၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်၌် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်ကျူးလွန်မှုကြောင့် သေဒဏ်ချမှတ်ခဲ့သည့် ၁၅ ဦးအနက် ငါးဦးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးပြတ်လွှတ်ပေး

၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်၌် ဖြစ်ပွားခဲ့သော အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်ကျူးလွန်မှုကြောင့် သေဒဏ်ချမှတ်ခဲ့သည့် ၁၅ ဦးအနက် ငါးဦးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အပြီးပြတ်လွှတ်ပေး
Published 25 November 2015
လူသတ်မှုတွင် ပါဝင်ကျူးလွန်သူများကို စီရင်ချက်ချမှတ်ရန် ရဲတပ်ဖွဲ့ဝင်များက ခေါ်ဆောင်လာသည်ကို ၂၀၁၅ ခုနှစ် မတ် ၅ ရက်က မြောက်ပိုင်းခရိုင်တရားရုံး၌ တွေ့ရစဉ်

၂၀၁၁ ခုနှစ်အတွင်းက မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ လူသတ်မှုတွင် ပါဝင်ကျူးလွန်မှုကြောင့်  သေဒဏ်ချမှတ်ခံခဲ့ရသည့် ၁၅ ဦးအနက် ငါးဦးအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အပြီးပြတ်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် မတ် ၅ ရက်က မြောက်ပိုင်းခရိုင် တရားရုံးမှ ချမှတ်ခဲ့သည့် သေဒဏ်စီရင်ချက်အပေါ် ကျေနပ်မှုမရှိ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာ သေဒဏ်ကျခံထားသည့် ၁၅ ဦးအနက် သက်ဦး၊ ညီညီဦး၊ သက်ဇော်ထွန်း၊ မျိုးကြီး(ခ) မျိုးမင်းထက်၊ ဇော်မင်းဦး(ခ)ဇော်ဇော်တို့အား နိုဝင်ဘာ ၂၀ ရက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အယူခံအမိန့်ချမှတ်ခဲ့ရာတွင် သေဒဏ်ပြစ်ဒဏ်မှ အပြီးပြတ်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
 
သေဒဏ်မှ အပြီးပြတ် လွတ်မြောက်ခဲ့သူများ၏ အကျိုးဆောင်ရှေ့နေက “သေဒဏ်က လွှတ်ပေးလိုက်တယ်ဆိုတာ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀ ရက်က အမိန့်ချတာဖြစ်ပါတယ်။ ငါးဦးကို တရားသေနဲ့ လွှတ်ပေးလိုက်တာပါ”ဟု The Daily Eleven သို့ နိုဝင်ဘာ ၂၅ ရက်က အတည်ပြုဖြေကြားသည်။
 
သေဒဏ်မှ အပြီးပြတ် လွတ်မြောက်ခဲ့သည့်သူများမှာ ငွေပေးစေခိုင်းသူ မိသားစုဝင်များဖြစ်ကြပြီး ထိုသို့ သေဒဏ်မှ ထောင်ဒဏ် သို့မဟုတ်ဘဲ အပြီးပြတ်လွှတ်ပေးသည့်အပေါ် ကျန်တရားခံများမှ မကျေနပ်သဖြင့် အထူးအယူခံတက်ရောက်ရန် ကြိုးစားမည်ဟု သေဒဏ်မှ မလွတ်မြောက်သည့် တရားခံရှေ့နေတစ်ဦးက ပြောကြားသည်။
 
“အထူးအယူခံဆိုပြီး အခွင့်အရေးရှိတော့ ရှေ့နေတစ်ဦးအနေနဲ့  သူတို့ကို ဥပဒေနဲ့အညီ ကြိုးစားပေးဖို့ရှိတယ်။ သူတို့နဲ့တော့ ခုက မဆုံရသေးဘူးပေါ့။ သူတို့နဲ့ တွေ့မယ်။အမိန့်ကူးမယ်။ သေဒဏ်ဆိုတော့ အရမ်းကြီးမြင့်နေတယ်။ ပြစ်ဒဏ်အရမ်းကြီးလွန်းတယ်။ ကျွန်မတို့ တရားခံတွေဆို စွပ်စွဲချက်တိတိကျ ကျမရှိဘူး။ သက်သေတွေက ၄၅ ယောက်စစ်ခဲ့တာ။ တရားခွင်မှာ သူတို့ကို လက်ညှိုးထိုးညွှန်ပြတဲ့ သက်သေတစ်ယောက်မှ မရှိခဲ့ဘူး။ အခုလွှတ်ပေးလိုက်တဲ့ သူတွေဆိုရင် ရှိခဲ့တယ်။ ဒါကို လွှတ်ပေးလိုက်တယ်ဆိုတော့ တရားမျှတမှု နည်းတယ်လို့ပြောချင်တယ်” ဟု သေဒဏ်မှ မလွတ်မြောက်ခဲ့သည့် တရားခံရှေ့နေတစ်ဦးက ပြောကြားသည်။
 
ထိုသို့ သေဒဏ်ပြစ်ဒဏ်မှ တရားသေဖြင့် လွှတ်ပေးခဲ့သည့်အပေါ် မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က“ ဒီအမှု အသွားအလာအရ အခုလွှတ်ပေးလိုက်တယ်ဆိုတဲ့ သူတွေကို ဘယ်လိုမှ လွှတ်ပေးဖို့ မသင့်ဘူး။ တရားမျှတမှုမရှိဘူးလို့ ပြောချင်တယ်။ 
တရားမျှတမှုမရှိဘူးဆိုတာသိရင် ကာယကံရှင်တွေက တင်မကဘဲ ရှေ့နေချုပ်ရုံးကလည်း ဒီအမှုကို သေချာပြန်စဉ်းစားသုံးသပ်ပေးဖို့ နိုင်ငံတော်ကို ပြင်ဆင်မှုတက်လို့ ရတယ်”ဟု မှတ်ချက်ပြုသည်။
 
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါလူသတ်မှုတွင် ပါဝင်သူများအား  မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး (၂) က ကြိုတင်ကြံရွယ်သည့် လူသတ်မှုပုဒ်မဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂-၁ (ခ) နှင့် ပူးပေါင်းကြံစည်မှုပုဒ်မ - ၃၄ တို့ဖြင့် ၂၀၁၃ခုနှစ် စက်တင်ဘာလက စွဲချက်တင် အမိန့်ချမှတ်ခဲ့သည်။ ယင်းအမှုတွဲအား သုံးနှစ်ကျော်ကြာ စစ်ဆေးခဲ့ကာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က အပြီးသတ် လျောက်လဲချက်ပေးခဲ့ပြီး ၂၀၁၅ ခုနှစ် မတ် ၅ ရက်က စွဲချက်အတင်ခံထားရသည့် တရားခံ ၁၅ ဦးလုံးအား သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုအမိန့်အပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရောက်ရာတွင် ငွေပေးစေခိုင်းသူ အပါအဝင် မိသားစုဝင်များမှာ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။
 
တရားလွှတ်တော်ရှေ့ ဦးရောဘတ်စန်းအောင်က “ဒီအမှုက ပေါ်လွင်ရဲ့သားနဲ့ လွှတ်တယ်ဆိုတော့ မသင့်လျော်ဘူးပေါ့ဗျာ။ နိုင်ငံတော်ရှေ့နေချုပ်ရုံးကနေ ဒါကို မျှမျှတတဖြစ်အောင် အထူးအယူခံ ဝင်သင့်တာပေါ့” ဟု ပြောကြားသည်။
 
ထိုအမှုဖြစ်စဉ်မှာ  ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က မြောက်ဥက္ကလာပမြို့နယ် နွယ်သာဂီ ၆ လမ်းအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သေဆုံးသူ ကိုကျော်မင်းနှင့် သူငယ်ချင်းဖြစ်သူနှစ်ဦးတို့ ရှိနေစဉ် လူငါးယောက်ခန့်မှ “မင်းက ကျော်မင်းလား”ဟု မေးကာဓားများဖြင့် ဝိုင်းဝန်းခုတ်ခဲ့ပြီးနောက် ကိုကျော်မင်းက ဆိုင်ထဲမှ အပြင်သို့ ထွက်ပြေးစဉ် အပြင်၌စောင့်နေသည့် လူများက တုတ်၊ ဓားများဖြင့် ထပ်မံခုတ်ခဲ့ကြောင်း ရဲမှုခင်းစစ်ချက်တွင် ဖော်ပြထားသည်။
 
ရန်ကုန်တိုင်းဒေသကြီးတွင်  ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာလကုန်ထိ ၁၀ လအတွင်း အမှုကြီး ၁၀ မျိုး၌ လူသတ်မှုပေါင်း ၁၅၀မှု၊ ဓားပြမှု သုံးမှု၊ လုယက်မှု ၅၂မှု၊ မုဒိန်းမှု ၉၇မှု၊ ဖောက်ထွင်းမှု၊ ၁၇မှု၊ လက်နက်မှု တစ်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရပြီး ယင်း ၁၀ လအတွင်း ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များမှာ ၃၂၃မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၃၀၂(၁)(ခ) သည် ကြိုတင် ကြံရွယ်ချက်ဖြင့်လူသတ်မှုကျူးလွန်သည့် ပြစ်မှုအမျိုးအစားဖြစ်ပြီး ပြစ်မှုထင်ရှားပါက သေဒဏ်ချမှတ်ရမည့် ပုဒ်မဖြစ်ကာ အာမခံမပေးနိုင်သည့် ပုဒ်မဖြစ်ကြောင်း ကျေအေးခွင့်လည်းမရှိကြောင်း ရာဇသတ်ကြီးနှင့်  ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတို့တွင် ပြဋ္ဌာန်းထားချက်များအရ သိရသည်။ 

Most Read

Most Recent