ရှမ်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ပေးရန် နိုင်ငံတော်သမ္မတထံ SSPP လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တောင်းဆို

ရှမ်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်ပေးရန် နိုင်ငံတော်သမ္မတထံ SSPP လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တောင်းဆို
Published 18 November 2015
အောင်ဇော်ထွန်း

အစိုးရတပ်မတော်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့အကြား ရှမ်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန် နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုကြောင်း SSPP/SSA  ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ 
 
ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှ စတင်ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲများ ရပ်တန့်နိုင်ရေး ညှိနှိုင်းရန်အတွက် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ခေါင်းဆောင်များသို့ အကြောင်းကြားခဲ့သော်လည်း UPWC အနေဖြင့် ကြားနေညှိနှိုင်းဆောင်ရွက်ပေးမှု အားနည်းသည်ဟု SSPP ၏ နိုဝင်ဘာ ၁၅ ရက် သတင်းထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။
 
ဗိုလ်မှူးကြီး စိုင်းလက “ကျွန်တော်ဆိုလိုချင်တာက အခုလည်း အစိုးရအလွှဲအပြောင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ လူထုတွေ ဝမ်းပန်းတသာဖြစ်နေတဲ့အချိန်မှာ ဒါမျိုးတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် တိုက်နေတာမျိုးတော့ သဘာဝသိပ်မကျဘူး။ ပြည်သူလူထုလည်း ပျော်ရွှင်ရမယ့်အစား အခုက ဒုက္ခတွေရောက်နေတယ်။ 
အဲဒီလို တိုက်တယ်ဆိုရင် ပြီးနိုင်မှာမဟုတ်ဘူးလေ။ ကျွန်တော်တို့ ဝမ်ဟိုင်းစခန်းကျသွားလည်း ပြီးနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ဒါမျိုးက ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်သွားသင့်တယ်လို့ မြင်ပါတယ်။ စစ်ဖြစ်တာက ပြည်သူလူထုတွေ ဒုက္ခရောက်တာကို ကျွန်တော်တို့ က မလိုလားပါဘူး။  
အဲဒီအသံတွေကိုလည်း ပြည်သူလူထုက နှစ်ပေါင်းကြာရှည်စွာ ခံစားခဲ့ရပြီးပြီ။ ကျွန်တော်တို့က ညှိညှိနှိုင်းနှိုင်းနဲ့ ပြည်သူတွေ ဒုက္ခမဖြစ်အောင် နှစ်ဖက်ညှိနှိုင်းသွားသင့်တယ်လို့ ကျွန်တော်တို့ မြင်တယ်”ဟု ပြောကြားသည်။
 
ဆက်လက်၍ ဗိုလ်မှူးကြီးစိုင်းလက “ကျွန်တော်တို့လည်း သမ္မတကြီး တာဝန်ရှိသေးတဲ့အချိန်မှာ ငြိမ်းချမ်းရေးကလည်း သူအရင် ကမ်းလှမ်းခဲ့တယ်။ ၂၀၁၁၊ ၈ လပိုင်း မှာလေ။ သူကမ်းလှမ်းခဲ့လို့ ကျွန်တော်တို့လည်း သူ့လက်ထက်မှာ ငြိမ်းချမ်းရေးယူခဲ့တယ်။ အဲဒါ နောက်ဆုံး ပြီးပြတ်မသွားသည့်တိုင် တိုက်ပွဲတွေတော့ မရှိစေချင်ဘူး။ ဖြစ်နိုင်ရင်တော့ ဖြစ်နေတဲ့တိုက်ပွဲတွေ ရပ်တန့်ပေးဖို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်”ဟု ပြောကြားသည်။
 
အစိုးရနှင့် SSPP တို့သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အတွင်း လက်ရှိတိုက်ပွဲများ ဖြစ်ပွားရသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ အစိုးရတပ်မတော်နှင့် SSPP တို့သည် အပြန်အလှန် ပြစ်တင်ပြောဆိုနေမှုများ ရှိနေသည်။
 
အဆိုပါတိုက်ပွဲများကြောင့် နှစ်ဖက်တပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည့်အပြင် ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။
 
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းရေး ဆောင်ရွက်ပေးရန် နှင့် စစ်ဘေးဒုက္ခသည်များအား ကူညီပေးရန် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီ များမှ ခေါင်းဆောင်များတွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ပါတီခေါင်းဆောင်များက နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုခဲ့ကြသည်။
 

Most Read

Most Recent