက်ဖြင့် သတ်မည်မဟုတ်ကြောင်း ထိုအကြောင်းအရာများကို သက်သေများနှင့်တကွ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အမှုမှာလည်း မျက်မြင်သက်သေ မရှိသော အမှုဖြစ်ပြီး ဓားပေါ်ရှိ လက်ဗွေရာအား စစ်ဆေးနိုင်မည် ဆိုပါက အမှုမှန်ပေါ်နိုင်မည် ဖြစ်သော်လည်း လက်ဗွေနဲ့ ပတ်သက်၍ ရဲတပ်ဖွဲ့မှ စီအိုင်ဒီထံသို့ ထင်မြင်ချက် တောင်းခံမှု မရှိကြောင်း ယင်းကိုလည်း အမှုစစ် ရဲအရာရှိအား တရားရုံးတွင် မေးမြန်းခဲ့ပြီးဖြစ်ကြောင်း လျှောက်လဲချက် ပေးခဲ့သည်။ထို့အပြင် အမှုနှင့် ပတ်သက်၍ လျှောက်လဲချက်များကို နှုတ်ဖြင့် ဆက်လက်တင်ပြခဲ့ပြီး ၎င်း၏ အမှုသည် သေဆုံးသူကို သေစေလိုခြင်း ရည်ရွယ်ချက် မရှိဘဲ မတော်တဆ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်၍ အမှုမှ တရားသေ လွှတ်ပေးရန်၊ သို့မဟုတ် ၎င်းအမှုသည်အား ပုဒ်မ-၃၀၄ ဖြင့် သက်ညှာစွာ အမိန့်ချပေးပါရန် လျှောက်တင်ခဲ့သည်။မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံမှုနှင့် ပတ်သက်၍ တရားလိုပြ သက်သေအဖြစ် သေဆုံးသူ၏ မိခင်၊ အမ၊ အကို၊ အခင်းမဖြစ်မီ အေးချမ်းမြတ်မိုးနှင့်အတူ မုန့်ထွက်စားခဲ့သည့် သူငယ်ချင်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မှုခင်းဆရာဝန်ကြီးတို့အား တရားရုံးတွင် စစ်ဆေးခဲ့ပြီး စုစုပေါင်း သက်သေ ၁၅ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ထို့အပြင် စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် တရားရုံးသို့ တင်ပြခဲ့သည့် ၎င်း၏ သူငယ်ချင်းများ အပါအဝင် စုစုပေါင်း ၁၉ ဦးဝန်းကျင်ကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။အံ့ဖြိုးပိုင်က အမှုနှင့် ပတ်သက်၍ ကိုယ်တိုင်ထွက်ဆိုရာ၌ အခင်းဖြစ်ဓားမှာ ၎င်းဓား မဟုတ်ဘဲ သေဆုံးခဲ့သူ အေးချမ်းမြတ်မိုး၏ ဓားသာဖြစ်ကြောင်း၊ အေးချမ်းမြတ်မိုး လက်ထဲတွင် ကိုင်ဆောင်ထားသော ဓားအား ဆွဲလုရာမှ သူမ၏ လည်ပင်းကို ဓားဖြင့် ထိခိုက်မိခြင်းဖြစ်ကြောင်း တရားရုံးသို့ ထွက်ဆိုထားသည်။မော်ဒယ်အေးချမ်းမြတ်မိုး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မှုခင်းဆရာဝန်ကြီးက အေးချမ်းမြတ်မိုးမှာ သွေးလွှတ်ကြောပြတ်၍ သေဆုံးရခြင်းဖြစ်ပြီး ယင်းကဲ့သို့ သွေးလွှတ်ကြောပြတ်ခြင်းကြောင့် ဆေးရုံသို့ အချိန်မီ ရောက်ခဲ့ပါကလည်း အသက်ရှင်နိုင်သည်/သေနိုင်သည် မပြောနိုင်ပါဟု တရားရုံးသို့ ထွက်ဆိုထားသည်။စွပ်စွဲခံရသူ အံ့ဖြိုးပိုင်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁)(ခ)ဖြင့် စွဲချက်တင်ကြောင်း တရားသူကြီးက အမိန့်ချမှတ်ခဲ့ပြီး စွပ်စွဲခံရသူ အံ့ဖြိုးပိုင်က ၎င်းမှာ အပြစ်မရှိကြောင်း ငြင်းဆိုထားကာ နှစ်ဖက် တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်သည်။

Most Read

Most Recent