ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၇ ရက်တွင် လွှတ်တော်အသီးသီးရှိ ဥက္ကဋ္ဌရုံးခန်းများတွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာ ၁၇ ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးခန်း၌ တစ်နာရီနီးပါးခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်မှ ညနေ ၃ နာရီ အထိ တွေ့ဆုံခဲ့ကာ ထိုကဲ့သို့ အချိန် တစ်နာရီနီးပါးခန့် ကြာမြင့်သော်လည်း ဆွေးနွေးခဲ့သည့် ရလဒ်များအား နှစ်ဖက်စလုံးက ပြောကြားခဲ့ခြင်းမရှိဘဲ သာကြောင်း၊ မာကြောင်းသာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “သာကြောင်း၊ မာကြောင်း ဆွေးနွေးတာပါ။ ထူးထူးခြားခြား ဆွေးနွေးတာ မရှိပါဘူး။ လာမယ့် လွှတ်တော်အခင်းအကျင်းအတွက်လည်း ဆွေးနွေးတာ မရှိပါဘူး”ဟု ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ဆွေးနွေးသည့် အကြောင်းအရာများအား မေးမြန်းရာတွင် “မမေးပါနဲ့”ဟုသာ ပြန်လည်ဖြေကြားသည်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အများစု အနိုင်ရထားသည့်အတွက် အစိုးရဖွဲ့စည်းနိုင်သည်အထိ အနိုင်ရထားကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တို့နှင့် တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၁၀ ရက်နေ့စွဲဖြင့် စာပေးပို့တောင်းဆိုခဲ့သည်။
အဆိုပါ တောင်းဆိုမှုတွင် ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ထုတ်ခဲ့သော လူထုဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန်စွာ အကောင်အထည်ဖော်ခြင်းမှာ နိုင်ငံ၏ဂုဏ်သိက္ခာနှင့် ပြည်သူပြည်သားများ၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးအတွက် လွန်စွာအရေးကြီးကြောင်း၊ ထိုကိစ္စရပ်နှင့် ပတ်သက်၍ အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုကြောင်း၊ လာမည့် အပတ်အတွင်း အဆင်ပြေသည့်အချိန်တွင် လာရောက်တွေ့ဆုံနိုင်ရေး စီစဉ်ပေးရန် မေတ္တာရပ်ခံကြောင်း တစ်ဦးချင်းဆီသို့ ဒေါ်အောင်ဆန်းစုကြည်က စာပို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်မှာဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က အကြောင်းပြန်ကြား ထားပါသည်။
အလားတူ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း “လာမည့် အပတ်အတွင်း အဆင်ပြေမည့်အချိန်တွင် အမျိုးသားသင့်မြတ်ရေးကို အခြေခံပြီး အခြားအရေးကိစ္စများရှိပါကလည်း ဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်”ဟု အကြောင်းပြန်ခဲ့ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံနိုင်ရေးအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်သည်ဟု သတင်းထုတ်ပြန်ထားပါသည်။
လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေး















