ကျေးရွာလူထု သဘောထား မပါဘဲ တယ်လီနော ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူခြင်းကြောင့် ရွာသာလေးကျေးရွာ ဒေသခံများက ရေဦးမြို့နယ် ထွေအုပ်ရုံးရှေ့တွင် ဆန္ဒပြ

ကျေးရွာလူထု သဘောထား မပါဘဲ တယ်လီနော ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူခြင်းကြောင့် ရွာသာလေးကျေးရွာ ဒေသခံများက ရေဦးမြို့နယ် ထွေအုပ်ရုံးရှေ့တွင် ဆန္ဒပြ
Published 30 November 2015
ဌေးလှအောင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်  ကုက္ကိုလ်စု ကျေးရွာအုပ်စု  ရွာသာလေး ကျေးရွာတွင်   တယ်လီနော ကုမ္ပဏီ၏ ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူရာ ကျေးရွာလူထု၏  သဘောထားမပါဘဲ  စိုက်ထူခဲ့ခြင်းကြောင့် ဒေသခံများက တာဝါတိုင် ရွှေ့ပြောင်းပေးရေးအတွက် ရေးဦးမြို့ပေါ်ရှိ မြို့နယ်တရားရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့တို့တွင် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအား ရွာသာလေး ကျေးရွာရှိ လတ်တလော စိုက်ထူထားသည့် တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်ရှေ့မှ စတင်ကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ရေဦးမြို့ပေါ်ရှိ မြို့နယ်တရားရုံး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးများရှေ့သို့ သွားရောက်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။
ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် တယ်လီနော ကုမ္ပဏီမှ ကျေးရွာလူထု၏ သဘောထား ဆန္ဒအား   တိုင်ပင်ခြင်းမရှိဘဲ စိုက်ထူခဲ့ခြင်းကြောင့်  ကန့်ကွက်ရှုတ်ချ၍ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး တယ်လီနော ဆက်သွယ်ရေး တာဝါတိုင် နေရာပြောင်းရွှေ့ပေးရေး တို့အရေး၊ သဘာ၀ ဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး တို့အရေး၊ ကျေးရွာဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်တဲ့သူ ရွာသားများ၏ ဆန္ဒ အောင်ရမည် အစရှိသည့်ကြွေးကြော်သံများဖြင့် ဆန္ဒ ထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။
“တယ်လီနော ဆက်သွယ်ရေး တာဝါတိုင်  စိုက်ထူတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရွာသူရွာသားတွေရဲ့ သဘောထား ဆန္ဒကို တောင်းခံခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ရွာသူ ရွာသားတွေ အနေနဲ့ကလည်း   သဘောတူကြောင်း လက်မှတ်ထိုးခဲ့ခြင်း မရှိပါဘူး။ သက်ဆိုင်ရာ အဆင့်ဆင့်ကို တိုင်ကြားစာပို့ပြီး ကန့်ကွက်ခဲ့တာကိုလည်း ဘာမှ ထူးခြားမှုမရှိခဲ့ဘူး။ အဲဒါ တာဝါတိုင် စိုက်ခွင့်ပေးတဲ့ မြေပိုင်ရှင်နဲ့ တာလီနော ကုမ္ပဏီတို့က သက်ဆိုင်ရာ ကျေးရွာ၊  မြို့နယ် အုပ်ချုပ်ရေးမှူးတို့နဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။  ဒီတာဝါတိုင် စိုက်ထူထားတာကို ရွာနဲ့လွတ်တဲ့ နေရာကို ရွှေ့ပေးဖို့ တောင်းဆို ဆန္ဒပြရတာပါ။ ဥပမာ ငလျင်လှုပ်မယ်၊ မိုးကြိုးပစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေပဲ နစ်နာရမှာပါ။ ဆက်သွယ်ရေး တာဝါတိုင်ကို အမြန်ဆုံး ရွှေ့ပြောင်းပေးစေချင်ပါတယ်”ဟု ရွာသာလေးရွာမှ ဦးကြည်စိုးက ဆိုသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ကုက္ကိုလ်စု ကျေးရွာအုပ်စု   ရွာသာလေး ကျေးရွာတွင် တယ်လီနောကုမ္ပဏီမှ ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရာတွင် ဒေသခံ ကျေးရွာသားများ၏ သဘောထားဆန္ဒ တောင်ခံခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းကြောင့် သဘာဝဘေး တစ်ခုခု ဖြစ်ပေါ်လာခဲ့ပါက   ကျေးရွာအတွင်း အန္တရာယ် ကျရောက်လာမည်ကို စိုးရိမ်သောကြောင့် ပြောင်းရွှေ့ပေးရန်   ကန့်ကွက် တိုင်ကြားခဲ့ကြောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ဒေသခံ ကျေးရွာသားများ၏ သဘောထားဆန္ဒကို ထောက်ထားခြင်း မရှိခဲ့ဘဲ ကုမ္ပဏီဘက်မှ လိုက်ပါ ဆောင်ရွက်ခဲ့ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဦးဆောင် တိုင်ကြားထားသည့်  ကျေးရွာသား သုံးဦးကို  ခေါ်ယူ၍  စက်တင်ဘာ လအတွင်းက ငွေကျပ်ငါးသိန်း ပေးမည်ဟုဆိုကာ လက်မှတ် ထိုးခိုင်းခဲ့သော်လည်း လက်မှတ်ထိုးပေးခြင်း မရှိခဲ့ကြောင်း၊ ယင်းသို့ ဆက်သွယ်ရေး တာဝါတိုင် စိုက်ထူနေခြင်းကို ကန့်ကွက်ခဲ့သော်လည်း ဆက်လက် လုပ်ကိုင်နေခဲ့ခြင်းကြောင့် ရွာနှင့် ဝေးသည့်နေရာသို့ ရွှေ့ပြောင်းပေးရန် တိုင်ကြားပါကြောင်း အစရှိသည်တို့ကို ခရိုင်၊ မြို့နယ်အတွင်းရှိ  သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့  ပေးပို့ထားသည့် တိုင်ကြားစာအရ သိရသည်။

Most Read

Most Recent