ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေး အပါအဝင် အချက်ခြောက်ချက်ကို အစိုးရနှင့် SSPP/ SSAA တို့ မူအားဖြင့် သဘောတူ

ဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခ လျှော့ချရပ်ဆိုင်းရေး အပါအဝင် အချက်ခြောက်ချက်ကို အစိုးရနှင့် SSPP/ SSAA တို့ မူအားဖြင့် သဘောတူ
Published 26 November 2015
ကျော်ဇင်ဝင်း

လက်ရှိဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက ္ခလျှော့ချရပ်ဆိုင်းရေး အပါအဝင် အချက်ခြောက်ချက်ကို အစိုးရနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ မူအားဖြင့် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။
 
ရှမ်းပြည်နယ်တွင် တပ်မတော်နှင့် SSPP/SSA ကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် SSPP/SSA အဖွဲ့ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့၌ နိုဝင်ဘာ ၂၃ ရက်မှ ၂၄ ရက်ထိ နှစ်ရက်ကြာ တွေ့ဆုံပြီးနောက် မူသဘောတူညီချက် ခြောက်ချက်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် SSPP/SSA တပ်ဖွဲ့ဝင်များ၏ တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် တပ်မတော်ဘက်မှ SSPP/SSA ဝမ်ဟိုင်းဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။
 
ထိုသို့ဆွေးနွေးရာတွင် နိုင်ငံတော်အစိုးရ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အကြား ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ကြီးမြို့၌ လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ သဘောတူစာချုပ်ပါ ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များကို နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက် အကောင်အထည်ဖော်သွားရန်၊ SSPP/SSA တပ်ဖွဲ့ဝင်များအနေဖြင့် မိုင်းနောင်-မိုင်းရှူးကားလမ်း မြောက်ဘက်ခြမ်းတွင် ရွှေ့ပြောင်းနေထိုင်ရန်နှင့် မိုင်းနောင်-မိုင်းရှူး ကားလမ်း တောင်ဘက်ခြင်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မတော်စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်းနေရာချထားရန်၊  မိုင်းနောင်တွင် SSPP/SSA ဆက်ဆံရေးရုံးဖွင့်လှစ်၍ နှစ်ဖက်ပဋိပက္ခများနှင့် လိုအပ်သောအုပ်ချုပ်မှုဆိုင်ရာကို ညှိနှိုင်းဖြေရှင်းသွားရန်၊ လက်ရှိပဋိပက္ခကြောင့် ယာယီပိတ်ထားသော စာသင်ကျောင်း ၁၇ ကျောင်း အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ရန်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်သွားရန်တို့အား သဘောတူညီခဲ့ကြောင်း သိရသည်။
 
ထို့ပြင် စစ်ဘေးတိမ်းရှောင်သူများကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် SSPP/SSA တို့ ပူးပေါင်းညှိနှိုင်း၍ နေရပ်ပြန်လည်နေထိုင်ရေး ကူညီဆောင်ရွက်ရန် အချက်ကိုလည်း သဘောတူညီခဲ့ကြောင်း သိရသည်။ 
 
ယင်းတွေ့ဆုံဆွေးနွေးမှုတွင် UPWC  မှ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ အဖွဲ့ဝင်ဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ တပ်မတော်မှ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့ မှူး)၊ MPC မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာမင်းဇော်ဦးတို့ ပါဝင်ကြောင်း သိရသည်။
 
ထို့အတူ ဆွေးနွေးမှုတွင် SSPP/SSA ဘက်မှ ဒုတိယဥက္ကဋ္ဌ စဝ်ခေးတိုင်း၊ အတွင်းရေးမှူးများဖြစ်ကြသည့် စဝ်ခမ်းသီနှင့် စဝ်ကျော်လှ၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်ခေးမောင်၊ စဝ်ဆုနှင့် စဝ်နော်လိတ်တို့ ပါဝင်ကြောင်း သိရသည်။
 
ယင်းကဲ့သို့ မူအားဖြင့် သဘောတူညီချက်များနှင့် ပတ်သက်၍ SSPP/SSA ပြန်ကြားရေးဌာနသို့ ဆက်သွယ်ခဲ့ရာ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အနေဖြင့် အသေးစိတ်မသိရှိရသေးသဖြင့် တစ်စုံတစ်ရာပြောကြားနိုင်ခြင်း မရှိသေးကြောင်းနှင့် ရန်ကုန်မြို့သို့သွားရောက်ဆွေးနွေးခဲ့သည့် အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းရန် ပြောကြားခဲ့ပြီး ရန်ကုန်မြို့၌ လာရောက်ဆွေးနွေးခဲ့သည့် အဖွဲ့ဝင်များထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းများမှာ စက်ပိတ်ထားကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။
 

Most Read

Most Recent