NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ပိုမို ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်း ပြောကြား

NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ပိုမို ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာ ဆလိုင်းလျန်မှုန်း ပြောကြား
Published 15 November 2015

လက်ရှိ ငြိမ်းချမ်းရေး သဘောတူညီမှုများနှင့်ပတ်သက်ပြီး အစိုးရသစ် လက်ထက်တွင်  မည်သည့် အပြောင်းအလဲမှ  ဖြစ်စရာမရှိဘဲ NLD အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး(CNF) အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
လက်ရှိအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့အကြား NCA လက်မှတ် ရေးထိုးမှုကို အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ ကျင်းပခဲ့ပြီး NCA စာချုပ်ပါ အကောင်အထည် ဖော်ရမည့် လုပ်ငန်းများ ဖြစ်သော နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ကို သတ်မှတ်အချိန်အတွင်း ဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိသည်။
ဒေါက်တာဆလိုင်းလျန်မှုန်းက “ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အလုပ်က တရားဝင် အစိုးရတစ်ရပ်နဲ့ တရားဝင် လုပ်နေတာ ဖြစ်တယ်။ ဆိုတော့ တရားဝင် အစိုးရ နောက်ပိုင်းမှာ နောက်ထပ် တရားဝင် အစိုးရတက်လို့ ရှိရင်လည်း အဲဒီတရားဝင် အစိုးရနဲ့ တရားဝင် ဆက်ပြီးတော့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီတိုင်းပြည်မှာ ပြည်တွင်းငြိမ်းချမ်းရေးက အင်မတန်မှ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက် တက်လာတဲ့ အစိုးရတိုင်းက အလေးအနက် ထားပြီးတော့ ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။  NLD အစိုးရနဲ့ဆိုရင် ပိုပြီးတော့ ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ၁၉၉၀ သြဂုတ်လတုန်းက  NLD နဲ့ UNLD လို့ခေါ်တဲ့ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်ပေါ့နော် ကျွန်တော်တို့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အားလုံးစုပြီးတော့ ပေါင်းလိုက်တဲ့အဖွဲ့ ဖြစ်ပါ တယ်။ အဲဒါကျွန်တော်တို့ လက်မှတ် ရေးထိုးခဲ့ပြီးတော့ ထုတ်ပြန် ကြေညာချက် ထုတ်ခဲ့ပါတယ်။ အဲဒါကို ကျွန်တော်တို့က ဗိုလ်အောင်ကျော် ကြေညာချက်လို့ ခေါ်ပါတယ်။ အဲဒီ ဗိုလ်အောင်ကျော်လမ်း ကြေညာချက်ထဲမှာ NLD နဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ ဒီမိုကရေစီရေး တိုင်းရင်းသား လူမျိုးတွေရဲ့အရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးမှာ လက်တွဲပြီးတော့ ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ သဘောတူ ထားတာရှိပါတယ်။ ထို့အတွက်ကြောင့် အခုပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စမှာလည်း NLD က ဟိုတုန်းကတည်းက  ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း ဆောင်ရွက်မယ်လို့ ကျွန်တော်အဲဒီလိုပဲ မျှော်လင့်ပါတယ်”ဟု ဆိုသည်။
ဒီမိုကရေစီ စနစ်တွင် တရားဝင် အစိုးရ ဆောင်ရွက်သော လုပ်ငန်းကို အစိုးရသစ်အနေဖြင့် ဆက်လက် ဆောင်ရွက်ရန် လုံးဝတာဝန်ရှိကြောင်း၊ ထိုသို့တာဝန်ရှိသည့် အလျောက် NLD က ဆောင်ရွက်ပေးရန် ပြင်ဆင်နေသည်ဟု ကြားသည့်ရသည့်အတွက် ဝမ်းသာကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။
“ဒီနေ့ဟာ ကျွန်တော်တို့အနေနဲ့ အားလုံး ဝမ်းသာနေတဲ့ ကာလဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ဟာ ရှစ်လေးလုံး အရေးတော်ပုံကာလက ကျောင်းသားတွေ ဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရေးဟာ မကြာသင့်ဘဲနဲ့ ကြာနေတာပေါ့လေ။ ရှစ်လေးလုံး အရေးတော်ပုံအပြီး ၁၉၉၀ ခုမှာ NLD နဲ့တကွ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေနိုင်ခဲ့တယ်။ ဒါပေမဲ့ အာဏာ မလွှဲဘူး။ အခုထပ်နိုင်တယ်။ အာဏာလည်း လွှဲရတော့မယ်ဆိုတော့ ဒီနေ့ NLD အောင်ပွဲဟာ ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့အောင်ပွဲ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အောင်ပွဲ၊ တပ်မတော်သားတွေ အစိုးရတွေ အားလုံး ကျွန်တော်တို့အားလုံးရဲ့ အောင်ပွဲဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။
ဒေါက်တာဆလိုင်းလျန်မှုန်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရရှိရေးအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းရာတွင်ပါဝင် ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

Most Read

Most Recent