NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌက ဖုန်းဖြင့်ဆက်သွယ်၍ ဂုဏ်ပြုစကား ပြောကြား

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌက ဖုန်းဖြင့်ဆက်သွယ်၍ ဂုဏ်ပြုစကား ပြောကြား
Published 18 November 2015
ငြိမ်းကို

ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ် Mrs Frederica Mogherini သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ရွေးကောက်ပွဲတွင် အောင်မြင်မှုရခဲ့ခြင်းကို ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  
 
ဥရောပသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တွင် ဥရောပကော်မရှင် ဒုဥက္ကဋ္ဌ၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ အထူးကိုယ်စားလှယ် Mrs Frederica Mogherini သည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ရွေးကောက်ပွဲအောင်မြင်မှုကို ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်း၊ အထူးကိုယ်စားလှယ်သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရင်ကြားစေ့ရေးတို့အတွက် ပြောဆိုဆွေးနွေးခဲ့မှုများကို လက်ခံကြိုဆိုကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
 
ထို့ပြင် ယခုအချိန်သည် အမျိုးသားရင်ကြားစေ့ ဆွေးနွေးမှုများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် အရေးပါသောကာလဖြစ်ပါသဖြင့် ပါတီများ အားလုံးအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို လက်ခံရန် လိုအပ်ပါကြောင်း၊ Mrs Frederica Mogherini  နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် လာမည့်လများတွင်လည်း ဆက်လက် ဆက်သွယ်သွားကြမည်ဟု သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 
 
အထူးကိုယ်စားလှယ် Mrs Frederica Mogherini က ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံ၏ အကူးအပြောင်းကာလတွင် မိတ်ဆွေကောင်းအနေဖြင့် ကူညီထောက်ပံ့သွားရန် အသင့်ရှိနေကြောင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပြောဆိုရာတွင် အဓိကထား ပြောဆိုသွားခဲ့ပါကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
 
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၄၉၁ ဦး စုစုပေါင်း ၈၈၁ ဦး အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
 
အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သမိုင်းဝင်ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ ဒီမိုကရေစီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။  
အိုဘားမားသည် ဆယ်စုနှစ် တစ်ခုကျော်ကြာအောင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ထံသို့ ဖုန်းဆက်ပြီး ပါဝင်သင့်သူတိုင်း ပို၍ပါဝင်လာသော၊ ပို၍ငြိမ်းချမ်းသောနှင့် ပို၍ဒီမိုကရေစီနည်းလမ်းကျသော မြန်မာနိုင်ငံဖြစ်လာစေရန်အတွက် နှစ်ပေါင်းများစွာကြာအောင် မနေမနား အားထုတ်မှုများနှင့် ပေးဆပ်ခဲ့မှုများအတွက် ဒေါ်အောင်ဆန်းစုကြည်အား ချီးကျူးခဲ့သည်။
 
အိုဘားမားသည် သမ္မတဦးသိန်းစိန်ထံသို့လည်း ဖုန်းဆက်ကာ စစ်အုပ်ချုပ်ရေးအောက်တွင် အသက်ရှူကျပ်ခဲ့သည့် ဆယ်စုနှစ်များထဲမှနေ၍ ငြိမ်းချမ်းသော နည်းလမ်းတစ်ရပ်ပေးနိုင်မည်ဟု အများက မျှော်လင့်သော ရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ခဲ့မှုကို ချီးကျူးခဲ့သည်။
 
ပြင်သစ်နိုင်ငံသမ္မတ ဖရန်ဆွာအော်လွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  
 
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ  ပြင်သစ်သမ္မတ အော်လွန်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဖုန်းဖြင့်ဆက်သွယ်၍ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အပေါ် ဝမ်းမြောက်ပါကြောင်းနှင့်  ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီဖွံ့ဖြိုးလာစေရန် ခိုင်မာပြတ်သားသော ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍနှင့် စိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent