ခွပ်ဒေါင်းမျိုး . . . သေရိုးမရှိပါ . . .

ခွပ်ဒေါင်းမျိုး . . . သေရိုးမရှိပါ . . .
Published 21 November 2015
နိုင်ရဲဝေ

လူငယ်မျိုးဆက်သစ်တွေ နိုင်ငံရေးသားကြော ဖြတ်ခံခဲ့ရတာ ဗိုလ်ချုပ်ကြီးနေဝင်း စစ်တပ်က အာဏာသိမ်းခဲ့တဲ့အချိန်မှ ယနေ့အချိန်ထိ ဖြစ်ပါတယ်။ အာဏာရှင်တွေဟာ ကျောင်းသားလူငယ်တွေကို ရန်သူတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ အာဏာရှင်တွေ ရဲ့ဖိနှိပ်မှုကို တွန်းလှန်ဖို့ ကြိုးစားခဲ့သူတွေကို ဖမ်းဆီးခဲ့ကြပါတယ်။ ဘဝတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ကျောင်းသားလူငယ်တွေရဲ့ ဘဝကို မတရားသော ပုဒ်မအမျိုးမျိုးတပ်ပြီး အကျဉ်းထောင်တွေအတွင်းမှာ ကုန်ဆုံးစေခဲ့ပါတယ်။ ပညာရှာဖွေသင်ယူရမည့် ကျောင်းသားလူငယ်တွေဟာ အကျဉ်းထောင်တွေမှာ မတရား ဖမ်းဆီးခံနေရပါတယ်။ ဘဝရဲ့ လွတ်လပ်မှုအရသာကို ခံစားရမည့်လူငယ်တွေဟာ မတရားမှုကို တော်လှန်ရင်း အကျဉ်းထောင်ထဲကို တဖွဲဖွဲ ဝင်ရောက်ခဲ့ကြရပါတယ်။ ဒီလို ရက်စက်မှုမျိုးစုံနဲ့ ဖိနှိပ်ခဲ့ပမယ့် ကျောင်းသားလူငယ်တွေရဲ့ အာဏာရှင် ဆန့်ကျင်ရေးက မရပ်နားခဲ့ပါဘူး။ ကျောင်းသားလူငယ်တွေ ယုံကြည်စွာ ကိုင်စွဲခဲ့တဲ့ သမိုင်းဝင်တဲ့ ခွပ်ဒေါင်းအလံဟာ မယိုင်လဲခဲ့ပါဘူး။ အမြင့်မားဆုံး လွှင့်ထူထားဆဲပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အချိန်မှစ၍ ပထမဆုံးအာဏာရှင်မှာ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ပါတယ်။ ဦးနေဝင်းဟာ စစ်တပ်က အာဏာသိမ်းခဲ့တာကို ပထမဆုံး ကန့်ကွက်ခဲ့တဲ့ ကျောင်းသားလူငယ်တွေကို ရန်သူတော် အဖြစ် သတ်မှတ်ခဲ့ပါတယ်။ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ ကျောင်းသားတွေရဲ့ နှလုံးသည်းပွတ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲလိုက်ပါတယ်။ ကျောင်းသား လူငယ်အများ အပြားသေဆုံးခဲ့ရပါတယ်။ အချို့လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ကျောင်းသား သမဂ္ဂအဆောက်အအုံကို အာဏာရှင် ဦးနေဝင်း ဖျက်ဆီးနိုင်ခဲ့ပေမယ့် ကျောင်းသားလူငယ်များရဲ့ သမဂ္ဂစိတ်ဓာတ်ကို မဖျက်ဆီးနိုင်ခဲ့တာ အမှန်ပင်ဖြစ်ပါတယ်။ စစ်အာဏာရှင်ကြီး ဦးနေဝင်း သမဂ္ဂအဆောက်အအုံကို ဖျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကျောင်းသား လူငယ်တွေကို ကမ္ဘာတွင်စေမည့် စကားကို ပြောခဲ့ပါတယ်။“အဆောက်အအုံကိုသာ ဖျက်ဆီးလို့ရမည်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောခဲ့တဲ့ စကားမှန်ပါတယ်။ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းပြီးနောက် ကျောင်းသားလူငယ် အများအပြား ဖမ်းဆီးခံခဲ့ရပါတယ်။ မိသားစုတွေ သေကွဲကွဲသူကွဲ၊ ရှင်ကွဲကွဲသူကွဲခဲ့ကြရပါတယ်။ ဘဝတွေလည်း ပျက်ခဲ့ရပါတယ်။ ပေးဆပ်ခဲ့ကြတဲ့ ကျောင်းသားခါင်းဆောင်ကြီးများကို ရင်မှာအစဉ် အောက်မေ့လျက်ပါ။ ပြည်သူတွေဟာ ဦးနေဝင်းရဲ့ ပြည်သူပိုင်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်သူများရဲ့ စီးပွားရေး မွဲပြာကျခဲ့ရတယ်။ စစ်အာဏာရှင် ဦးနေဝင်းဟာ ပြည်သူတွေကို လှည့်စားဖို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတဲ့ လိမ်ဆင်ကြီးကို စတင်ခဲ့ပြန်ပါတယ်။ တကယ်တော့ အဲဒီဆိုရှယ်လစ် လမ်းစဉ်ဆိုတာကြီးဟာ တကယ်တော့ အမျိုးသားရေးဝါဒရယ်။ ဆိုရှယ်လစ်စီးပွားရေး၊ နိုင်ငံရေး သီအိုရီတွေရယ်ကို မူးနောက်နေအောင် ရောသမမွှေထားတဲ့ ဖြတ်ညှပ်ကပ် လမ်းစဉ်ကြီးပါ။ ကျက်သရေသတင်း တက်နေလင်းပြီး တိုင်းနိုင်ငံ အဝန်း စည်ပင်စေရမယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဆလအစိုးရ တက်လာတာပါ။ ဒါပေမဲ့ မျိုးစေ့က မမှန်တော့ အပင်မသန်ခဲ့ပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဘဝကနေ အဆင်းရဲဆုံးဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားတိုင်း ပြည်များကပင် လာရောက် ပညာသင်ကြားရတဲ့ တက္ကသိုလ်ကြီးလည်း ခြောက်ကပ် သွားခဲ့ပါတယ်။ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေလည်း သိမ်းယူခံခဲ့ကြရပါတယ်။ ဘယ်အချိန်မှာ ဘာပင်စိုက်ပြီး တင်းဘယ်လောက် ထွက်ရမယ်ဆိုတဲ့ ရေဘူးပါက်တာမလိုချင် ရေပါတာပဲလိုချင်တဲ့ အသုံးမကျတဲ့ စနစ်ကြောင့် တောင်သူတွေရဲ့ ဘဝဒုက္ခ ပင်လယ်ဝေခဲ့ကြပါတယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေပါ။ နှစ်ပေါင်းများစွာ မြန်မာပြည်သူတွေကို ဖိနှိပ်အုပ်ချုပ်လာတဲ့ မဆလအစိုးရကို ကျောင်းသား၊ ကျောင်းသူတွေ ဦးဆောင်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ ပြည်တင်းတော့ အာဏာရှင် ကြီးဦးနေဝင်း ဆင်းပေးခဲ့ရပါတယ်။ ဦးနေဝင်းဟာ မဆလပါတီ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ သေနတ်ကို မိုးပေါ်ထောင် မပစ်ဘူးလို့ ပြည်သူကို မဆင်းခင် ခြိမ်းခြောက်သွားပါတယ်။ ဦးနေဝင်းဆင်းပြီးတဲ့နောက် လက်သံပြောင်လှတဲ့ ဦးစိန်လွင်ကို အာဏာလွှဲခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဒေါသက မပြေပါ။ ပို၍ပင် ဆိုးလာပါသည်။ ရှစ်လေးလုံး ဒီမိုကရေစီတိုက်ပွဲကြီးကို ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့ကြပါတယ်။ ပြည်သူလူထုကြီးလည်း ပါဝင်ခဲ့ကြပါတယ်။ ကျောင်းသားတွေနှင့်အတူ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးအခင်းကြီးကနေ ခွပ်ဒေါင်းမျိုးဆက်တွေ ပေါ်ထွက်ခဲ့ကြပါတယ်။ အစိုးရဟာ ခွပ်ဒေါင်းမျိုးဆက်ဖြတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ မပျက်ခဲ့ပါ။ ဆက်လက် ပေါ်ထွက်ဆဲပင်။ ကိုလိုနီဆန့် ကျင်ရေးခေတ်၊ ဖက်ဆစ်ဆန့်ကျင်ရေးခေတ်၊ တစ်ပါတီအာဏာရှင် ဆန့်ကျင်ရေးခေတ်နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးခေတ် စသည့်အချိန်တွေမှာ ခွပ်ဒေါင်းတွေ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ ရဟန်း ရှင်ပြည်သူတွေ၊ ကျောင်းသားလူငယ်တွေကို ဖမ်းဆီးနှိပ်စက်ခဲ့ကြပါတယ်။ စစ်ကြောရေးစခန်းတွေမှာ ညှဉ်းဆဲခဲ့ကြတယ်။ တောင်တန်းတွေ၊ အဓမ္မ အလုပ်စခန်းတွေမှာ၊ မာန်ချိုးမျိုး ဖြုတ်နုပ်နုပ် စဉ်းခဲ့ကြပါတယ်။ လူ ငယ်တွေရဲ့စိတ်ဓာတ် မယိုင်လဲခဲ့ပါ။ ခွပ်ဒါင်းစိတ်ဓာတ်ကို လက်ဆင့်ကမ်းခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ထောင်ထဲဝင်ဖို့ တန်းစီစောင့်ခဲ့ကြပါတယ်။ လူထုကလည်း ကြောက်သွေးမဝင်ခဲ့ကြပါ။ လူငယ်တွေကလည်း ကျောမချမ်းခဲ့ပါ။ သမိုင်းခြေရာ ပြန်ကောက်ပါ။ သမိုင်းရင်ခုန်သံ ပြန်ကြားပါ။ အစိုးရအဆက်ဆက် ခွပ်ဒေါင်းအမျိုးဖြုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ခွပ်ဒေါင်းမျိုး ဆက်သတ်ဖို့ ကြိုးစားကြတယ်။ ခွပ်ဒေါင်းက မသေခဲ့ပါ။ ဒေါင်းမိခင် ဒေါင်းမျိုးဆက်ကို မွေးဖွားရင်း တွန်ကျူးလျက်ပါ။ စစ်အာဏာရှင်တွေသာလျှင် သေဆုံးခဲ့ကြရပါတယ်။ ကျောင်းသားတွေဟာ မတရားမှုကို လက်မခံကြပါ။ ဆန့်ကျင်ကြပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးမှာလည်း ကျောင်းသားတွေ သွေးမနည်းခဲ့ကြပါ။ သံဃာတော်အရှင်သူမြတ်များနှင့်အတူ ခွပ်ဒေါင်းမျိုးဆက်တို့ စစ်အစိုးရကို အာခံတော်လှန်ခဲ့ကြပါတယ်။ ပြည်သူ့ဒုက္ခဟာ ကျောင်းသားတွေဒုက္ခပါ။ ၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် ပြည်သူအများ သေကျေပျက်စီးကြပါတယ်။ လူအများ အိမ်ခြေမဲ့ ဖြစ်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသူငယ်တွေလည်း ရာပေါင်းများစွာပင်။ အာဏာရှင် အစိုးရကတော့ မဆိုင်သလိုပင် နေခဲ့ပါတယ်။ ကယ်ဆယ်ရေးလည်း အသေအချာမလုပ်ပေးခဲ့ပါ။ နိုင်ငံတကာအကူအညီများလည်း မှန်ကန်စွာ မရောက်ခဲ့ပါဘူး။ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို မျက်ကွယ်ပြုခဲ့ကြပါ တယ်။ ဒီလိုအချိန်မှာ လက်ချိုးရေလို့ရတဲ့ ပရဟိတအဖွဲ့တွေနဲ့ တက်ကြွတဲ့ လူငယ်တွေ ပြည်သူထံကို အရောက်သွားခဲ့ကြပါတယ်။ ကျောင်းသားလူငယ်များလည်း အပါအဝင် အာဏာရှင်အစိုးရဟာ ကိုယ်တိုင်လည်း မလုပ်ပေး၊ အခြားသူများလုပ်တာကိုလည်း လက်မခံခဲ့ပါ။ ကယ်ဆယ်ရေးမှာ ကူညီနေတဲ့ ကျောင်းသားလူငယ်တွေကိုလည်း ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒီလို ခေတ်အဆက်ဆက်က ခွပ်ဒေါင်းမျိုးဆက်များ ကို အသေသတ်ခဲ့ပေမယ့် ခွပ်ဒေါင်းမျိုးဆက်များ ရှင်သန်ဆဲပါ။ ခေတ်အဆက်ဆက်မှာ ကျောင်းသားလူငယ်တွေဟာ ခွပ်ဒေါင်းအလံကို ယုံကြည်စွာကိုင်စွဲ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာလည်း ခွပ်ဒေါင်းမျိုးဆက်များကို အသွင်ပြောင်းအစိုးရဟာ နည်းမျိုးစုံသုံးပြီး ဖိနှိပ်ဆဲပင်။ ကျောင်းသားတွေ ကျင့်သုံးရမယ့် အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ အတည်ပြုထားတဲ့ ပညာရေးဥပဒေဟာ ကျောင်းသားထုကို ကိုယ်စားမပြုသလို ဆရာ၊ ဆရာမများကိုလည်း ကိုယ်စားမပြုခဲ့ပါ။ ဒါကြောင့် ကျောင်းသားများ၏ တောင်းဆိုချက်ကို အစိုးရမှ လိုက်လျောခဲ့ခြင်းမရှိပါ။ ညှိနှိုင်းခဲ့ခြင်းလည်း မရှိပါ။ နောက်ဆုံးကျောင်းသား၊ ကျောင်းသူတွေ စာသင်ခန်းကိုစွန့်ခွာ မန္တလေး မှ ရန်ကုန်ခရီးရှည် ချီတက်သပိတ်မှောက် ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာပါ။ ကျောင်းသား ကျောင်းသူများ တောင်းဆိုခဲ့ခြင်းမှာ ဒီမို ကရေစီပညာရေးအတွက်ပါ။ ဘဝအတွက် အာမခံချက်ပေးနိုင်မည့် ပညာရေးစနစ်မျိုးပင် ဖြစ်ပါတယ်။ နိုင်ငံတော်ကို အကြမ်းဖက်ခဲ့ခြင်းလည်း မရှိပါ။ ပြည်သူများအတွက်လည်း အနှောင့်အယှက် မဖြစ်စေခဲ့ပါ။ ဒီလို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများကိုအကြမ်းဖက် ဖြိုခွင်ခဲ့ပါတယ်။ သာယာဝတီ အကျဉ်းထောင်အတွင်းမှာ ယခုအချိန်ထိ ဖမ်းဆီးချုပ်နှောင် ထားဆဲပင်ဖြစ်ပါတယ်။ တရားမျှတမှုမရှိတဲ့ တရားစီရင်ရေးအောက်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်ပါတယ်။ ယခုဆိုလျှင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကြီးလည်း အောင်မြင်စွာ ပြီးစီးသွားပါပြီ။ သာယာဝတီ အကျဉ်းထောင်တွင်လည်း ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်းသားရဲဘော်များ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးအတွက်ပါ။ ကိုအောင်မှိုင်းဆန်းနှင့် ရဲဘော်များ၏ တောင်းဆိုချက်သည် တရားမျှတပါသည်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောသည့် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားနှင့် ဝန်းရံပြည်သူများကို ပြန်လွှတ်ပေးသင့်ပါတယ်။ အာဏာရှင်တွေ မည်သို့ပင် ခွပ်ဒေါင်းမျိုးဆက်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမယ့် ခွပ်ဒေါင်းမျိုးဆက် မပျက်ခဲ့သည်မှာ ယခုသာယာဝတီ အကျဉ်းထောင်နှင့် မြန်မာနိုင်ငံအကျဉ်း ထောင်အသီးသီးရှိ ကျောင်းသားများက သက်သေပြလျက်ရှိပါတယ်။ ဆက်လက်ပြီး ကျောင်းသား၊ လူငယ်များ ကျောင်းနံရံတစ်ဝိုက် ဒေါင်းအလံတွေ ပြန်စိုက်ကြဦးမည်မှာ မလွဲမသွေပင်ဖြစ်ပါတော့တယ်။

Most Read

Most Recent