နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးအမှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူအား ဗဟန်းမြို့နယ်တရားရုံးက စွဲချက်တင်ထားသည့် ပုဒ်မသုံးခုအနက် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၀၆ အား ပယ်ဖျက်ကြောင်း အမိန့်ကို အနောက်ပိုင်းခရိုင်တရားရုံးက ယခုလ တတိယပတ်အတွင်း ချမှတ်ခဲ့ကြောင်း အိမ်အကူမိန်းကလေး၏ ရှေ့နေဖြစ်သူထံမှ သိရသည်။
“မြို့နယ်တရားရုံးက အိမ်ရှင်ဖြစ်သူကို စွဲချက်တင်ထားတဲ့ ပုဒ်မသုံးခုထဲက ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) တစ်ခုကို ပယ်ဖျက်ပေးဖို့ အမိန့်ချလိုက်တယ်။ ကျန်တဲ့ပုဒ်မနှစ်ခုကို မပယ်ဖျက်ဘဲနဲ့ မြို့နယ်တရားရုံးကို အမှုတွဲ ပြန်လွှဲလိုက်တယ်” ဟု နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေး၏ ရှေ့နေဖြစ်သူက နိုဝင်ဘာ ၃၀ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်တွင် ဗဟန်းမြို့နယ်တရားရုံးက ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ အမျိုးသားအား ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု)တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူက အဆိုပါစွဲချက်များအား ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ယင်းသို့ အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချပြီးဖြစ်သည့်အတွက် လာမည့် ဒီဇင်ဘာ ၈ ရက်တွင် ဗဟန်းမြို့နယ်တရားရုံး၌ အမှုအား ဆက်လက်စစ်ဆေးမည်ဖြစ်ပြီး ပြန်ခေါ်သက်သေများကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာအတွင်းက အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်နေ အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့် မသီရိကိုကိုတို့အား ဗဟန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းကြောင်း သိရသည်။
နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးမှာ လက်တွင် ဆီပူလောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်အချို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
အလားတူ အိမ်ရှင်ဖြစ်သူက အိမ်အကူ မိန်းကလေးအား ညှဉ်းပန်းနှိပ်စက်သည်ဆိုသည့်ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို သစ်မြောက်ပိုင်းမြို့နယ် ၄၁ ရပ်ကွက်တွင် ပြီးခဲ့သည့်လများက ဖြစ်ပွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးအား ဆေးရုံတက်ကုသရသည်အထိ အိမ်ရှင်မိသားစုက ရိုက်နှက်ညှဉ်းပန်းခဲ့သည့်အတွက် အိမ်ရှင်မိသားစုအား ဒဂုံမြောက်မြို့နယ် တရားရုံးတွင်(ပ)၃၆၅/၁၅၊ ပြစ်မှု ပုဒ်မ ၃၂၅၊ ၃၅၄၊ ၂၉၄၊ ၅၀၆တို့ဖြင့် တရားစွဲ ဆိုထားကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်မြို့မရဲစခန်းမှ သိရသည်။
နှိပ်စက်ခံရသည့် အိမ်အကူမိန်းကလေးအမှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူကို စွဲချက်တင်ထားသော ပုဒ်မသုံးခုအနက် ပုဒ်မ ၅၀၆ အား ပယ်ဖျက်ကြောင်း ခရိုင်တရားရုံးက အမိန့်ချ















