ဘေးထွက်ဆိုးကျိုးနှင့် ကောင်းကျိုး

ဘေးထွက်ဆိုးကျိုးနှင့် ကောင်းကျိုး
Published 20 November 2015
သန်းထိုက်

ပစ္စည်းတစ်ခုဝယ်ရန် စူပါမားကတ် တစ်ခုသို့ သွားခဲ့သည်။ သားဖြစ်သူက ကားမောင်းပို့သည်။ စာရေးသူ ဝယ်ချင်သည့် ပစ္စည်းတစ်ခု ဝယ်ပြီး ပြန်ရန် ဖြစ်သော်လည်း ပါလာသည့် ဇနီးနှင့် သားတို့က သူတို့ လိုချင်တာတွေကို ရွေးချယ် ဝယ်နေ၍ ချက်ချင်းမပြန်နိုင်တော့ဘဲ သူတို့နောက်ကို လိုက်နေရသည်။
ယခင် ကားမရှိခင် သားဖြစ်သူ ကား မမောင်းတတ်ခင်တုန်းက မိမိတစ်ဦးတည်း လိုင်းကားစီး၍ သွားလိုက်သည်။ ဝယ်ပြီး ချက်ချင်းပြန်လာလိုက်သည်။ သူတို့လို ဟိုငေးဒီငေး မလုပ်။ ကြည့်ပြီး၍ လိုချင်စရာတွေ့လျှင် ဝယ်မိမည် စိုးသည်။ ဝယ်ပြီး ချက်ချင်း ပြန်ထွက်လာသည့်အတွက် ဝင်ငွေ မထိခိုက်ခဲ့။ မိတ်မပျက်ခဲ့။ ဇနီးနှင့် သားပါလာ၍ သူတို့လိုချင်တာ ဝယ်သေး၊ ငွေလည်း သက်သာခဲ့သည်။ ယခင် စူပါမားကတ်မဖွင့်ခင် (မရှိခင်) ကဆိုလျှင် အနီးအနား စတိုးဆိုင်လောက်မှာ ဝယ်လိုက်သည်။ ယခုတော့ နီးစပ်ရာ စတိုးဆိုင်လောက်မှာ မဝယ်ချင်ကြတော့။ လိုချင်သည့်ပစ္စည်း တစ်နေရာတည်းမှာ ရနိုင်တာ မှန်သော်လည်း အချိန်နှင့်ငွေ ပိုကုန်လာတော့သည်။ ကိုယ်ပိုင်ကားရှိခြင်းနှင့် စူပါမားကတ်တွေ ရှိလာခြင်းက စာရေးသူအတွက် ဘေးထွက်ဆိုးကျိုး တစ်ခုဖြစ်သေည်ဟုပင် ပြောရမလို။ ဘေးထွက်ဆိုးကျိုး (Side Effect) ဆိုသည်မှာ လူ့လောက၊ လူမှုဘ၀ အကျိုးရှိ၊ အကျိုးပြုဖို့ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက် တစ်ခုခုမှာ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ အကျိုးယုတ် ထိခိုက်စေခြင်းဟု နားလည်ပါသည်။ ထိုဘေးထွက်ဆိုးကျိုးသည် မပြုလုပ်မီကတည်းက ကြိုတင်မျှော်မှန်း ထားပြီးသားလည်း ရှိသည်။ တစ်ခါတစ်ရံတွင် မမျှော်လင့်ဘဲ၊ မမျှော်မှန်းထားသော ဆိုးကျိုးလည်း ရှိတတ်ပါသည်။ လူတို့သွားလာ လွယ်ကူမြန်ဆန်ရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်၊ လေယာဉ်ပျံများ တီထွင် ထုတ်လုပ်သည့်အတွက် ကောင်းကျိုးများစွာ ရှိသော်လည်း လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ဆိုးကျိုးလည်း ရှိလာသည်။
စစ်တပ်ပစ္စည်းများ အသုံးပြုရာမှ ထွက် လာသော ကာဗွန်ဓာတ်ငွေ့သည် သဘာဝလေ ထုညစ်ညမ်းမှုကို ဖြစ်စေသည်။ လူတို့အ တွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက် စေသော ဘေးထွက်ဆိုးကျိုးကို ရစေသည်။ ကမ္ဘာ့လေထုထဲတွင် စက်ပစ္စည်း၊ စက်ရုံများ မှထွက်ရှိသော ကာဗွန်များကြောင့် အက်ဆစ် မိုးကဲ့သို့ ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်သည်။ မော်တော်ကား၊ ဆိုင်ကယ်၊ လေယာဉ်ပျံတို့၏ ဆူညံမှု၊ တုန်ခါမှုနှင့် တိုက်ခိုက်သေဆုံးမှုတို့ သည်လည်း လူတို့ကို ထိခိုက်စေသော ဘေး ထွက်ဆိုးကျိုးများ ဖြစ်ပေသည်။
စက်ပစ္စည်း ကိရိယာများအတွက် လိုအပ်သော လောင်စာစွမ်းအင်များကြောင့် ကမ္ဘာ့သယံဇာတ ပြုန်းတီးမှုကို ထိခိုက်စေပြန်သည်။ လူသားတို့ဘ၀ တိုးတက်မြင့်မားဖို့၊ သက်သောင့်သက်သာရှိဖို့၊ ပျော်ရွှင်ချမ်းမြေ့ဖို့၊ လွယ်ကူမြန်ဆန်စေဖို့ စသည့် ရည်ရွယ်ချက်မျိုးစုံအတွက် နေ့စဉ်နှင့်အမျှ တီထွင်ကြံဆ လုပ်ကိုင်နေကြရာမှ ဘေးထွက်ဆိုးကျိုးများသည် အနည်းနှင့်အများဆိုသလို တွဲလျက် ပါလာတတ်သည်။ ပူလောင်ခြင်းမှ ကာကွယ်ဖို့ အသုံးပြုသော ပန်ကာ၊ လေအေးပေးစက်တို့ကြောင့် တချို့လူများတွင် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောဖြတ်ခြင်းနှင့် ငွေကြေး ကုန်ကျမှု တိုးလာခြင်းသည် ဘေးထွက်ဆိုးကျိုး တစ်ခုပင် ဖြစ်သည်။
သီးနှံစိုက်ပျိုးရာတွင် အထွက်တိုးရန်၊ အရွယ်အစားကြီးရန်၊ အချိန်တိုအတွင်း ဖွံ့ဖြိုးကြီးထွားရန်အတွက် အပင်အားဆေး၊ သီးနှံအားဆေး၊ မြေဆီလွှာအားဆေးများကို ဓာတုနည်းပညာဖြင့် တီထွင်သုံးစွဲကြသည်။ ထိုသုံးစွဲသော ဓာတုဆေးဝါးများကြောင့် လတ်တလော အကျိုးကို ခံစားရသော်လည်း လူသားတို့ ရေရှည် ကျန်းမာရေးနှင့် သဘာဝမြေဆီလွှာ အားဆေးများကို ဓာတုနည်းပညာများဖြင့် တီထွင်သုံးစွဲကြသည်။ ထိုသုံးစွဲသော ဓာတုဆေးဝါးများကြောင့် လတ်တလောအကျိုးကို ခံစားရသော်လည်း လူသားတို့ ရေရှည် ကျန်းမာရေးနှင့် သဘာဝမြေဆီလွှာကို ထိခိုက်စေ သက်ရောက်စေသော ဆိုးကျိုးအနည်းအများ ဖြစ်စေသည်။ သီးနှံပင်များကို သဘာ၀ ပိုးမွှားရန်မှ ကာကွယ်တားဆီးရန် ပိုးသတ်ဆေးများ သုံးကြသည်။ သီးနှံဖျက်ပိုးရန်မှ ကာကွယ်တားဆီးနိုင်သော်လည်း ဓာတုဆေးဝါးများက လူတို့၏ ကျန်းမာရေးနှင့် သဘာ၀ ပတ်ဝန်းကျင်အတွက် ဆိုးကျိုးတစ်ခုဖြစ်စေ ပြန်သည်။
ကမ္ဘာ့နိုင်ငံ အသီးသီးသည် စနစ်မျိုးစုံ၊ ပုံစံမျိုးစုံ၊ ယုံကြည်ချက်မျိုးစုံဖြင့် ရှိနေကြသည်။ နိုင်ငံတစ်ခု၏ ကောင်းကျိုးသည် ထိုနိုင်ငံကို စီမံအုပ်ချုပ်သော လူ၊ မူနှင့် အရည်အသွေးပေါ် များစွာတည်မှီသည်။ ဆင်းရဲမွဲတေသော နိုင်ငံများ၊ ယုံကြည်ချက်နှင့် ဝါဒ ကွဲပြားမှုကြောင့် ပြည်တွင်းပြည်ပ စစ်ပွဲများ ဖြစ်နေသော နိုင်ငံများ၊ အရည်အချင်းနှင့် အဂတိတရားများကြောင့် ဆင်းရဲဒုက္ခ ရောက်နေသော နိုင်ငံများရှိ လူအများသည် ရေကြည်ရာ မြက်နုရာသို့ ထွက်ပြေးတိမ်းရှောင်ပြီး အခြားနိုင်ငံများသို့ ဒုက္ခသည်အဖြစ်၊ ရွှေ့ပြောင်းသူအဖြစ် ရောက်ရှိလာကြသည်။ ထိုရောက်ရှိလာသော လူအများကို လက်ခံရန်၊ ကျွေးမွေး စောင့်ရှောက်ရန်အတွက် အခြားနိုင်ငံတစ်ခုတွင် ဝန်ထုပ်ဝန်ပိုးအသွင် ရောက်ရှိလာသည်။ အမြင်မတူညီသော နိုင်ငံသားများအကြား မကျေနပ်မှုများ၊ နိုင်ငံရေး၊ လူမှုရေး၊ မတညငြိမ်မှုများကို ဖြစ်စေသည်။ ထိုအရေးအကြောင်းများသည် စစ်ပွဲများ၊ ကွဲပြားမှုများ၊ အငြင်းပွားမှုများ၊ ဆင်းရဲမှုများ၊ နိုင်ငံရေးစနစ်များ၏ ဘေးထွက်ဆိုးကျိုး တစ်ခုပင် ဖြစ်သည်။
မိသားစု တစ်စုတွင် တစ်ဦးတစ်ယောက်က တရွတ်တိုက် ဆွဲလိုက်နေမည်၊ ကန့်လန့်တိုက်နေမည်။ မိသားစုက ရှေ့ဆိုလျှင် သူက နောက်ပြန်ကန်မည်။ သူတစ်ယောက် မိသားစုထဲမှာ ရှိနေသမျှ ဆိုးကျိုးတွေသာ ဖြစ်စေဆိုလျှင် ထိုသူသည် မိသားစု၏ အပြင်ထွက်နေတာ အကောင်းဆုံးဖြစ်သည်။ ထိုလူမျိုး အပြင်ထွက်ထိုင်နေခြင်း၊ ဘေးထွက်ပေးခြင်းသည် မိသားစုအတွက် ကောင်းကျိုးဖြစ်ထွန်း စေမည်။ ထိုအခါ မိသားစုအတွက် ဘေးထွက် ကောင်းကျိုးတစ်ခု ဖြစ်လာလိမ့်မည်။
အဖွဲ့အစည်းများနှင့် နိုင်ငံရေးတွင်လည်း ရှိတတ်သည်။ အဖွဲ့အစည်းနှင့် နိုင်ငံအတွက် ကောင်းကျိုး ဖြစ်ထွန်းစေဖို့ထက် သူ ပြောချင်ရာပြော၊ လုပ်ချင်တာလုပ်၊ မိမိအလိုဆန္ဒနှင့် အတ္တကိုသာ ဦးစားပေးပြီး အဖွဲ့အစည်း၊ နိုင်ငံနှင့် လူ့လောကအကျိုးကို မေ့ထားသူ၊ ဂရုမစိုက်သူ၊ ဦးစားမပေးသူဖြစ်ခဲ့လျှင် သူ့ကြောင့် အဖွဲ့အစည်း၊ နိုင်ငံ၊ လူ့လောကဆိုးကျိုးများ ရလာနိုင်သည်။ ထိုသူမျိုးကို အဖွဲ့အစည်း၊ လူ့လောကအတွင်းမှ ထုတ်ပယ်ခြင်း၊ ဘေးဖယ်ထားခြင်းသည် ဆိုးကျိုးနည်းပြီး ကောင်းကျိုး များလာမည်ဆိုပါက ထိုသူသည် ဘေးထွက်နေခြင်းကြောင့် ကောင်းကျိုး ဖြစ်ထွန်းစေသူပင် ဖြစ်သည်။ ဘေးထွက်ကောင်းကျိုး ရစေသူဖြစ်သည်။
လူတစ်ယောက်သည် စိတ်ဓာတ်ကျစရာ လုပ်ရည်ကိုင်ရာပါ ကောင်းမွန်သူဖြစ်မည်။ ရိုးသားကြိုးစားသူ၊ ဖြောင့်မတ်မှန်ကန်သူ ဖြစ်မည်။ ထိုလူတစ်ယောက်သည် မိသားစုအတွက်၊ အဖွဲ့အစည်းအတွက်၊ နိုင်ငံအတွက်၊ လူ့လောကအတွက် ကောင်းကျိုး ဖြစ်ထွန်းစေနိုင်မည်။ တစ်ခါတစ်ရံတွင် ထိုလူတော်လူ ကောင်းတစ်ယောက် ဘေးထွက်နေရမည်။ ဘေးဖယ်ခံရမည်ဆိုလျှင် မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံတစ်ခု၊ လူ့လောကတစ်ခုအတွက် နစ်နာဆုံးရှုံးမည်၊ ထိုသူဘေးထွက်နေရခြင်းသည် ကြီးမားသော ဆိုးကျိုးတစ်ခု ဖြစ်စေသည်။ ထိုလူတော်လူကောင်းများကိုမူ မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံ၊ လူ့လောကမှ ဘေးထွက်နေရခြင်း၊ ဘေးထုတ်ထားခြင်း၊ ဘေးဖယ်ထားခြင်း မဖြစ်အောင် လုပ်ဆောင်သင့်လေသည်။
ဆိုးသွမ်း မိုက်မဲသော လူတစ်ယောက် တစ်နေ့တစ်ရက် အသက်ရှင်ခြင်း၊ အသက်ရှည်ခြင်းသည် လူ့လောကနှင့် ကမ္ဘာကြီးအတွက် ဘေးထွက်ဆိုးကျိုးများ ဖြစ်စေသည်။ လူတစ်ယောက် အသက်ရှင်၊ အသက်ရှည်ခြင်းသည် ကောင်းပါ၏။ အသက်ရှင်ဖို့ အစားအစာနှင့် လိုအပ်ချက်များ ပံ့ပိုးကူညီခြင်း သည်လည်း ကောင်းပါ၏။ သို့သော် လူဆိုးလူသွမ်းတစ်ယောက်၊ တစ်ဖွဲ့ကို ကူညီ ထောက်ပံ့ပေးခြင်းသည် လူ့လောက အေးချမ်းသာယာရေးကို ထိခိုက်ပျက်စီးစေသည်။ ဘေးထွက်ဆိုးကျိုး ဖြစ်စေသည်။ လူသားချင်းစာနာစိတ်နှင့် လွတ်ငြိမ်း ချမ်းသာခွင့်ရခြင်းသည် ကောင်းသော်လည်း လူဆိုးလူသွမ်းများ ရောပါလာသည့်အခါ လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုး ဖြစ်စေပြန်သည်။ ကောင်းကျိုးကိုလည်း ဖြစ် စေသည်။
လူတိုင်းသည် ကျန်းမာပြီး အသက်ရှင် အသက်ရှည်နေသမျှ ကာယကံ၊ ဝစီကံ၊ မနောကံ ဆိုသည့် ကံသုံးပါးကို လုပ်ကြသည်။ စိတ်ဖြင့် တွေးတော ကြံစည်ခြင်း၊ နှုတ်ဖြင့်ပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက် လုပ်ကိုင်ခြင်းတို့ကို လုပ်ကြသည်။ ကြံစည်ပြောဆို လုပ်ကိုင်နေသမျှ မကောင်းမှုဆိုးကျိုးသာ ဖြစ်စေမည်ဆိုလျှင် ထိုသို့သော အသက်ရှင်၊ အသက်ရှည် နေခြင်းသည် လောကအတွက် ဘေးထွက်ဆိုးကျိုး တစ်ခုပင် ဖြစ်သည်။ ဘေးထွက်နေမှ လောကကောင်းကျိုး ဖြစ်စေမည့် လူတစ်ယောက် မဖြစ်အောင် လူတိုင်း ကြိုးစားသင့်ပါသည်။

Most Read

Most Recent