ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့်် တရားစွဲခံထားရသည့် ဖြူးမြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မြတ်နုခိုင်အား ဒဂုံမြို့နယ်တရားရုံးတွင် ဆက်လက်ရုံးထုတ်

ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ခုဖြင့်် တရားစွဲခံထားရသည့် ဖြူးမြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မြတ်နုခိုင်အား ဒဂုံမြို့နယ်တရားရုံးတွင် ဆက်လက်ရုံးထုတ်
Published 19 November 2015
ဝေလင်းအောင်၊ နေမျိုးဝင်း

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှစတင်၍ ဒဂုံမြို့နယ်တရားရုံး၌ ပုဒ်မ-၅၀၅ (ခ)အပါအဝင် ပုဒ်မခုနစ်ခုဖြင့် တရားစွဲဆို ခံထားရသည့် ဖြူးမြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဒေါ်မြတ်နုခိုင်အား နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် တရားလိုပြသက်သေအဖြစ် ရပ်ကွက်ရာအိမ်မှူးတစ်ဦးနှင့် နယ်ထိန်းရဲအရာရှိတစ်ဦးတို့ကို စစ်ဆေးခဲ့သည်။“တရားလိုပြသက်သေရဲတွေက ပေါက်ကရထွက်တာကို နားထောင်ပြီးတော့ ခါးသီးစွာနဲ့ ပြန်လာခဲ့ရတယ်။ နောက်ဆုံးကြ ချမှာပဲလေနော် အုန်းလှတို့ရော နေမျိုးဇင်တို့ရော ချထားတာလေ။ အန်တီက သံရုံးရှေ့မှာ ဘာ သာပြန်ပေးခဲ့တာပဲ ရှိတယ်။ အန်တီပြောချင်တဲ့ စကားလေးတော့ ပြောခဲ့တယ်။ ဘာလဲဆိုတော့ “Don't touch our people”, “Don't touch our land”, “Don't kill our people” လို့ပဲပြောခဲ့တယ်။အန်တီ ဒါပဲပြောတာ ဆဲတာတစ်လုံးမှမပါဘူး”ဟု ဒေါက်တာမတ်နုခိုင်က တရားရင်ဆိုင်ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုအား ပြောကြားသည်။ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ဒေါက်တာဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြရာ၌ ပါဝင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့နယ် တရားရုံး တွင် ပုဒ်မ-၅၀၅ (ခ)၊ ပုဒ်မ-၁၈၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၁၄၉၊ ပုဒ်မ-၁၅၂၊ ပုဒ်မ-၂၉၄၊ ပုဒ်မ-၃၅၃ တို့ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။    ထိုသို့ တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ဒေါက်တာဒေါ်မြတ်နုခိုင်က ၎င်းတွင် အပြစ်မရှိကြောင်း၊ တရုတ်သံရုံးရှေ့၌ ဆန္ဒပြရာတွင် မပါဝင်ခဲ့ဘဲ တရုတ်သံရုံးအရာရှိများ နားလည်အောင် အင်္ဂလိပ်စကားဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်းနှင့် ၎င်း၏ရှေ့နေက ဒဂုံမြို့နယ် တရားသူကြီးထံသို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၇ (၁)အရ အာမခံ လျှောက်တင်ခဲ့သော်လည်း တရားရုံးက ၅၀၅ (ခ)နဲ့အရ အာမခံပေး၍ မရဟု ဆိုကာ ပယ်ချခဲ့ကြောင်း သိရသည်။ယင်းသို့ ဒဂုံမြို့နယ်တရားရုံးမှ အာမခံ လျှောက်ထားမှု ပယ်ချခံခဲ့ရသော်လည်း ဒေါက်တာမြတ်နုခိုင်အနေဖြင့် အနောက်ပိုင်းခရိုင်တရားသို့ အာမခံ ထပ်မံလျှောက်တင်ထားကြောင်း ၎င်း၏ ရှေ့နေဖြစ်သူထံမှ သိရသည်။ အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေ ၁၂ ဦးအား တင်ပြထားပြီး နိုဝင်ဘာ ၁၉ ရက်တွင် ဒဂုံတရားရုံး၌ တရားလိုပြသက်သေတစ်ဦးအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒေါက်တာမြတ်နုခိုင်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ တစ်သီးပုဂ္ဂလပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကော်မရှင်၏ ခွင့်ပြုချက်ရရှိကာ ဝင်ရောက်ယှဉ်ပြိုင် အရွေး ခံခွင့်ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်းက ဖြူးမြို့နယ်၌ မဲဆွယ်စည်းရုံးနေစဉ် ဖမ်းဆီးခံခဲ့ရပြီး တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။ 

Most Read

Most Recent