၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော် သုံးရပ်ပေါင်းတွင် ၁၄၀ ကျော် အနိုင်ရရှိ

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော် သုံးရပ်ပေါင်းတွင် ၁၄၀ ကျော် အနိုင်ရရှိ
Published 23 November 2015
ဇာလီမြင့်ဦး

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်အသီးသီးတွင် ၁၄၀ ကျော် အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ စာရင်းတွင် ဖော်ပြထားချက်အရ သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၈ ဦးရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရပြီး အနိုင်ရရှိသည့် အမျိုးသမီး ကိုယ်စားလှယ်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) မှ ၁၃၃ ဦးအထိ ပါဝင်ကြောင်း သတင်းရရှိသည်။အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်အတွက် အမျိုးသမီး ကိုယ်စားလှယ် ၃၉ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂၀ နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင် ၇၄ ဦး အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။မွန်ပြည်နယ်တွင် ပါတီပေါင်းစုံက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၅၁ ဦး ဝင်ရောက် ရွေးချယ်ခံခဲ့ရာ NLD ပါတီမှ ၁၂ ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ရခိုင်ပြည်နယ်၌ ပြည်သူ့လွှတ်တော်တွင် ရခိုင်အမျိုးသားပါတီက ဒေါ်ခင်စောဝေနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဒေါ်နီနီမေမြင့်တို့ အနိုင်ရရှိခဲ့ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ တွင် ရခိုင်အမျိုးသားပါတီမှ ဒေါ်ထုမေက အနိုင်ရရှိခဲ့ကြောင်း သိရသည်။ကချင်ပြည်နယ်၌ NLD ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်းများက ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာတို့တွင် အနိုင်ရရှိခဲ့ပြီး လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်း တစ်ဦးက ပြည်နယ်လွှတ်တော် တစ်နေရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ကယားပြည်နယ်တွင် NLD အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများမှ ပြည်သူ့လွှတ်တော်တွင် နှစ်ဦး၊ အမျိုးသား လွှတ်တော်တွင် သုံးဦး အနိုင်ရရှိခဲ့သည်။ ကရင်ပြည်နယ်လည်း NLD မှ ပြည်သူ့လွှတ်တော်တွင် တစ်ဦး၊ အမျိုးသား လွှတ်တော်တွင် သုံးဦးနှင့် ပြည်နယ်လွှတ်တော်တွင် နှစ်ဦး ရွေးချယ်ခံခဲ့ရပြီး အမျိုးသား လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ရှမ်းပြည်နယ်၌ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ အမျိုးသမီး ကိုယ်စားလှယ်လောင်းများက ပြည်သူ့လွှတ်တော်တွင် သုံးဦး၊ ပြည်နယ်လွှတ်တော်တွင် ငါးဦး အနိုင်ရရှိခဲ့ပြီး NLD က ပြည်သူ့လွှတ်တော်တွင် နှစ်ဦး၊ အမျိုးသားလွှတ်တော်တွင် တစ်ဦးနှင့် ပြည်နယ်လွှတ်တော်တွင် နှစ်ဦး ရွေးချယ်ခံခဲ့ရသည်။ချင်းပြည်နယ်တွင် NLD က အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်သူ့လွှတ်တော် တစ်နေရာတို့တွင် အနိုင်ရရှိခဲ့ပြီး ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော် တစ်နေရာတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။စစ်ကိုင်းတိုင်း၌ NLD မှ ပြည်သူ့လွှတ်တော်တွင် လေးဦး၊ တိုင်းဒေသကြီး လွှတ်တော်တွင် ၁၃ ဦး အနိုင်ရရှိခဲ့သလို ရန်ကုန်တိုင်းတွင်လည်း ပြည်သူ့လွှတ်တော်တွင် ကိုးဦး၊ အမျိုးသားလွှတ်တော်တွင် တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ၁၇ ဦး အနိုင်ရရှိခဲ့သည်။ ထို့ပြင် NLD က တနင်္သာရီတိုင်း၌ ပြည်သူ့လွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာတို့တွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ဧရာဝတီတိုင်း၌ NLD က ပြည်သူ့လွှတ်တော်တွင် နှစ်ဦး အမျိုးသားလွှတ်တော်တွင် နှစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် တစ်ဦး ရွေးချယ်ခံခဲ့ရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီး ကိုယ်စားလှယ်က တိုင်းဒေသကြီး လွှတ်တော်တွင် တစ်ဦး အနိုင်ရရှိခဲ့ကြောင်း သိရသည်။ပဲခူးတိုင်းတွင် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြည်သူ့လွှတ်တော်တွင် ငါးနေရာ၊ အမျိုးသားလွှတ်တော်တွင် နှစ်နေရာနှင့် တိုင်းဒေသကြီး လွှတ်တော်တွင် ရှစ်နေရာတွင် လည်းကောင်း၊ မန္တလေးတိုင်းတွင် ပြည်သူ့လွှတ်တော် နှစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် တစ်နေရာတို့နှင့် မကွေးတိုင်း၌ ပြည်သူ့လွှတ်တော်တွင် နှစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ရှစ်နေရာတို့တွင်လည်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။၂၀၁၅ ရွေးကောက်ပွဲမှာ ယခင်ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၃၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၁၀၁ ဦး ပါဝင်ခဲ့ပြီး ၄၅ ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ထို့နောက် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ်မြေများအတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၆ ဦး ဝင်ပြိုင်ရာ ၁၃ ဦး ထပ်မံရွေးချယ်ခဲ့ရကြောင်း သိရသည်။လက်ရှိ လွှတ်တော်အတွင်း အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၅၃ ဦးရှိပြီး ပြည်သူ့လွှတ်တော်တွင် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ပါဝင်မှု ငါးရာခိုင်နှုန်း၊ အမျိုးသားလွှတ်တော်တွင် ၂ ဒသမ ၆ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် နှစ်ရာခိုင်နှုန်းခန့်ဖြင့် လွှတ်တော်သုံးရပ် စုစုပေါင်းတွင် အမျိုးသမီး ၄ ဒသမ ၆ ရာခိုင်နှုန်း ကိုယ်စားပြုထားနိုင်ကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။ထို့အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အရေအတွက်အရ အစိုးသစ်လက်ထက် ပြုလုပ်မည့် လွှတ်တော်အသီးသီးတွင် လက်ရှိလွှတ်တော်ထက် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာမည် ဖြစ်သည်။  

Most Read

Most Recent