အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စတင်ဖွဲ့စည်းသည့်နေ့မှ ယနေ့အထိ ကိုးဦးကို တရားစွဲဆို အရေးယူခဲ့ပြီး ၁၂၅ ဦး ကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက လွှတ်တော်၌ ရှင်းလင်း ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက နေပြည်တော်တွင် နိုဝင်ဘာ ၂၃ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦး၏ မေးခွန်းအား ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စတင်ဖွဲ့စည်းသည့်နေ့မှ ယနေ့အထိ တရားစွဲဆို အရေးယူခဲ့သည့် ပုဂ္ဂိုလ်ကိုးဦး၊ဝန်ထမ်း စည်းမျဉ်း စည်းကမ်းအရ အရေးယူခဲ့သည့်ပုဂ္ဂိုလ် ၁၂၅ ဦးတို့ဖြစ်ပြီး စုံစမ်း စစ်ဆေးဆဲကိစ္စရပ် သုံးခုရှိကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ပြောကြားသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရ အဖွဲ့များသို့ လွှဲပြောင်းပေးပို့ပြီး ဖြေရှင်းဆောင်ရွက်ပေး၍ ပြေလည်သွားသော ကိစ္စ ရပ် ၃၁ ခုရှိပြီး နိုင်ငံတော်သို့ ပြန်လည် ပေးလျော်စေသည့် ငွေစုစုပေါင်းမှာ ကျပ် ၂၀၆၈၅၀၀၀ ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးမြဝင်းက ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် တိုင်စာများကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၂၁ နှင့် ပုဒ်မ ၄၃ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က တာဝန်ပေးအပ်သည့် အခါ၊ နစ်နာသူက တိုင်ကြားလာသည့်အခါတွင် ဥပဒေပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်သုံးခုနှင့် ငြိစွန်းမှုမရှိလျှင် စုံစမ်းစစ်ဆေးမှု ပြုလုပ်ကြောင်း၊ သတင်းကြားသိရုံသက်သက်ဖြင့် စုံစမ်းစစ်ဆေးခြင်း ပြုနိုင်ကြောင်း ဥပဒေ၌ ပြဋ္ဌာန်းပေးထားခြင်း မရှိကြောင်း ဦးမြဝင်းက ပြောကြားသည်။
ထို့ပြင် ဦးတင်မောင်ဦး၏ “ယခုထက် ပိုမိုသော အဂတိလိုက်စားမှု လာဘ်ပေးလာဘ်ယူမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ယခင်ကျင့်သုံးခဲ့ဖူးသော ပိုင်ဆိုင်မှု စစ်တမ်းကောက်ယူမှုကို ကျင့်သုံးရန် အစီအစဉ်ရှိပါသလော”ဟု မေးခွန်းနှင့်ပတ်သက်၍ “လောလောဆယ်မှာ ပိုင်ဆိုင်မှု စစ်တမ်း ကောက်ယူမှုကို ကျင့်သုံးရန် အစီအစဉ် မရှိသေးပါကြောင်း တင်ပြအပ်ပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၇ နဲ့ ပုဒ်မ ၄၈ တို့တွင် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နဲ့ ရရန်ပိုင်ခွင့်များ ပိုင်ဆိုင်မှုနဲ့စပ်လျဉ်းပြီး ကော်မရှင်က သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများထံမှ တောင်းခံစိစစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်”ဟု ဦးမြဝင်းက ပြောကြားသည်။
ဆက်လက်ပြီး ဦးမြဝင်းက “သို့ရာတွင် ဒီပြဋ္ဌာန်းချက်များပါတဲ့ လုပ်ငန်းမှာ ကြီးမားကျယ်ပြန့်တာကြောင့် လုပ်ထုံးလုပ်နည်းနဲ့ ပုံစံများ စနစ်တကျ သတ်မှတ်ထားမှုမရှိဘဲ လုပ်ကိုင်၍ မရနိုင်ပါဘူး။ နည်းဥပဒေမှာ ထည့်သွင်းရေးဆွဲပြီးမှသာ အဲဒီလုပ်ငန်းကို လုပ်ကိုင်နိုင်မှာဖြစ်တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနည်းဥပဒေကို ရေးဆွဲခဲ့ရာမှ ၁၀ -၇-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၃၇ ပုဒ်မ ခွဲ (က)နဲ့ အညီ ၂၇ -၇- ၂၀၁၅ရက်နေ့မှာ လွှတ်တော်သို့ ဖြန့်ဝေတင်ပြထားပြီးဖြစ်ရာ ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်ရန်မရှိပါက အဲဒီကိစ္စရပ်များကို နည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်မှာဖြစ်ကြောင်း တင်ပြ အပ်ပါတယ်”ဟု ပြောကြားသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်တွင် စတင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ကော်မရှင်ရုံးကိုလည်း ယင်းအချိန်မှ စတင် ဖွဲ့စည်းတည်ထောင်ခဲ့ရကြောင်း၊ တိုင်စာများကိုလည်း စတင် လက်ခံဆောင်ရွက်ခဲ့ရကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းသည် ကျွမ်းကျင်မှုရှိသော ဝန်ထမ်းများဖြင့် လုပ်ကိုင်မှသာ အောင်မြင်နိုင်မည်ဖြစ်ရာ ဝန်ထမ်းများကို စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ရကြောင်း ဦးမြဝင်းက ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်ဖြစ်ပြီး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာနိုင်မှုအပေါ် အခြားနိုင်ငံအပေါ် သုံးသပ်ခြင်းနှင့် မိမိနိုင်ငံအပေါ် အခြားနိုင်ငံက သုံးသပ်မှုကိုခံယူခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ်အတွင်း ပြီးစီးအောင် ကော်မရှင်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက စိန်ခေါ်မှုမှာ အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုဖြစ်ပြီး အဓိကဖြေရှင်းရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဆွေးနွေးပြောကြား သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို မူလက လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အမည်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥပဒေကိုပြင်ဆင်ပြီးနောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဟု အမည်ပြောင်းလဲခဲ့သည်။
ကော်မရှင်တွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် အဖွဲ့ဝင် ၁၅ ဦးရှိပြီး ကော်မရှင်ဥက္ကဋ္ဌမှာ ဦးမြဝင်းဖြစ်သည်။ ကော်မရှင်ဥက္ကဋ္ဌကို ပြည်ထောင်စုဝန်ကြီး အဆင့်အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ဒုတိယဝန်ကြီး အဆင့်အဖြစ်လည်းကောင်း သတ်မှတ်ရမည်ဟု ပြင်ဆင်သည့် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ထို့ပြင် သတ်မှတ်သော အဆင့်အတန်းနှင့် လျော်ညီသည့် ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့် ရှိစေရမည်ဟုလည်း ပြဋ္ဌာန်းထားသည်။
ထို့ကြောင့် ကော်မရှင်ဥက္ကဋ္ဌ၏ လစာချီးမြှင့်ငွေမှာ ပြည်ထောင်စုဝန်ကြီး အဆင့် ဖြစ်သည့်အတွက် ကျပ် သိန်း ၃၀ ခံစားခွင့်ရှိပြီး အဆောင်အယောင်အဖြစ် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ရမည်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ ဆေးကုသခွင့်၊ ရေအခမဲ့ သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့ သုံးစွဲခွင့်၊ ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်း အခမဲ့သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိတစ်ဦး၊ အိမ်အကူနှစ်ဦး၊ ဥယျာဉ်လုပ်သားနှစ်ဦး၊ မော်တော်ယာဉ်သုံးစီး၊ ယာဉ်မောင်းသုံးဦး၊ မော်တော်ယာဉ်သုံးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လ ဂါလန် ၆၀ နှုန်း၊ မော်တော်ယာဉ် သုံးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီတို့ကို ခံစားခွင့်ရှိသည်ဟု သိရသည်။
ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ လစာချီးမြှင့်ငွေမှာ ဒုတိယဝန်ကြီး အဆင့်ဖြစ်သည့်အတွက် ကျပ်သိန်း ၂၀ ခံစား ခွင့်ရှိပြီး အဆောင်အယောင်အဖြစ် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ရမည်၊ လုံခြုံရေး အစောင့်အရှောက်၊ ပြည်တွင်းအခမဲ့ဆေး ကုသခွင့်၊ ရေအခမဲ့ သုံးစွဲခွင့်၊ လျှပ်စစ်ဓာတ်အား အခမဲ့သုံးစွဲခွင့်၊ ပြည်တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့ သုံးစွဲခွင့်၊ ကိုယ်ရေးအရာရှိ တစ်ဦး၊ အိမ်အကူတစ်ဦး၊ ဥယျာဉ် လုပ်သား တစ်ဦး၊ မော်တော်ယာဉ်သုံးစီး၊ ယာဉ်မောင်း သုံးဦး၊ မော်တော်ယာဉ် သုံးစီးအတွက်တစ်စီးလျှင် စက်သုံးဆီ တစ်လ ဂါလန် ၆၀ နှုန်း၊ မော်တော်ယာဉ် သုံးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီတို့ကို ခံစားခွင့် ရှိသည်ဟု သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဖွဲ့စည်းသည့်နေ့မှ နှစ်နှစ်နီးပါး ကာလအတွင်း ကိုးဦးကိုသာ တရားစွဲဆိုခဲ့ပြီး ၁၂၅ ဦးကို ဝန်ထမ်းစည်းမျဉ်းအရ အရေးယူခဲ့ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်း ပြောကြား















