သတိမပေါ့ကြပါနဲ့ဦး

သတိမပေါ့ကြပါနဲ့ဦး
Published 21 November 2015
ဒေါက်တာ ဖြိုးသီဟ

လက်ရှိအစိုးရနဲ့ ပတ်သက်ပြီး သူငယ်ချင်းတွေ စကားပြောဖြစ်ကြတဲ့အခါတိုင်း ပါဝါဥပဒေသ (၄၈)ရပ် (48 Laws of Power) စာအုပ်အကြောင်းက အမြဲပါပါလာတတ်ပါတယ်။ အဲဒီစာအုပ်က လောကမှာ ပါဝါလို ချင်တဲ့သူတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဆိုပါတော့။ အဲဒီနည်းလမ်းတွေထဲမှာ ကိုယ့်ဘဝအတွက် အသုံးကျတဲ့ နည်းတွေလည်း ပါသလို ညစ်ပတ်တဲ့ နည်းလမ်းတချို့လည်းပါတယ်။ ရက်စက်တဲ့နည်းတချို့ လည်း ပါဝင်ပါတယ်။ ဒီလိုနည်းလမ်းတွေကို ကိုယ်က ရိုးရိုးရှင်းရှင်းပဲ ဘဝကို တည်ဆောက်ချင်လို့ အသုံးမပြုချင်ဘူး ဆိုရင်တောင်မှ သိထားဖို့တော့ လိုမယ်။ ဒါမှတစ်ဖက်က သုံးလာခဲ့ပြီဆိုတဲ့အခါမှာ ဉာဏ်နဲ့ဆင်ခြင်နိုင်မှာ ဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာပါတဲ့ ဥပဒေသတစ်ခုကို ထုတ်နုတ်တင်ပြပါမယ်။ ကြိုတင်ပြောလိုတာကတော့ အတိအကျ ဘာသာပြန်မှာမဟုတ်ဘဲ နားလည်လွယ်အောင်သာ ရေးမှာဖြစ်ပါတယ်။ပါဝါဥပဒေသ (၁၆) - ရှားပါးအောင်လုပ်ပြီး တန်ဖိုးတက်အောင် ကြိုးစားပါ။Law (16) - Use ‘Absence’ to increase respect and honorထင်ရှားတဲ့ဖြစ်ရပ်တစ်ခုကို ပြောပါမယ်။ အာဆီးရီးယန်း (Assyrians) တွေရဲ့ နှစ်ပေါင်းများစွာ အုပ်ချုပ်မှုကို ခံခဲ့ကြရတဲ့ မီဒီးစ် (Medes) တွေဟာ ဘီစီ(၈) ရာစုအရောက်မှာတော့ တော်လှန်ပုန်ကန်ပြီး လွတ် လပ်ရေးရယူခဲ့ကြတယ်။ သူတို့ကိုယ်ပိုင်အုပ်ချုပ်မှု လုပ်ရတော့မယ်ဆိုတဲ့အခါကျတော့ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး ဘုရင်စနစ်နဲ့မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီလို ဦးဆောင်သူမဲ့ အုပ်ချုပ်ကြတဲ့ အခါကျတော့ တိုင်းပြည်က တည်ငြိမ်မှုတွေ ပျောက်ဆုံးလာခဲ့ရတယ်။ တရားသူကြီးတွေ အကျင့်ပျက်လာကြတယ်။ တရားရုံးက ဆုံးဖြတ်ပေးလိုက်လည်း ဘယ်သူကမှ လေးလေးစားစား မလိုက်နာကြတော့ဘူး။ အဲဒီလိုအချိန်မျိုးမှာ ကျေးရွာတစ်ရွာက Deioces ဆိုတဲ့ လူတစ်ယောက်ဟာ မတရားမှုတွေကို ကိုင်တွယ်ဆုံးဖြတ်တဲ့နေရာမှာ နာမည်တော်တော်လေးကြီးလာတယ်။ နောက်ဆုံးရှိသမျှ ရွာနီးချုပ်စပ်က လူတွေအားလုံးကပါ သူ့ဆီလာပြီး အဆုံးအဖြတ် ယူလာကြတဲ့အထိပဲ။ အဲဒီလို အားလုံးက ယုံကြည်အားကိုးနေတဲ့အချိန်မှာ ရုတ်တရက်ဆိုသလို မလုပ်တော့ဘူးဆိုပြီး ရပ်ပစ်လိုက်တယ်။ အဲဒီမှာတင်ပဲ တိုင်းပြည်က အရင်လိုမတည်မငြိမ်နဲ့ ဒုစရိုက်မှုတွေ ထူပြောလာပြန်တော့ ရွာတွေရွာတွေစုပြီး အစည်းအဝေးလုပ်ကြတယ်။ ဒီအတိုင်းတော့ မဖြစ်ချေဘူး။ ဘုရင်စနစ်ကို ပြန်ထူထောင်မှ ဖြစ်တော့မယ်။ အဲဒီ ဘုရင်နေရာကိုလည်း သမာသမတ်လည်းရှိ၊ အရည်အချင်းလည်းရှိတဲ့ ခုနက တရားသူကြီးကိုပဲ ပေးအပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတာကနေ နောက်ဆုံးမှာ သူဟာဘုရင် အဖြစ်နဲ့ တိုင်းပြည်ကို ၃၅ နှစ်တိုင်တိုင် အုပ်ချုပ်သွားနိုင်ခဲ့တယ်။ နောင်တစ်ချိန် ပါရှန်း အင်ပါယာ ဖြစ်လာစေမယ့် တိုင်းပြည်ကြီးကို အုတ်မြစ်ချပေးနိုင်ခဲ့တယ်။သူရဲ့ဥပမာကို လေ့လာကြည့်ရင် သူဟာ The law of presence and absence ကို ကောင်းကောင်း အသုံးချသွားတာကို တွေ့ရပါမယ်။ အရင်ဆုံးရှိနေအောင် ကြိုးစားတယ်။ လူအများကို သတိထားမိစေတယ်။နှစ်သက်စေတယ်။ ကိုယ့်ရဲ့ရှိတည်မှုကို အားလုံးက အသိအမှတ်ပြုနေချိန်၊ လိုချင်နေချိန်ကျတော့မှ လူမြင်ကွင်းကနေ ဖျောက်နေလိုက်တယ်။ အဲဒီအခါ ကိုယ့်ရဲ့တန်ဖိုးက ပိုတက်လာပြီး ဘုရင်နေရာထိ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ဒီနည်းလမ်းကို ချစ်ရေးချစ်ရာ ကိစ္စမှာလည်း အသုံးချလို့ရပါတယ်။ ချစ်သူဆီမှာ ကိုယ့်ကိုသတိရနေစေမယ့် အရာတွေရှိနေအောင် လုပ်ထားပြီးမှ ရုတ်တရက် ခွဲခွါသွားခဲ့မယ်ဆိုရင် အနေဝေးလို့ သွေးအေးမှာ မဟုတ်တဲ့အပြင် ကိုယ့်ကို အမြဲသတိရနေပြီး ပိုလို့တောင် ချစ်နေဦးမှာပါ။ Love never dies of starvation but often of indigestion လို့ ဆိုထားပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ မတွေ့ရလို့ သေမသွားပါဘူး။ အတွေ့ရများပြီး အဆင်မပြေပါမှသာ သေဆုံးသွားတတ်တာ အချစ်ဖြစ်ပါတယ်တဲ့။မိမိဘဝမှာလည်း အသုံးချလို့ရပါတယ်။အရင်ဆုံး အောင်မြင်အောင် ကြိုးစားပါ။ နောက်ပြီးရင် ဘယ်အချိန်မှာ အနားယူသင့်သလဲ ဆိုတာကိုလည်း သိထားပါ။ တချို့နာမည်ကျော် ဘောလုံးသမားတွေ၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ နာမည်တက်နေတဲ့ အချိန်မှာ ရုတ်တရက် အနားယူလိုက်တာမျိုးတွေ မြင်ဖူးမှာပါ။ အဲဒါဟာ ဒီသဘောတရား ပါပဲ။ ဘယ်သူမှ ခေါ်မသုံးတော့လို့ အနားယူရတာမဟုတ်ဘဲ နာမည်တက်နေချိန်မှာ အနားယူလိုက်တာက အားလုံးကို တသသနဲ့ ဖြစ်ကျန်နေစေခဲ့ပါတယ်။ အရာအားလုံးမှာ အတက်ပြီးရင် အကျရှိပါတယ်။ နေရာတစ်ခု မှာ ကိုယ်အမြင့်ဆုံးထိ ရောက်ပြီးရင် ပြန်ကျတဲ့အထိ စောင့်မနေပါနဲ့၊ အနိုင်နဲ့ပိုင်း ထွက်လာခဲ့ပြီး နယ်ပယ်သစ်မှာ နာမည်ကောင်းနဲ့ စတင်လိုက်ပါ။စီးပွားရေးမှာဆိုလည်း ဒီလိုပါပဲ။ တချို့သော ကုန်ပစ္စည်းတွေ Limited edition နဲ့ထုတ်ပါတယ်။ ရုတ်တရက် တွေးကြည့်တော့ ဒီထက်ပိုထုတ်ရင် ဒီထက်ပိုရောင်းရပြီး ပိုတောင်မြတ်ဦးမယ် ထင်ချင်စရာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုကန့်သတ် ပမာဏ ထုတ်လိုက်တဲ့အတွက် ဝယ်သူတွေရဲ့ စိတ်ထဲမှာ ဒါကိုကိုင်နိုင်တာ ဘယ်လိုလူတန်းစားတွေဆိုတဲ့ အဆင့်တစ်ခု သတ်မှတ်ပေးလိုက်သလို  ဖြစ်သွားပါတယ်။ ဒီရှားပါးပစ္စည်းကို လိုချင်ကြတဲ့အခါ ဝယ်လိုအားက အဆမ တန်တက်လာတယ်။ ဝယ်လိုအားက ရောင်းလိုအားထက် ပိုမြင့်နေတဲ့အခါကျတော့ ဈေးက ဘယ်လောက်မြင့်မြင့်ဆိုတဲ့အထိ ဖြစ်လာတယ်။အပြောချင်ဆုံးအပိုင်း လာပါပြီ။ နိုင်ငံရေးပါ။ဆင်းမ်ကတ်တစ်ကတ်ကို သိန်း ၃၀ လောက် ပေးဝယ်ရအောင် လုပ်ထားခဲ့ပြီးမှ တစ်ကတ် ၁၅၀၀ နဲ့ရအောင် လုပ်ပေးလိုက်တာ၊ ကားအသစ်တွေကို ဈေးနည်းနည်းနဲ့ ဝယ်စီးလာနိုင်တာ၊ ဒါတွေဟာ အစိုးရသစ် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကြောင့်လို့ ထင်နေကြသူတွေကလည်း မနည်းဘူး။တစ်သက်လုံး အဖက်လေးတောင် လှည့်မလုပ်ခဲ့ကြရာကနေ မိဘပြည်သူများရယ်လို့ ခေါ်ခံလိုက်ရတော့ ကျွန်တော်တို့မှာ အကြီးအကျယ် ဟတ်တွေကိုထိလို့။မီးလည်းမပေး ၊ လမ်းလည်းမရှိ၊ ဖြစ်ချင်သလိုဖြစ်၊ နေတတ်သလိုနေ နှစ်ပေါင်းများစွာ ထားခဲ့ပြီးမှ ရွေးကောက်ပွဲမှာ အရွေးခံရဖို့ မီးတွေလာအောင်လုပ်ပေး၊ လမ်းတွေခင်းပေး လုပ်နေကြတာကို သူတို့တာဝန် သူတို့လုပ် တာလို့ မမြင်ကြတော့ဘူး။ သူတို့လုပ်ပေးလို့ ကျေးရွာဘယ်လို တိုးတက်တာ ဖြစ်ကုန်ကြတယ်။၁၉၉၀ ရွေးကောက်ပွဲမှာ အာဏာလွှဲမပေးခဲ့ဘူး။ ၂၀၁၀ မှာ ကြိုတင်မဲနဲ့ အနိုင်ယူခဲ့တယ်။ ခု ၂၀၁၅မှာလည်း တစ်ဖက်သတ် နီးပါး အသာစီးရယူခဲ့တယ်။ အဲဒီလိုတွေ နည်းမျိုးစုံနဲ့ လုပ်ဖူးခဲ့လေတော့ အခုတီဗွီမှာ ရွေးကောက်ပွဲအနိုင်ရလဒ်ကို ကြေညာပေးရုံ၊ ရွေးကောက်ပွဲရလဒ်အတိုင်း လက်ခံပါမယ် ပြောရုံရှိသေး၊ စစ်မှန်တဲ့အပြောင်းအလဲ တစ်ခုသဖွယ် တင်စားနေကြပြန်ပါပြီ။ ဒါတွေဟာ အဆိုးဘက်ကမြင်ပြီး မကောင်းပြောနေတာ မဟုတ်ပါဘူး။ မလုပ်ပေးတာထက်စာရင် နည်းနည်းလုပ်ပေးလာတာ၊ ခုရွေးကောက်ပွဲအပြီး မြင်နေကြားနေရတာတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် အသိအမှတ်ပြုပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ အဲဒါလေးကိုကြည့်ပြီး စစ်မှန်တဲ့ အပြောင်းအလဲတော့ ဖြစ်နေပြီ မယုံကြည်လိုက်ကြဖို့ လိုပါတယ်။ ယုံကြည်မှုလွန်ကဲခြင်းဟာ ရှုံးနိမ့်သွားစေ နိုင်လို့ပါပဲ။ရှေ့ဆက်လျှောက်စရာ အဝေးကြီး လိုပါသေးတယ်။ ကျွန်တော်တို့ ပြည်သူတွေ သတိမလျော့ကြပါနဲ့ဦး။

Most Read

Most Recent