အကျင့်ပျက်ခြစားမှု NLD ဘယ်လို ကိုင်တွယ်မလဲ . . .

အကျင့်ပျက်ခြစားမှု NLD ဘယ်လို ကိုင်တွယ်မလဲ . . .
Published 30 November 2015
ကျော်ဇောလင်း

မကြာမီ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီထံ အာဏာလွှဲပြောင်းမှု လုပ်ငန်းတွေကို လက်ရှိအစိုးရက နေ  ရှောရှောရှူရှူ ဖြစ်အောင် လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း သူ့အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပြီး အာဏာလွှဲပြောင်းရေး လုပ်ငန်းတွေ သိမ်သိမ်မွေ့မွေ့၊ ညင်ညင်သာသာဖြစ်ဖို့ လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ် ကတိပြုထားပြီး ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လေးစားပြီး ဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်သွားမယ်လို့ ဆိုထားပြန်ပါတယ်။
ပြောထားကြတဲ့ ကတိတွေအတိုင်း ဖြစ်မယ်ဆိုရင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုင်ငံ အနာဂတ်အတွက် အရေးပါတဲ့ တွေ့ဆုံမှုတွေ လုပ်ကြတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ တွေ့ဆုံမှုတွေကနေ အမျိုးသား ပြန်လည်သင့်မြတ် ရေးကို ခိုင်မာအောင် လုပ်ဆောင်ကြလိမ့်မယ်။ ဒါ့ပြင် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ အစိုးရအဖွဲ့တာဝန်ကို လွှဲပြောင်းယူပြီဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက် လုပ်ဆောင်သွားမယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် ဦးတည်သွားမယ်လို့ အတိအလင်း ပြောထားတာတွေလည်း ရှိနေပါတယ်။
တကယ်တော့ NLD သာ အစိုးရတာဝန်တွေ စတင် ရယူ လုပ်ကိုင်ပြီဆိုရင် ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေကတော့ အများကြီးပါ ပဲ။ ရွေးကောက်ပွဲ မတိုင်မီအထိ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးဆုံးဟာ ဘာလဲလို့ပြောရင် အမျိုးသား ပြန်လည်သင့်မြတ်ရေး Naional Reconciliation ပဲ ဖြစ်ပါ တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ  လူထုအများစု ထောက်ခံတဲ့ NLD ပါတီ အနိုင်ရမှုကို အားလုံးလက်ခံကြမယ်။ တိုင်းပြည်မှာ တကယ်ပဲ လူထုလိုလားတဲ့ အရပ်သား အစိုးရသစ်တစ်ရပ်က ဦးဆောင်နိုင်ပြီဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတိုင်းအတာ တစ်ခုအထိ အောင်မြင် လာပြီလို့ ပြောနိုင်ပါတယ်။
ဒါဆိုရင် အရပ်သား အစိုးရသစ် ဖြစ်လာတဲ့အခါ တိုင်းပြည် အပြောင်းအလဲအတွက် ဘယ်အရာကို အဓိက လုပ်ဆောင်သင့်သလဲဆိုတဲ့ အချက်ရှိလာပါပြီ။ လက်ရှိအခြေအနေအရတော့ NLD သာ အစိုးရတာဝန်တွေ စယူပြီဆိုရင် အရင်ဆုံး လုပ်ရမှာက နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ အကျင့်ပျက် ခြစားမှု corruption ကို ရာခိုင်နှုန်းများစွာ လျှော့ချပစ်နိုင်ဖို့ အဓိက လုပ်ရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ယခုတစ်ပတ် သတင်း သုံးသပ်ချက်ကဏ္ဍမှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းတဲ့ နေ့မှစပြီး နှစ်နှစ်နီးပါးမှာ ကိုးဦးကိုသာ တရားစွဲဆိုခဲ့တာ၊ ၁၂၅ ဦးကို ဝန်ထမ်း စည်းမျဉ်းအရ အရေးယူခဲ့တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း ပြောခဲ့တဲ့သတင်းနဲ့ အထက်က စေခိုင်းလို့ လုပ်ကိုင်ရတာဖြစ်ပြီး  ဌာနအတွင်း လာဘ်ပေးလာဘ်ယူ သူများကို ဖော်ထုတ်သွားမယ်လို့ ကျပ်သိန်းထောင်ချီ လာဘ်ယူလို့ တရားစွဲဆိုခံထားရတဲ့ အခွန်ဦးစီးဌာန အကြီးတန်း စာရေးရဲ့ ပြောဆိုမှု သတင်းတွေကို အဓိက ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပါတယ်။
နှစ်နှစ်နီးပါးမှာ ကိုးဦးသာ တရားစွဲတဲ့ ကော်မရှင်
လက်ရှိအစိုးရ တာဝန်ယူတဲ့ ကာလ အတွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အပေါ်  လူအများရဲ့ စောင့်ကြည့် ဝေဖန်မှု မြင့်မားခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် သမ္မတဦးသိန်းစိန် အစိုးရ တက်လာတဲ့အချိန်မှာ လူထုက အကျင့်ပျက် ခြစားမှုကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းဆောင်ရွက် ပေးမယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါ့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ လုပ်ဆောင် မှုတွေကို စောင့်ကြည့် လေ့လာခဲ့ပါတယ်။ ဒါပေမဲ့ နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ကော်မရှင် ဖွဲ့စည်းတဲ့နေ့မှ နှစ်နှစ်နီးပါး ကာလအတွင်း ကိုးဦးကိုသာ တရားစွဲဆိုခဲ့တယ်။ ၁၂၅ ဦးကို ဝန်ထမ်းစည်းမျဉ်းအရ အရေးယူခဲ့ တယ်လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီတော့ နိုင်ငံမှာရှိနေတဲ့ အကျင့်ပျက်ခြစားမှု ညွှန်းကိန်းတွေရယ်၊ အမြစ်တွယ်နေတဲ့ လာဘ်ပေးလာဘ်ယူ အခြေအနေတွေရယ်နဲ့ ကော်မရှင်က အရေးယူဆောင်ရွက်မှု အခြေအနေကို ချိန်ထိုးကြည့်တဲ့အချိန်မှာ  အံ့သြစရာကောင်းတဲ့ အဖြေတစ်ခု ထွက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားမှုအတွက် ဒီ လောက်ဆောင်ရွက်ရုံ ၊ ဖြေရှင်းရုံနဲ့ လုံလောက်သွားပြီလား။ ဒါမှမဟုတ်ရင်  အဂတိလိုက်စားမှုကို ထိထိရောက်ရောက် မလုပ်တာလား။ လုပ်နိုင်လောက်တဲ့ အခြေအနေ မရှိဘူးလား။ စဉ်းစားရတော့မှာ ဖြစ်ပါတယ်။
နိုင်ငံမှာ လုပ်ပိုင်ခွင့် အာဏာရှိသူတွေရဲ့ မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊  ပေးရန်နဲ့ ရရန်၊ ပိုင်ဆိုင်မှုနဲ့ စပ်လျဉ်း တာတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုက ဘယ်လောက်အထိ အခြေအနေ ဆိုးနေမလဲ စဉ်းစားကြည့်နိုင် ပါတယ်။ တရုတ်နိုင်ငံမှာတောင် အဂတိ လိုက်စားမှုကို မြေလှန်ဖို့ အာဏာပိုင်တွေ၊ ဗိုလ်ချုပ်တွေကို ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ရတယ်။ ဒါတောင် အကျင့်ပျက်ခြစားမှု ဘယ်လောက်အထိ ကင်းသွားပြီဆိုတာကို အာမမခံနိုင်ကြဘူး။ မြန်မာနိုင်ငံမှာ အာဏာရှင် ခေတ်အဆက်ဆက် ပိုင်ဆိုင်မှုတွေက စာရင်းကောက်လို့တောင် မရဘူး။ အာဏာပိုင်တွေ ဝန်ထမ်းအဆင့်ဆင့် တာဝန်ရှိသူတွေရဲ့ အဂတိတရား ကင်းမှုကိုလည်း ဘယ်သူမှ အာမခံ မပေးနိုင်ခဲ့ဘူး။ ဒီတော့ လာမယ့် NLD အစိုးရဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အနာဂတ်အတွက် ခပ်ပြင်းပြင်း ကိုင်တွယ်ဖို့ပဲ ရှိတယ်။ မဟုတ်ရင် အမြစ်မပြောနဲ့ ကိုင်းဖျားကိုင်းနားလောက်ကိုတောင် ရှင်းလင်းပစ်နိုင်မှာ မဟုတ်ဘူး။
နိုဝင်ဘာ ၂၄ ရက်မှာ ကျပ်သိန်းထောင်ချီ လာဘ်ယူတယ်ဆိုပြီး ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ အခွန်ဦးစီးဌာနက အကြီးတန်းစာရေးကို ရုံးထုတ်တယ်။ ဒီလို ရုံးထုတ်ချိန်မှာ သူက ဘာပြောသလဲဆိုရင် တကယ်ပတ်သက်ခဲ့တဲ့ လူကြီးတွေက ရှောင်ထွက်နေကြတယ်။ နောက်ကွယ်က အဆင့်ဆင့် လူကြီးတွေရဲ့ စေခိုင်းမှုအရ လုပ်ရတာ။ သူတို့ခိုင်းလို့ လုပ်ရတာ။ သူတို့ ပါဝင်ပတ်သက်မှုတွေ အများကြီးရှိတယ်လို့ ပြောသွားပါတယ်။ ဒါဟာ အမှန်ဆိုရင် ဒီလိုလာဘ်ပေး လာဘ်ယူမှုတွေမှာ အမှန်တရားက အရေးကြီးသွားပြီ။ ကိုင်းဖျားကိုင်းနားကိုပဲ ရှင်းမိတယ်ဆိုရင် နောက်ထပ်ကိုင်းတွေ အကိုင်းအခက်တွေ အပွင့်အဖူးတွေ ထပ်ပြီးတက်လာဦးမှာပဲ။ အမြစ်ကမှ ဆွဲလှန်ရှင်းလင်းဖို့ မလုပ်ခဲ့တာကိုး။ ဒီတော့ အဂတိ တရားကင်းအောင် တကယ်လုပ်ကြ တော့မယ်ဆိုရင် ဟိုးအနက်ကြီးအထိ ဆင်းပြီး လုပ်ရုံမှတစ်ပါး အခြား ရှိမှာ မဟုတ်ပါဘူး။ 
 

Most Read

Most Recent