အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖွဲ့ပြီးပါက ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တစ်ပြိုင်တည်း ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသားများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ပိုများလာစေရမည်ဟု တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များနှင့် နိုဝင်ဘာ ၂၆ ရက်က တွေ့ဆုံစဉ် ကတိပြုပြောကြားခဲ့ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောကြားသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်၊ ဦးဟန်သာမြင့်တို့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)တို့မှ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးကို ရွေးကောက်ပွဲအနိုင်ရပါတီ NLD အစိုးရက ဆက်လက်ဆောင်ရွက်မည့်အပေါ် ပူးပေါင်းလုပ်ဆောင်ရမည့် နည်းလမ်းများသိလို၍ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဆန္ဒရှိသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လတ်တလောတွေ့ဆုံနိုင်မည့် အခြေအနေမရှိသေး၍ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဦးဝင်းထိန် က “အဓိကကတော့ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ချမှတ်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့မူဟာ ကျွန်တော်တို့ အခုထက်ထိ ဆုပ်ကိုင်ထားတယ်။ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ သူများတွေ မပြောရဲတဲ့အချိန်မှာကတည်းက ကျွန်တော်တို့ ကပြောခဲ့တယ်။ အခုလည်း ပြောနေမှာပဲ။ အဲဒီတော့ အစိုးရ ဖွဲ့ပြီဆိုလို့ရှိရင် ငြိမ်းချမ်းရေးရယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရယ်က တစ်ပြိုင်တည်း ဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘာကိုဦးတည်မလဲ။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်မယ်။ ငြိမ်းချမ်းရေးကလည်း ငြိမ်းချမ်းရေးရမယ်ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဦးတည်မယ်။ ပြည်နယ်တွေ ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် တိုင်းရင်းသားတွေရဲ့ လုပ်ပိုင်ခွင့်ရပိုင်ခွင့်ဟာ ပိုပြီးတော့ များလာစရာရှိပါတယ်။ အဲဒါကို ကတိပေးလို့ရတယ် ဆိုတာကို ကျွန်တော်ပြောခဲ့တာ”ဟု ပြောကြားသည်။
နောင်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ဆက်လက်လုပ်ဆောင်ရာတွင် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကာ ဆောင်ရွက်မည့်အကြောင်းနှင့် လက်ရှိအစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးနှင့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီးလည်း ငြိမ်းချမ်းရေးအတွက် အသုံးတည့်မည့် ကိစ္စမှန်သမျှကို ဆက်သုံးသွားမည်ဖြစ်ကြောင်း စသည်တို့ကိုလည်း ရှင်းပြခဲ့သည်ဟု ဦးဝင်းထိန်က ဆိုသည်။
“သူတို့လုပ်လို့ ကျွန်တော်တို့ ပယ်မယ်ဆိုတာ မရှိဘူး။ အများစုက ဆက်သုံးဖို့က များပါတယ်လို့ ကျွန်တော်တို့ပြောထားတယ်” ဟု ဦးဝင်းထိန်က ပြောကြားသည်။
အနာဂတ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနှင့် ပတ်သက်ပြီး ဦးဆောင်ရမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များဖြင့် သုံးပွင့်ဆိုင် ဖွဲ့စည်းထားရာ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် ၁၆ ဦးတွင် ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ အနိုင်ရရှိခဲ့သည့် NLD ပါတီနှင့် တစ်ဦးမျှ အနိုင်မရသည့် ပါတီများကို တန်းတူထားခြင်းသည် နိုင်ငံရေးအရ မမှန်ကန်သည့်အပြင် သဘာဝလည်းမကျဟု ဦးဝင်းထိန်က ဆိုသည်။
“ငြိမ်းချမ်းရေး အစုအဖွဲ့မှာ နိုင်ငံရေးအရ ဘယ်လိုနည်းနဲ့မှ အရေးမပါတဲ့အဖွဲ့တွေ ထည့်တာဟာ အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး ရှောရှောရှူရှူဖြစ်ဖို့က မလွယ်ဘူး။ ကျွန်တော်တို့ ရှောရှောရှူရှူ ဖြစ်စေချင်တယ်။ ငြိမ်းချမ်းရေး မြန်မြန်ရစေချင်တယ်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ချင်တယ်”ဟု ဦးဝင်းထိန်က ဆိုသည်။
ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို တစ်ပြိုင်တည်း ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းရင်းသားများ၏ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ပိုများလာစေရမည်ဟု တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များအား ကတိပြုခဲ့ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန် ပြောကြား















