မူးယစ်တရားခံနှစ်ဦးအား ချုပ်နှောင်ရန်အတွက် ရမန်ထပ်ယူရန် တရားရုံးသို့အသွားတွင် တရားခံများက တာဝန်ကျ ရဲအရာရှိနှင့် မိသားစုဝင်များကို ဓားစာခံအဖြစ် ခေါ်ဆောင်ကာ သက်သေခံကားနှင့်အတူ ထွက်ပြေးမှု သာစည်မြို့နယ် ကွမ်းခြံကုန်းကျေးရွာအနီး၌ နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်က သာစည်မြို့နယ် မြို့မရဲစခန်းမှ မယ(ပ) ၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)/၂၀(က)/၂၁ များဖြင့် စွဲဆိုထားသော တရားခံနှစ်ဦးဖြစ်သည့် စိုင်းပန် (၂၄ နှစ်)နှင့် ထွန်းဝင်း (၃၂ နှစ်) တို့၏ အမှုအတွက် ချုပ်ရက် ရမန်ပြည့်၍ တရားစွဲဆိုနိုင်ရန် သက်သေခံကားကို မိတ္ထီလာ ခရိုင်တရားရုံးသို့ မောင်းနှင်သွားခဲ့ကြောင်း၊ ခရိုင်တရားရုံးမှ ဥပေဒအကြံပြုချက် မရရှိသေးသဖြင့် အဆိုပါတရားခံများကို ကျန်ရှိနေသော ချုပ်ရက်နှစ်ရက် ထပ်မံရယူနိုင်ရန် မိတ္ထီလာ အကျဉ်းထောင်မှထုတ်၍ လုံခြုံရေး အကူအညီမပါဘဲ အမှုစစ်ရဲအရာရှိ ရဲအုပ်အောင်ဇော်ဦး တစ်ဦးတည်းက သာစည်မြို့နယ် တရားရုံးသို့ အသွားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တရားခံများ တင်ဆောင်လာသော သက်သေခံကားပေါ်တွင် အမှုစစ်အရာရှိ ရဲအုပ်အောင်ဇော်ဦးနှင့် ဇနီးစောနှင်းဝေ၊ ဇနီး၏ သူငယ်ချင်းဖြစ်သူ မမျိုးသီရိစံတို့ပါ လိုက်ပါလာခဲ့ရာ သာစည်မြို့ ကွမ်းခြံရိုးကျေးရွာ၊ ဝေယံစတား ဆီဆိုင်အနီးတွင် ကားနောက်ခန်းမှ ပါလာသည့် တရားခံနှစ်ဦးမှာ လက်ထိတ် ပြုတ်လျက်ရှိပြီး တစ်ဦးက ရဲအုပ်ကို နောက်မှသိုင်းဖက်ကာ ဝင်လုံးသလို တရားခံ နောက်တစ်ဦးကလည်း ယာဉ်မောင်းကို ဝင်ရောက် လုံးထွေးမှုများ ပြုလုပ်သောကြောင့် ကားမှာ ယိုင်ထိုးပြီး ထိုးရပ်သွားခဲ့စဉ် ယာဉ်မောင်းမှာ ဆင်းပြေးသွားခဲ့ကြောင်း သိရသည်။ ထိုစဉ် ကားနောက်သို့ ဆိုင်ကယ်တစ်စီး ထိုးရပ်ပြီး ကားအတွင်းဝင်ရောက်ကာ နောက်ခန်းမှ မမျိုးသီရိစံကို တွန်းချခဲ့ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“စိတ်ကြွဆေးပြား ခုနစ်သောင်းကျော် မိထားတဲ့ မူးယစ်တရားခံ အကြီးစား ဖြန့်ချိတဲ့သူတွေမို့ သာစည်မြို့နယ်မှာ မစွဲဘဲ မိတ္ထီလာခရိုင် တရားရုံးမှာပဲ စွဲဆိုရတာပါ။ ဥပဒေ အကြံပြုချက်နဲ့ အမှုတွဲကလည်း မရသေး၊ ချုပ်ရက်ရမန်ကလည်း ပြည့်နေတော့ ရမန်ထပ်ယူဖို့ တရားခံတွေ အထုတ်မှာ ဖြစ်သွားတယ်။ လုံခြုံရေးလည်း ယူမသွားသလို ရဲအုပ်ကိုယ်တိုင်လည်း သေနတ်ထုတ် ယူမသွားဘူးလို့ သိရတယ်။ အခု နောက်ဆုံးရတဲ့ သတင်းအရ ဟဲဟိုးနားမှာ ပိတ်ပြီးဖမ်းတော့ ရဲအုပ်ရဲ့အမျိုး သမီးကတော့ ကားနဲ့အတူ ကျန်ခဲ့တယ်။ တရားခံနှစ်ဦးရယ်၊ နောက်ထပ် လာကူတဲ့ သူတစ်ဦးရယ်နဲ့အတူ ရဲအရာရှိ ပါသွားတယ်။ အခု နောက်ဆုံး အခြေအနေကတော့ ဟဲဟိုးမှာ တစ်မြို့လုံးပိတ်ပြီး ရှာဖွေနေပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါတရားခံများ ထွက်ပြေးလာသော ယာဉ်သည် ညနေ ၄ နာရီခန့်တွင် အမြန်လမ်း သီးကုန်းတိုးဂိတ်ကို အတင်းမောင်းနှင် ထွက်ပြေးသွားကြောင်း၊ ၅ နာရီ ၁၀ မိနစ်တွင် အမြန်လမ်း စကားအင်း အဝိုင်း၌ ရဲတပ်ဖွဲ့က တားဆီးစဉ် တိုးဝင် မောင်းနှင် ထွက်ပြေးခဲ့ပြီး ပလိပ်ဘက်သို့ ဆက်လက် မောင်းနှင်သွားခဲ့ရာ သွားလာနိုင်သော လမ်းကြောင်းများကို အကြောင်းကြားပြီး စုံစမ်းခဲ့ရာ ည ၁၀ နာရီခွဲတွင် ကလောမြို့နယ်၊ ဟဲဟိုးမြို့ အရှေ့ပိုင်းရပ်၊ သံလမ်းကူး မြို့အဝင်၌ ပိတ်ဆို့ရှာဖွေရာ မသင်္ကာဖွယ် ယာဉ်တစ်စီး ရောက်ရှိလာပြီး စစ်ဆေးမခံဘဲ နောက်ဆုတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ အလယ်ပိုင်း (၃) ရပ်ကွက်တွင် ထွက်ပြေးနေသည့် YGN 1H/5588 ကရီနာ ခဲရောင်ယာဉ်ကို ရဲအုပ်၏ ဇနီး စောနှင်းဝေနှင့် အတူတွေ့ရပြီး ကျန်တရားခံများနှင့် ရဲအုပ်ကို မတွေ့ရသေးကြောင်း သိရသည်။
ရမန်ယူရန် တရားရုံးအထုတ် မူးယစ်တရားခံနှစ်ဦးက ရဲအရာရှိနှင့် မိသားစုဝင်များကို ဓားစာခံ ပြုလုပ်ကာ သက်သေခံကားနှင့်အတူ ထွက်ပြေးမှု သာစည်မြို့နယ်တွင် ဖြစ်ပွား