နိုဝင်ဘာ ၂၅ ရက်၊ ည ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည့် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးပြီး ယာဉ်အား လုယူထွက်ပြေးသွားသည့် ဆယ်ကျော်သက်အရွယ် လူငယ် သုံးဦးအား ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ စုံစမ်းသိရသည်။
ဒီဇင်ဘာ ၁ ရက်တွင် ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများသည် ဒဂုံတောင် မြို့နယ်၊ (၁၇)ရပ်ကွက်၊ စိမ်းလဲ့ကန်သာ လမ်းမပေါ်၌ ယာဉ်ပိတ်ဆို့ စစ်ဆေးခြင်းများ စစ်ဆေးနေစဉ်တွင် ကင်ဘို ၁၂၅ အမျိုးအစား ဆိုင်ကယ်အား စစ်ဆေးရာ ဆိုင်ကယ်ဖင်ထိုင်ခုံအောက် အံဝှက်အတွင်းတွင် အနီရောင် တိပ်နှင့်ပတ်ထားသည့် အရိုးအသွား ၁၁ လက်မခန့် စကေဘာ တစ်ချောင်းအား ရှာဖွေတွေ့ ရှိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ ကို........ (၂၁) နှင့် လိုက်ပါစီးနင်းသည့် ကို..........(၃၄) နှစ်တို့အား ဒဂုံတောင်မြို့မ ရဲစခန်းသို့ ခေါ်ဆောင်ကာ လက်နက်ကိုင်ဆောင်သူ ကို...... (၂၁) နှစ်အား လက်နက်ပုဒ်မ ၁၉ (င) ဖြင့်အမှုဖွင့်ကာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကို........(၃၄)နှစ်အား စစ်ဆေးချက်အရ ၎င်းကိုယ်တိုင် လုယက်မှု ကျူးလွန်ထားခြင်း မရှိသော်လည်း လွန်ခဲ့သည့် ငါးရက်ခန့်က ဒဂုံတောင်မြို့နယ်၊ (၁၀၇) ရပ်ကွက်တွင် နေထိုင်သည့် ကို....... (၁၇) နှစ်မှ မောင်းနှင်လာပြီး ကို..... (၁၉) နှစ် နှင့် ကို..... (၁၆) နှစ်တို့အဖွဲ့ လိုက်ပါစီးနင်းလာသည့် တက္ကစီယာဉ် တစ်စီးအား တွေ့ရှိခဲ့ကြောင်း၊ မေးမြန်းရာ ၎င်းတို့အဖွဲ့မှ ယာဉ်မောင်းအား ဓားဖြင့်ထိုးပြီး ယာဉ်အား လုယူမောင်းနှင်လာခြင်း ဖြစ်ကြောင်းကို.... (၃၄) နှစ်မှ ရဲတပ်ဖွဲ့ စစ်ဆေးချက်အား ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အရှေ့ပိုင်းမှုခင်းနှိမ်နင်းရေး ဌာနမှ ဌာနစုမှူး ရဲအုပ်စောမြိုင်အုံးနှင့် အဖွဲ့မှ တာဝန်ရှိသူများနှင့် ဒဂုံတောင်မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် ကျူးလွန်သူများအား သွားရောက်ဖမ်းဆီးရာ ဒီဇင်ဘာ ၁ ရက်၊ ည ၁၁ နာရီခွဲကျော်တွင် ကို.....(၁၉) နှစ်အား ဒဂုံတောင်မြို့နယ်၊ ကျီစုအရှေ့ကျေးရွာရှိ အဘွားဖြစ်သူ၏ နေအိမ်၌လည်းကောင်း၊ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၁ နာရီ ကျော်တွင် ကို.......(၁၇)နှစ်အား ဒဂုံ တောင်မြို့နယ်၊ (၁၀၇)ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ နေအိမ်၌ လည်းကောင်း၊ ကျန်ရှိသည့် ကို.......(၁၆)နှစ်အား ဒီဇင်ဘာ ၂ ရက်၊ နံနက် ၅ နာရီခွဲခန့်တွင် ရေကြည်မြို့နယ်၊ အညာတန်းရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းအား ဓားဖြင့်ထိုးပြီး ယာဉ်အားလုယူ ထွက်ပြေးသွားသည့် လူငယ်သုံးဦးအား ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ (ပ) ၆၈၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အငှားယာဉ်မောင်းအား ဓားဖြင့်ထိုးပြီး ယာဉ်အား လုယူသွားသည့် ဆယ်ကျော်သက်အရွယ် လူငယ်သုံးဦးအား ဖမ်းဆီးရမိ