“ဆင်းရဲခြင်းနှင့် လွတ်လပ်ခြင်းသည် နီးစပ်သကဲ့သို့ ရှိသော်လည်း အမှန်စစ်အားဖြင့် ဆင်းရဲလျှင် လွတ်လပ်စွာ မနေနိုင်ပေ” (ဝီလျှံကော့ဘက်)မြန်မာစာပေလောကမှာ ခေတ်စမ်းကဗျာ စာဆိုရှင် “မင်းသုဝဏ်” လို့ဆိုရင် မသိသူ မရှိသလောက်ပါပဲ။ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝ၊ ကျောင်းနေစ အရွယ်မှာကိုပဲ ဆရာ့ရဲ့ ကလေးကဗျာတွေနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ဆရာက မြန်မာပြည် သူ့ကျွန်ဘ၀ ကျရောက်နေစဉ်ကာလမှာ မွေးဖွားကြီးပြင်း ပညာသင်ခဲ့ရသူဖြစ် လို့ မလွတ်လပ်ခြင်းရဲ့ ခါးသီးမှုကို ကောင်းကောင်းကြီး ခံစားခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါကြောင့် ဆရာက လွတ်လပ်ခြင်းကို တန်ဖိုးထားပြီး လေးစားမြတ်နိုးပါတယ်။ ဒါ့အပြင် မလွတ်လပ်ခြင်းကြောင့် ခံစားရတဲ့ စိတ်ဆင်း ရဲမှု၊ ကိုယ်ဆင်းရဲမှုတွေကိုလည်း သူ့ဘဝနဲ့ နှိုင်းစာပြီး ကိုယ်ချင်းစာတတ်ပါတယ်။ ဒါကြောင့် ဆရာဟာ မလွတ်လပ်သေးတဲ့ လူမျိုးဘဝမှာ ကတည်းကပဲ၊ လွတ်လပ်လို စိတ်နဲ့ လွတ်လပ်တက်ကြွတဲ့ ကဗျာတွေကို ရေးသား စပ်ဆိုလေ့ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ကဗျာလေးကို ဖတ်ကြည့်မယ်ဆိုရင် ဆရာဘယ်လောက် လွတ်လပ်ခြင်းကို မြတ်နိုးတယ်ဆိုတာ သိသာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဖတ်ကြည့်ရအောင်ပါ...။“လပမာလျှင်၊ အာကာခွင်၌ငါလျှင်လွတ်လပ်၊ လှည့်လည်ပတ်အံ့”ဆရာက သူ့ကဗျာရဲ့ ပထမပိုဒ်မှာ လေရဲ့ လွတ်လပ်ခြင်းကို ပမာယူပြီး အားကျစိတ်နဲ့ ရေးဖွဲ့ခဲ့တာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ တစ်ခါသားမှာ မြတ်စွာဘုရားရှင်ဟာ သူ့ရဲ့လက်ကို လေထဲမှာ ဆန့်တန်းဝှေ့ရမ်း ရင်း ကောင်းကင်မှာ လှည့်ပတ်သွားလာ နေတဲ့လေဟာ ဘယ်အရာနဲ့မှ မငြိသလို တပည့်ဒကာမများနဲ့ ဆက်ဆံတဲ့အခါမှာ လည်းမငြိ မကပ်မတွယ် မတာတဲ့သဘောနဲ့ ဆက်ဆံရမယ်လို့ ရဟန်းတော်တွေကို ဆုံးမတော်မူခဲ့တာကို တွေ့ရပါတယ်။ ဆရာကလည်း စာပေအနုပညာရှင်ဖြစ်တာမို့ သူ့အတွေး သူ့စိတ်ကူးတွေက လေထဲမှာ အတန့်အရပ်မရှိ လွင့်ပါရင်းနဲ့ ဒီစိတ်ကူးလေးကို ရလာခဲ့ဟန်တူူပါတယ်။ဒုတိယ အပိုဒ်မှာတော့ . . .နေရောင်-လဝါ၊ ကဲ့ပမာလျှင်အာကာတိမ်ဦး၊ တိမ်ထွက်ဖူး၌မြူးတူးပျော်ပါး၊ ခုန်ပေါက်လွှားလျှက်နေနားစုံမက်၊ ငါအိပ်စက်အံ့။တစ်ခါမှာ ဆရာဟာ အင်မတန်ကျယ် ပြောလှတဲ့ ကောင်းကင်ပြင်ကြီးကို နေရာတစ်ခုကနေပြီး မော်ကြည့်လိုက်တဲ့အခါ ကောင်းကင်မှာ လေနဲ့အတူ လွင်ပါးနေတဲ့ တိမ်တိုက် အဆုပ်လိုက် ကောင်းကင်ပြာ ပင်လယ်ကြီး ထဲမှာ တအိအိမျော ပါနေတာကိုလည်း ဆရာက ငေးကြည့်နေမိပါတယ်။ညနေစောင်းကာစ အချိန်မို့ထင်ပါရဲ့။ တိမ်ဂွမ်းစိုင်ကြီးတွေရဲ့ အနားသပ်တွေမှာ နေရောင်လေးတွေ ဟပ်နေတာက တိမ်အနားသပ်ကို ရွှေနဲ့အနားကွပ်ထားသလို ဖြစ်နေတာမို့ အင်မတန်မှ ကြည့်လို့လှနေတာကြောင့် ဆရာ့စိတ်ထဲမှာ ဒီတိမ်တွေပေါ်မှာ လွတ်လွတ်လပ်လပ် ခုန်ပေါက်ပြေးလွှားပြီးများ ကစားလိုက်ရရင် ဘယ်လောက်များ ပျော်စရာ ကောင်းလိုက်မလဲလို့ တွေးနေမိပုံရပါတယ်။ မောတဲ့အခါကျတော့လည်း အဲဒီတိမ်တွေပေါ်မှာ နားပါလေ့၊ အိပ်ချင်လည်း အိပ်ပေါ့။ ဆရာ့စိတ်ကူးက လွတ်လပ်လွန်းလို့ ကဗျာဖတ်တဲ့ ကျွန်တော့်စိတ်ထဲမှာတောင် ဆရာ့ကို အလိုလို အားကျမိနေရပါတယ်။ ဆရာ့ကဗျာက အဲဒီလောက်ထိ စာဖတ်သူတွေရဲ့စိတ်ကို စွဲဆောင်နိုင်တာလည်း တွေ့ရပါတယ်။ငါ၏ တေးလည်းဝေးသီခေါင်စွာ၊ ထိုအာကာမှကမ္ဘာသူသား၊ ဆွေအများအားအလားတူစွာ၊ ငါ့...ပမာလျှင်လွတ်ရာလွတ်ကြောင်း၊ရည်ရွယ်ချောင်းဖို့သောင်းသောင်းညာညာ၊ ချိုသံသာအံ့။ကဗျာပဲရေးရေး၊ စာပဲရေးရေး၊ စာရေးသူရဲ့ စေတနာက သူ့ကဗျာ သူ့စာထဲမှာ ပါကိုပါရပါတယ်။ စာတစ်ပုဒ် ကဗျာတစ်ပုဒ် စာဖတ်သူရဲ့ ရင်ထဲမှာ စွဲသွားတယ် ဆိုတာကလည်း အမှန်ပြောရရင် စာရေးသူက ပေးတဲ့စေတနာနဲ့ စာဖတ်သူက ခံယူတဲ့ နှလုံးသားက တစ်ထပ်တည်းကျပြီး ဟပ်မိသွားတာပါ။ ဆိုရရင် မကောင်းတဲ့ စေတနာနဲ့ ရေးတဲ့စာဟာ နှလုံးသားကောင်းတဲ့ သူတွေရဲ့ရင်ထဲမှာ ဘယ်တော့မှ တင် မကျန်တတ်ပါဘူး။ ဘာကြောင့်လဲလို့မေးရင် အင်မတန်ပူလောင်တဲ့ ရေပူပူကြီးကို၊ စာဖတ်သူက အင်မတန် ဖြူစင်နူးညံ့တဲ့ သူ့လက်နဲ့ မကိုင်နိုင်လို့ပါပဲ။ ဒါပေမဲ့ အေးမြပြီး မွှေးကြည်နေတဲ့ စမ်းရေတွေ ဆိုရင်တော့ ခံယူပြီး ချက်ချင်း သောက်ချလိုက်နိုင်မှာပါပဲ။အခုလည်း ဆရာရဲ့ စေတနာက ကဗျာထဲမှာ ထုံမွှန်းလိုက်တဲ့အခါ ကဗျာကလေးဟာ အေးကြည်ပြီး၊ စေတနာရနံ့တွေကလည်း ထုံကြိုင်နေတာဆိုတော့ ဘယ်သူနှလုံးသားထဲကိုမဆို လျှောခနဲ ဝင်သွားတဲ့သဘောပါပဲ။ ဒီမှာဆို ဆရာက အင်မတန်မှ ချိုသာပြီး နှစ်လိုဖွယ်ကောင်းတဲ့ သူ့နှလုံးသားတေးသံဟာ စိတ်ရောကိုယ်ပါ အကျဉ်းကျပြီး မလွတ်မလပ် ဖြစ်နေတဲ့ ကမ္ဘာသူကမ္ဘာသား အများအတွက် ဒီလိုမှ မဟုတ်ရင်လည်း ဒီကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ဒုက္ခအပေါင်းက လွတ်မြောက်ဖို့ ချောင်းနေကြတဲ့ ကမ္ဘာအနှံ့က လူသားတွေအတွက် ကြွေးကြော်လိုက်တဲ့လွတ်လပ်ရေး တေးသံပမာ ဖြစ်နေပါစေဆိုတဲ့ စေတနာနဲ့ ဒီကဗျာလေးကို ရေးလိုက်ပုံရပါတယ်။လောကမှာ လွတ်လပ်ခြင်း နှစ်မျိုးရှိပါတယ်။ စိတ်ရဲ့လွတ်လပ်ခြင်းနဲ့ ကိုယ်ရဲ့လွတ်လပ်ခြင်းပါပဲ။ ဒါပေမဲ့ ကိုယ်ကဘယ်လိုပဲ လွတ်လွတ်လပ်လပ် စိတ်က အကျဉ်းကျနေမယ် ဆိုရင်တော့ ဒီလူကို လွတ်လပ်ခြင်းနဲ့ ပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ ပြောရရင် စိတ်ရဲ့လွတ်လပ်ခြင်းက ပိုပြီး နှစ်လိုဖွယ် ကောင်းပါတယ်။ ဒီနေရာမှာ စိတ်ကိုတုပ်နှောင်ထားတဲ့ တရားတွေက အများကြီးပါ။ အဓိကအားဖြင့်တော့ လောဘ၊ ဒေါသ၊ မောဟတရားတွေပါပဲ။ ဒီတရားတွေနဲ့ အချုပ်အနှောင်ခံရတဲ့ စိတ်က ဘယ်တော့မှ မလွတ်လပ်ပါဘူး။ ဒီအထဲမှာမှ အချစ်ကြောင့်ဖြစ်ရတဲ့ လောဘ၊ ဒေါသ၊ မောဟတရားတွေက လူကိုပိုပြီး ကျုံ့သွား စေနိုင်ပါတယ်။ အင်မတန်သတိထားပြီး ကြည့်နိုင်မှ လူတိုင်းလူတိုင်းဟာ အချစ်ရဲ့ အကျဉ်းထောင်ထဲမှာ ပျော်ပျော်ကြီး အကျဉ်းချ ခံထားရတယ်ဆိုတာ မြင်နိုင်ပါလိမ့်မယ်။ ဒါကိုဆရာက မြင်ပုံရပါတယ်။သူ့ကဗျာ တတိယအပိုဒ်မှာ-ငါ့မိ၊ ငါ့ဘ၊ ငါ့ဆွေ...ငါ့သားလောကအပေါင်း၊ အိုသောင်းသောင်းတို့အကြောင်းသ့ိုညွှန်၊ ဤငါကျွန်ကိုချစ်ဝန်မှလွှတ်၊ ချစ်ညွတ်မှရှင်းချစ်တွင်းမှဆယ်၊ အာကာလယ်၌တာတွယ်မဆံ၊ တေးချိုဖန်လျက်နေရန်ခွင့်ရေး၊ ပေးလသေး။ဆရာ့ကဗျာမှာ တောင်းပန်တိုးလျှိုးနေ တဲ့ အသံကလေးကိုတောင်မှ ကျွန်တော်တို့ ကြားနေရသလိုပါပဲ။ သတ္တဝါမှန်သမျှ ကိုယ်နဲ့ပတ်သက်တဲ့ သွေးသားအပေါ်မှာ တွယ်တာတဲ့စိတ်က အားကြီးပါတယ်။ ဒီချစ်ခြင်းတဏှာ ကို မစွန့်ခွာနိုင်သမျှ သံသရာက မလွတ်နိုင်ဘဲ သံသရာ အကျဉ်းထောင်ထဲမှာပဲ တဝဲလည်လည်နဲ့ အကျဉ်းချခံ နေရတဲ့ဘဝကို ဆရာက စိတ်ပျက်လာပုံနဲ့ လောကကို တိုင်တည်ပါတယ်။ သူ့တိုင်တည်ပုံက လှတော့ ဒီကဗျာ အနုအလှမှာ ကျွန်တော်တို့ကိုယ်တိုင်ကိုပဲ.. သမုဒယနဲ့ တွယ်တာနေရတဲ့အဖြစ်ကို သနားစရာလို့ မြင်လာမိရပါတယ်။ ကြည့်လေ၊ ချစ်ဝန်မှလွှတ်၊ ချစ်ညွတ်မှ ရှင်းတဲ့ ချစ်တတ်တဲ့ စိတ်ကို ထမ်းနေရတာဟာ နှလုံးသားကိုမှ မဟုတ်ဘူး ဘဝကိုလည်း ဝန်မိနေစေပါတယ်။ ချစ်ညွတ်မှာ မိနေတာဟာ မမြင်ရတဲ့ကြိုး ဆိုပေမယ့် ရုန်းထွက်ဖို့ကလည်း ခက်လှပါတယ်။ ဒါပေမဲ့ ချစ်တွင်းကနေ ကိုယ့်တရားနဲ့ကိုယ် ဆယ်ပြီး၊ တွယ်တာခြင်းကို ခေါက်ခေါက် ရက်ရက်စွန့်ပြီး၊ လောကကနေ လွတ်မြောက်ဖို့ အတွက် အခွင့်အရေးများ ရနိုင်သေးရင် လိုချင်ပါသေးတယ်လို့ ဆိုပါတယ်။ကဗျာက ဒီမှာတင် ဆုံးပါတယ်။ ဒါပေမဲ့ အတွေးတွေက မဆုံးသေးပါဘူး။ ဘဝတွေကလည်း မဆုံးသေးပါဘူး။ အချစ်တွေကလည်း မဆုံးသေးပါဘူး။ ဒီပုံဖြင့် သံသရာမှာ အဖန်ဖန်ကျင်လည်ရင်း အချစ်ရဲ့ကျေးကျွန်အဖြစ် နဲ့ အနစ်ခံရတော့မှာလားလို့မေးရင် ဆရာကတော့ ဘယ်လိုဖြေမယ်မသိ။ ကျွန်တော်တို့ကတော့ အတွယ်အတာကို မဖယ်ခွာနိုင်သေးသမျှ ဆယ်ကမ္ဘာမက အကျဉ်းကျ နေကြရဦးမှာ သေချာပါတယ်။










