ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည်များအတွက် အစိုးရက ထိရောက်စွာ အမြန်ဆုံး ကူညီစောင့်ရှောက်ပေးရန် အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း မှတ်တမ်းတင် စောင့်ကြည့်မည်ဟု ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည်များအတွက် အစိုးရက ထိရောက်စွာ အမြန်ဆုံး ကူညီစောင့်ရှောက်ပေးရန် အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း မှတ်တမ်းတင် စောင့်ကြည့်မည်ဟု ပြည်သူ့လွှတ်တော် ဆုံးဖြတ်
Published 24 November 2015

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးဒုက္ခသည်များကို အစိုးရက ထိရောက်စွာ အမြန်ဆုံး ကူညီစောင့်ရှောက်ပေးရန်  နိုဝင်ဘာ ၂၃ ရက် ပြည်သူ့လွှတ်တော်၌ ရှမ်းကိုယ်စားလှယ်က အရေးကြီးအဆို တင်သွင်းခဲ့သော်လည်း မှတ်တမ်းတင် စောင့်ကြည့်မည်ဟု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ရှမ်းပြည်နယ် ကျေးသီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ဆိုင်မိုင်းက အရေးကြီးအဆို တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံကြောင်း ဆွေးနွေးခဲ့ကြသည်။
ဦးစိုင်းအွန်ဆိုင်မိုင်းက ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် SSPP/SSA တို့ စစ်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ဒေသခံများမှာ လယ်ယာမြေများကို စွန့်ခွာ၍ နီးစပ်ရာ ဘုန်းကြီးကျောင်း၊ နီးစပ်ရာမြို့များသို့ တိမ်းရှောင်နေရသောကြောင့် ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ လက်ရှိအချိန်တွင် စပါး၊ ပြောင်းစသည်တို့ကို ရိတ်သိမ်းချိန် ရောက်ရှိနေသည့် အပြင် စစ်ဘေးရှောင် ဒုက္ခသည်များမှာ လူမှုဒုက္ခအမျိုးမျိုးကို ခံစားနေရကြောင်း၊ စစ်ဘေးထွက်ပြေး တိမ်းရှောင်နေရသူများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း အဆိုတင်သွင်းစဉ် ထည့်သွင်းပြောကြားသည်။
“စစ်ဘေးရှောင် ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသမီးများ၊ မီးဖွားမည့် အမျိုးသမီးများနှင့် ဒေသခံများသည် နိုင်ငံရေးသားကောင်များအဖြစ် အပြစ်မဲ့စွာ မတရားခံစားနေရပြီး နှစ်ဖက် လက်နက်ကိုင်တို့သည်လည်း အသက်သွေးချွေးများစွာ ပေးဆပ်နေရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖော်ဆောင်ရာတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသည်များကိုလည်း လက်မှတ်ရေးထိုးထားသည့် အဖွဲ့တွေပါဝင်ကြောင်းလည်း တွေ့ရှိရပါတယ်။ ထာဝရငြိမ်းချမ်းရေး ဖြစ်ပေါ်လာရန်အတွက် နိုင်ငံရေးနည်းလမ်းအရ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်းသာလျှင် အမှန်ကန်ဆုံး နည်းလမ်းဖြစ်၍ ပြည်တွင်း ပဋိပက္ခကိုလည်း လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းခြင်းမျိုး မဖြစ်သင့်တော့ပါကြောင်း တင်ပြအပ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဥစ္စာများ လွန်စွာ ထိခိုက်နစ်နာမှုတို့ကို ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရမှ အမြန်ဆုံး ပံ့ပိုးကူညီစောင့်ရှောက်ပေးရန် အပြည့်အ၀ တာဝန်ရှိကြောင်းကိုလည်း တင်ပြအပ်ပါတယ်။ သို့ဖြစ်ပါ၍ စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားဝတ်နေရေးစတဲ့ လူမှုကိစ္စအ၀၀ကို လတ်တလော ဖြည့်ဆည်းပေးရန် လိုအပ်မှုရှိနေပါသဖြင့် နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများလည်း ထိထိ ရောက်ရောက် အမြန်ဆုံး အကောင်အထည်ဖော် ပံ့ပိုးကူညီဆောင်ရွက်ပေးပါရန် စစ်ဘေးရှောင် ပြည်သူများ၏ကိုယ်စား အရေးကြီးအဆိုအဖြစ် တင်သွင်းအပ်ပါတယ်”ဟု အဆိုတင်သွင်းခဲ့သည်။
ထို့နောက် ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့က လက်ရှိတွင်လည်း စစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်လျက် ရှိကြောင်း၊ အစားအသောက်များ၊ ကျန်းမာရေး စောင့်ရှောက်မှုများ၊ ငွေကြေးအထောက်အပံ့နှင့် အခြားအားပေးထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း၊ နယ်မြေလုံခြုံမှုရှိပြီး ဒေသသို့ ပြန်လည်ဝင်ရောက် သည့်အခါ၌လည်း လိုအပ်သည့်ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ဆောင်ရွက်ပေးရန် အစီအမံများ ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် အဆိုကို မှတ်တမ်းတင် ထားရှိပေးရန် ပြန်လည် ဆွေးနွေးခဲ့သည်။
ယင်းသို့ဆွေးနွေးမှုများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက အဆိုတင်သွင်းသည့် ကိုယ်စားလှယ်အနေဖြင့် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုဖြစ်ကြောင်း၊ ထိုနည်းတူ  လက်ရှိတွင် နိုင်ငံတော် အစိုးရအနေဖြင့်လည်း ဝန်ကြီးဌာနအသီးသီးက ကူညီစောင့်ရှောက်မှု ပေးနေကြောင်း တင်ပြသွားပြီးဖြစ်ကြောင်း၊ မလုပ်သည့်ကိစ္စဆိုက လုပ်ပေးရန် တိုက်တွန်းရမည်ဖြစ်ကြောင်း၊ ယခုလုပ်ပေးနေသည့် အစိတ်အပိုင်းတွင် လုပ်ပေးနေပြီဟု ပြောသည့်အတွက် အဆိုကိုအတည်ပြုခြင်း မဟုတ်ဘဲ မှတ်တမ်းတင်ထားရှိမည်ဟု ဆုံးဖြတ်ပါက အဆိုရှင်အနေဖြင့် လက်ခံနိုင်ပါသလားဟု မေးမြန်းခဲ့ရာ အဆိုရှင်က လက်ခံခဲ့သဖြင့် ယင်းအရေးကြီး အဆိုကို မှတ်တမ်းတင်ထားရှိပြီး စောင့်ကြည့်သွားမည်ဟု လွှတ်တော်က သဘောတူ ဆုံးဖြတ်ခဲ့သည်။

Most Read

Most Recent