NLD ပါတီ အမှိုက်ရှင်းသည့် လှုပ်ရှားမှု စတင်

NLD ပါတီ အမှိုက်ရှင်းသည့် လှုပ်ရှားမှု စတင်
Published 29 November 2015
အောင်ထက်ခိုင်

နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အမှိုက်ရှင်းသည့် လှုပ်ရှားမှုများကို စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်အား ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကျောက်တန်းမြို့နယ် NLD  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးသည် ကျောက်တန်း မြို့နယ်နှင့် ကျေးရွာများတွင် ပါတီဝင် လူငယ်များ ပါတီဝင် မဟုတ်သော လူငယ်များဖြင့် အမှိုက်ရှင်း လှုပ်ရှားမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။“အစ်မ အခုလို အမှိုက်ကောက်နေတာ သုံးပတ်မြောက်ပါ။ အမှိုက်ကောက်မှာက ကျောက်တန်းမြို့နဲ့ ကျေးရွာတွေ အကုန်လုံးမှာ ကောက်ဖို့ စီစဉ်နေပါတယ်။ ပထမက ကျောက်တန်း ရေလယ်ဘုရားက စတင် ကောက်တာပါ။ နောက်တစ်ပတ်တွေကျတော့ ကိုယ့်ဘာသာကိုယ် အဖွဲ့လေးတစ်ဖွဲ့ ဖွဲ့လိုက်ပြီးတော့ ပစ္စည်းတွေပဲ ချထားပေးခဲ့တယ်။ အမှိုက်ပုံးတွေ အိတ်တွေ ပေးထားခဲ့ပါတယ်။ အစ်မ မပါဘဲ သူတို့ကို ပုံမှန်ကောက်ဖို့ အဖွဲ့လေး ဖွဲ့ပေးခဲ့ပါတယ်။ နောက်တံတားမြို့မှာ အစ်မက ပူးပေါင်းပြီးတော့ အမှိုက်ကောက်တယ်။ တံတားမြို့က အမှိုက်ပုံး လိုတယ်ဆိုလို့ အမှိုက်ပုံးတွေကို အလှူရှင်ရှိတော့ သွားပို့ခဲ့တယ်။ မင်္ဂလွန်းဆိုတဲ့ ရွာမှာလည်း ပူပေါင်းပြီးတော့ အမှိုက်ကောက်တယ်။ အဖွဲ့လည်း ဖွဲ့ခဲ့ပါတယ်။ နောက်ကျေးရွာတွေမှာလည်း သူတို့က စိတ်ဝင်စားလို့ လုပ်ချင်ပါတယ်ဆိုတော့ အဖွဲ့ဖွဲ့ပေးခဲ့တယ်။ အမှိုက်ပုံးတွေ ပေးခဲ့ပါတယ်။ နောက်ထပ် ကျေးရွာတွေမှာ လုပ်ဖို့ စီစဉ် နေပါတယ်” ဟု ကျောက်တန်းမြို့နယ် NLD ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။ဒေါ်အေးမြမြမျိုးက ဆက်လက်ပြီး “အစ်မက အောင်နိုင်ရေးကာလ ပြီးကတည်းက အမှိုက်ကောက်တဲ့ အလုပ်ကို လုပ်ချင်နေတာ။ ဘာလို့လဲဆိုတော့ အောင်နိုင်ရေး ခရီးတစ်လျှောက် သွားတဲ့အချိန်မှာ မှော်ဝန်းချောင်းထဲကို  အမှိုက်တွေ ပစ်ကြတာ။ ကျောက်တန်းရဲ့ ပတ်ပတ်လည်မှာ မှော်ဝန်းချောင်းကြီး ရှိနေတာပေါ့။ မှော်ဝန်းချောင်းဆိုတာ ကျောက်တန်းရဲ့ အသက်သွေးကြော ဖြစ်တယ်။ အဲဒီလို အမှိုက်တွေ ပစ်တဲ့ဒဏ်တွေက ဒေသခံတွေရဲ့ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မဲရလဒ်မည်သို့ပင် ဆိုစေကာမူ အစ်မဒါတွေ ဆက်လုပ်မယ်လို့ ရည်ရွယ်ထားတာပါ။ အဓိက အမှိုက်တွေ မပစ်ဖို့ အမှိုက်ကို အမှိုက်ပုံးထဲ ထည့်ဖို့ ကိစ္စတွေကို ပညာပေး စတေကာတွေကပ်၊ ဗီနိုင်းတွေ ကပ်ပြီးတော့ ကောက်တာပါ။ တချို့ရွာတွေမှာ အမှိုက်ပစ်ဖို့ သတ်မှတ်ထားတဲ့ နေရာတောင် မရှိပါဘူး။ အမှိုက်ကောက်ဖို့ အခြေအနေ မလိုတဲ့ အချိန်အထိရောက်အောင် ရည်ရွယ်တာပါ” ဟု ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ မြို့နယ်အလိုက် ပတ်ဝန်းကျင် သန့်ရှင်းရေးအဖြစ် အမှိုက်ရှင်းခြင်း လုပ်ငန်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ညွန်ကြားခဲ့ကြောင်း သိရသည်။ကျောက်တန်း မြို့ပေါ်ရပ်ကွက် ကိုးရပ်ကွက်၊  မြို့နယ်ခွဲ တစ်မြို့နယ်၊ ကျေးရွာ အုပ်စု ၅၇ စု ၊ ကျေးရွာခွဲ ၈၀ ရှိပြီး အဆိုပါ နေရာများသို့ အမှိုက်ရှင်း လုပ်ငန်းများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ကျောက်တန်းမြို့နယ်NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၅၀၆၅ ရရှိပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း   ဦးအုန်းမြင့်က မဲ ၃၄၄၉၆ ရရှိခဲ့ကြောင်း သိရသည်။  

Most Read

Most Recent